စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၂)



ကျုပ် လန့်နိုးသွားတယ်။ ကျုပ်တစ်ကိုယ်
လုံး ချွေးတွေရွှဲလို့ဗျ။ ကျုပ်အိပ်မက် မက်
နေတာကိုးဗျ။ အောင်မယ်လေး အိပ်မက်
ထဲမှာ ကျားနဲ့သတ်ပုတ်နေရတာကိုး။ကျုပ်
မျက်စိဖွင့်ကြည့်လိုက်တော့ ကိုဘပွားကြီး
ဗျ။ မီးလောင်းကုန်းက။ကျုပ်အိပ်နေတဲ့ကွပ်
ပျစ်ဘေးမှာ တောင့်တောင့်ကြီးရပ်လို့။

ကိုဘပွားက အရပ်ရှည်ရှည်ကြီးဗျ။
လူက ပိန်ပိန်၊ နှုတ်ခမ်းမွေးကလည်း
ကုတ်ကုတ်ကြီးနဲ့။ ကျုပ်နဲ့တော့ လူ
ခင်တွေပါ။ အသက်ကတော့ သုံး
ဆယ်လောက် ရှိပြီပေါ့ဗျ။ ကျုပ်
မျက်စိဖွင့်ကြည့်လိုက်ပြီး…

"ဟာ ကိုဘပွားကြီး လာ ထိုင်လေဗျာ"

"ငါ မင်းကို လိုက်ရှာတာ ကျောင်းဝင်း
တစ်ဝင်းလုံးကို နှံ့နေတာကွ၊ မင်းအိမ်
လည်း ရောက်ပြီးပြီ"

ကျုပ် သူ့ကို ကြည့်လိုက်တော့ ပုဆိုး
ဟောင်း အင်္ကျီဟောင်းနဲ့ဗျ။ခေါင်းပေါ်
မှာ ဝါးဖတ်ဦးထုပ်ဆောင်းလို့။ ဒီလူအလှူ
လာတာ မဟုတ်ဘူးထင်တယ်လို့ ကျုပ်
တွေးလိုက်မိတယ်။ ကျုပ်လည်း အိပ်နေ
ရာကနေ လူးလဲထလိုက်တယ်။ ကိုဘ
ပွားကလည်း ကျုပ်အိပ်နေတဲ့ ကွပ်ပျစ်
မှာ ဝင်ထိုင်သဗျ။

"ကိုဘပွား အလှူလာတာလား"

"ဟာ မဟုတ်ဘူးကွ၊ မင်းဆီကို
သက်သက်လာတာ၊ ကိစ္စရှိလို့ကွ
တာတေရ"

"ဟင် ဟုတ်လား"

ကျုပ်က အင်္ကျီအိတ်ကပ်ထဲမှာ
အလှူက ယူထားတဲ့ နဂါးဆေးပေါ့
လိပ်ကလေး နှစ်လိပ် ရှိတာကိုထုပ်
ပြီး ကိုဘပွားကို မီးခတ်နဲ့ ပေးလိုက်
တယ်။ကိုဘပွားကလည်း လှမ်းယူ
ပြီး မီးညှိတယ်။ သူ့ခမျာ မောလာ
တော့ ဆေးလိပ်ကို နှစ်ဖွာ သုံးဖွာ
ဆက်တိုက်ကို ဖွာတော့တာပဲဗျို့။
ကျုပ်ကတော့ စောစောကချထား
တဲ့ ဆေးလိပ်တိုကိုပဲ မီးပြန်ညှိ
လိုက်တယ်။

ကိုဘပွားရော ကျုပ်ရော နဂါးဆေးပေါ့
လိပ်ကလေးတွေဖွာရင်း အလှူအကြောင်း
ပြောကြ ဆိုကြတာပေါ့ဗျာ။ပြီးမှ ကျုပ်က…

"နို့ ကိုဘပွား ကျုပ်ကို လာရှာတဲ့ကိစ္စက"

ဒီတော့မှ ကိုဘပွားက ဆေးပေါ့လိပ်
ကလေးကို ချထားလိုက်ပြီး ပြောတာဗျ။

"ဒီလိုကွ တာတေရ၊ ငါတို့မီးလောင်ကုန်း
မှာ လူတစ်ယောက်ရောက်နေတယ်ကွ"

"ဗျာ ဘယ်ကလူတုံး"

"မသိဘူးကွ၊ မနှစ်က ဆုံးသွားတဲ့ ကိုမြို့
သာကို မေးပြီး ရောက်လာတာကွ၊ ကို
မြို့သာရဲ့မိတ်ဆွေလို့ ပြောတာပဲ၊ အဲ
ဒီလို ပြောပြီး မြို့သာတို့မိဘတွေအိမ်
မှာ တည်းနေတာကွ"

"ဟင် ကိုမြို့သာမိဘတွေကလည်း
မသိတဲ့လူကို လက်ခံရသလားဗျ"

"ဟိုလူက သူတို့သားရဲ့မိတ်ဆွေလို့
ပြောတာကို တာတေရဲ့"

"အသက် ဘယ်လောက်ရှိပြီတုံးဗျ"

"ကိုမြို့သာတို့အရွယ်ပဲကွ၊ လေးဆယ်
ကျော်လောက်ပဲ ရှိမယ်"

"အင်း ပြောပါဦးဗျ"

"အဲဒီမှာ တည်းခိုရင်း ရွာထဲက နေမကောင်း
တဲ့ လူရှိရင် ခေါ်ပေးပါ၊ ကြုံတုန်း ကျုပ်ဆေး
ကုပေးပါ့မယ်ဆိုလို့ တို့ရွာထဲက တချို့သွား
့ပြီး ဆေးကုကြတယ်။ ဒီလူက ဆေးတော့
လိုက်သားတဲ့ကွ၊ သူပေးတဲ့ ဆေးလေးက
နည်းနည်းလေးဆိုပဲ။ ဒါပေမဲ့ သောက်လိုက်
ရင် တန်းပျောက်တာဆိုပဲ တာတေရ"

"သြော် ဒီလူက ဆေးဆရာပေါ့ "

"အေး…အဲဒီလို ဆေးကုရင်း ကိုမြို့သာတို့
အိမ်မှာ နေတာ ဆယ်ရက်လောက် ရှိပြီ
တဲ့ကွ၊ ပြီးတော့ ဟိုအိမ် ဒီအိမ်က လာပင့်
ရင်လည်း ကြွပြီးကုသပေးဆိုပဲ။ အဲဒီလို
သွားရင်းနဲ့ တို့ရွာတောင်ပိုင်းက ဘလေး
အောင်ဆင့် သမီးလေးနဲ့ ဘာလိုလို သ
တင်း ထွက်လာရောဟေ့"

"ဗျာ …ဘယ်လိုဗျ ကိုဘပွားရဲ့"

"မင်း ဘလေးအောင်ဆင့်ကို သိတယ်
မို့လား"

"သိတယ်လေဗျာ၊ သူတို့မှာ သမီးရှိလို့
လားဗျ၊ သားတွေပဲ ရှိတာမို့လား"

"ဟာ တာတေကလည်း ရှိတယ်လေကွာ၊
တရုတ်မလို့ခေါ်တဲ့ ကလေးမလေးလေ"

"ဟင် ဘယ်အရွယ်တုံးဗျ"

"ဟ မင်းတို့အရွယ်ပေါ့ကွ၊ ဆယ့်ခုနှစ်
လောက် ရှိရောပေါ့ "

"သြော် ပြောပါဦး ကိုဘပွားရဲ့၊ အဲဒီ
ဆရာနဲ့ တရုတ်မနဲ့က ဘာဖြစ်တာတုံး"

"ရွာကလူတွေ ပြောတာတော့ ဆေးမိ
ထားတယ်လို့ပြောတယ်ကွ၊ ကောင်မ
လေးက ဒီဆရာကို မတွေ့ရရင် မနေ
နိုင်အောင် ဖြစ်နေတာဆိုပဲ၊ အခုတော့
ဒီဆရာကို ရွာကနေ ထွက်ခိုင်းလိုက်
ပြီ၊ ရိုင်းရိုင်းစိုင်းစိုင်း ပြောတာတော့
မဟုတ်ဘူးပေါ့ကွာ၊ ဥပါယ်တံမျဉ်နဲ့
လှည့်ပြောရတာပေါ့ ။ ဒီဆရာက
လည်း သဘောပေါက်ပုံရပါတယ်
ရွာကနေ ထွက်သွားတယ်"

"ဒါဆိုလည်း ပြီးရောပေါ့ဗျာ"

"ဟာ မပြီးဘူးကွ တာတေရ၊ မပြီးလို့
မင်းဆီကို ငါလာရတာပေါ့ကွ၊ အဲဒီ
ဆရာက သင်္ချိုင်းကုန်းထဲက ဇရပ်မှာ
သွားနေတာကွ၊ ကောင်မလေးကလေ
အိမ်မှာထိန်းမနိုင်အောင် ဖြစ်နေပြီ။
အခန်းထဲထည့်ပြီး ကြိုးနဲ့ကိုတုတ်
ထားရတာ တာတေရ"

"ဟာ ဒီလောက်ကို ဆိုးသွားတာလား"

"အေးကွ၊ ဒီတော့မှ ဒီဆရာဟာ ကဝေ
လား အောက်လမ်းလားဆိုပြီး ပွစိ ပွစိနဲ့
ပြောကြဆိုကြတော့တာပေါ့ကွာ၊နောက်
ဆုံးတော့ ဘာဆက်လုပ်ရမှန်း မသိတာ
နဲ့ တာတေ သွားခေါ်ဆိုပြီး ငါ့ကို လွှတ်
လိုက်တာဟေ့၊ ဒါကြောင့် မင်းကို ငါ
လိုက်ရှာနေတာကွ"

ကျုပ် ကိုဘပွားပြောတာကို နဂါးဆေး
ပေါ့လိပ်ကလေးဖွာရင်း စဉ်းစားနေတာဗျ
ကျုပ်လည်း ကဝေတွေ အောက်လမ်းတွေ
တွေ့ခဲ့ဖူးပါပြီ။ အရီးမယ်ခ ရှိတုန်းက က
ဝေတစ်ယောက် ရောက်လာပြီး ဒီအချိုး
မျိုးပဲဗျ ချိုးသွားတာ။ အရီးမယ်ခနဲ့ ပညာ
တွေ ပြိုင်ကြပါရောလား။

ခင်ဗျား မှတ်မိမှာပါ။ ကျုပ်ရေးခဲ့တဲ့
'စုန်းမ'ဝတ္ထုလေဗျာ။ အရီးမယ်ခအ
ကြောင်း ကျုပ်ရေးထားတာလေဗျာ
နောက်တစ်ခါ ကျုပ်ရည်းစားလှယဉ်
နဲ့ ကဝေတစ်ယောက်နဲ့ ပညာပြိုင်
ခဲ့တဲ့ အကြောင်းမှာလည်း'ကဝေပျို
ရဲ့ အချစ်'ဝတ္ထုမှာ ကျုပ်ရေးခဲ့ပြီး
ပြီလေဗျာ။ ခုဟာက အရီးမယ်ခ
လည်း မရှိတော့ဘူး။

အပိုင်း(၃)ဆက်ရန်..

မူရင်းရေးသားသူအား လေးစားစွာ  creditပေးပါသည်။

Comments