စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၃)



လှယဉ်လည်း မရှိတော့ဘူး။ ဒီတော့
မီးလောင်ကုန်းကို ရောက်လာပြီး
ဘလေးအောင်ဆင့်ရဲ့ သမီးလေး
ကို မဟုတ်မဟတ် ကြံစည်နေတဲ့
ဒီကဝေကို ကျုပ် ဘယ့်နှယ်လုပ်
ရှင်းရမှာတုံး။

နောက်ဆုံးတော့ ကျုပ်တွေးမိတယ်။
မနက်ဖြန်ညကျမှပဲ မဖဲဝါကိုပင့်ပြီး
အကျိုးအကြောင်းမေးမယ်လို့ပေါ့ဗျာ။

"ကဲ ကိုဘပွား၊ ဒီလိုလုပ်ဗျ၊ ကျုပ်
မနက်ဖြန်မှ မီးလောင်ကုန်းကို လာ
ခဲ့မယ်၊ အဲဒီရောက်မှပဲ အခြေအနေ
ကို ကြည့်လုပ်ကြတာပေါ့ဗျာ"

နဂါးဆေးပေါ့လိပ်ကလေးကို ဇိမ်ခံ
သောက်နေတဲ့ ကိုဘပွားက ကျုပ်ကို
ဆတ်ခနဲ လှမ်းကြည့်ပြီး…

"အေး ဟုတ်တယ် တာတေ၊ဒီအလုပ်
ကို ဒီနေ့ လက်စသိမ်းလုပ်ကိုင်ပေး
ရမယ့်ကိစ္စက ရှိသေးတာကို"

"ဟုတ်တယ်ဗျ၊ ကိုဘပွားရဲ့၊ဒါကြောင့်
ကျုပ် ချက်ချင်းထ,မလိုက်တာပါ"

"အေးပါ တာတေရာ၊ ငါနားလည်ပါ
တယ်ကွာ၊ မနက်ဖြန်လာမယ်ဆိုက
တည်းက ငါက ဝမ်းသာနေပါပြီကွ"

နောက်တော့ ကိုဘပွားရဲ့ကျုပ်နဲ့
စကားစမြည်ပြောကြတာပေါ့ဗျာ။
နေတော်တော်လေးချိုတော့မှ ကို
ဘပွား ပြန်သွားတယ်။ကျုပ်လည်း
ဘုန်းကြီးကျောင်းမှာ သိမ်းစရာ
လေးတွေကူပြုပြီး သိမ်းရဆည်းရ
တာပေါ့ဗျာ။ ကျုပ် အိမ်ပြန်ရောက်
တော့ကိုပဲ ဆယ်နာရီထိုးပြီဗျ။
ကျုပ် အိမ်ပြန်ရောက်တော့ အဘ
နဲ့ အမေတောင် အိပ်နေကြပြီ။
ကျုပ် လက်၊ခြေထောက်ကလေး
တွေ ဘာလေးဆေးပြီး အိပ်ရာ
ဝင်လိုက်တယ်။ ကျုပ်မီးလောင်
ကုန်းသင်္ချိုင်းထဲကို ရောက်နေ
တာဗျို့။ ကျုပ်က ဇရပ်ပေါ်က
ကဝေကို လိုက်ရှာနေတာ။
သင်္ချိုင်းကြီး တစ်ခုလုံး မှောင်
ပိန်းနေတာဗျ။ ကြယ်ရောင်လေး
ပဲရှိတာ။

"ဂီး၊ ဂီး၊ ဂီး၊ ဂီး"

ညငှက်တစ်ကောင် အသံဆိုးကြီးနဲ့
အော်လိုက်တဲ့အသံက သင်္ချိုင်းရဲ့
စနေထောင့်က ရုတ်တရက်ကြီး
ထွက်လာတာ။ ကျုပ်ဖြင့် ကျောထဲ
မှာ စိမ့်ကနဲ ဖြစ်ပြီး ကြက်သီးတွေ
ဖြန်းကနဲ ထသွားတာဗျို့။ ကဝေက
ဘာတွေလုပ်နေတယ် မသိဘူးဗျ။
လူခေါင်းခွံဖြူဖြူကြီးတစ်ခုပေါ်မှာ
ဖယောင်းတိုင်တစ်တိုင် ထွန်းထား
တယ်။ သူက အဲဒီရှေ့မှာ တင်
ပလ္လင်ခွေထိုင်ပြီး ပါးစပ်က ဂါထာ
လိုလို မန္တန်လိုလိုတွေ ရွတ်နေတာ
ဗျ။ ဟော လက်ထဲက ဘာမှုန့်တွေ
မှန်း မသိဘူးဗျ။ ဖယောင်းတိုင်မီး
ထဲကို ပစ်ထည့်လိုက်တယ်။

"ဝုန်း"

ဟာ မီးလုံးကြီး ထသွားတာဗျို့။ဇရပ်
ခေါင်မိုးကို သွားထိပြီးမှ ငြိမ်းသွားတာ။

ကျုပ်က မန်ကျည်းပင်ကြီးနောက်က
ကွယ်ပြီး ကြည့်နေတာလေဗျာ။ ဒီလူ
ကတော့ ကျုပ်ရောက်နေတာ။ ဘယ်
သိမှာတုံး။ သူ့ကိစ္စကိုပဲ သူမဲပြီးလုပ်
နေတာဗျို့။

"ဟဲ့ တာတေ၊ နင်ကဝေကောင်ကို
လာကြည့်နေတာလား"

ကျုပ်နောက်က ရုတ်တရက် ထွက်
လာတဲ့ အသံကြောင့် ကျုပ် နောက်
ကို ဆတ်ကနဲ လှည့်ကြည့်လိုက်တယ်။

"ဟင်"

ကျုပ်နဲ့ နှစ်ပေအကွာလောက်မှာ ရပ်
နေတဲ့ ကောင်မလေးတစ်ယောက်ဗျ။

"နင် ငါ့ကို မှတ်မိသားပဲ!

'မဖဲဝါရဲ့အိမ်'မှာတွေ့တဲ့ ကောင်မလေး
ဗျာ။ကျုပ်အရွယ်နဲ့ မတိမ်းမယိမ်းလေ။
ခင်ဗျား မှတ်မိတယ်မို့လား။ မဖဲဝါပေါ့ဗျာ။
ဘယ်သူရှိဦးမှာတုံး။

"မဖဲဝါ ဒီကဝေက မီးလောင်ကုန်းက
ကောင်မလေးတစ်ယောက်ကို ဒုက္ခ
ပေးနေတယ်ဗျ"

" ဟုတ်တယ် တာတေ၊ ငါသိတယ်၊
ဒီအကောင်က ဒီနယ်ကို ဝင်လာက
တည်းက ငါကြည့်နေတာ၊ အဲဒီကောင်
မလေးမှာ ဒီအကောင်ရဲ့ပညာ စူးနေပြီ"

"ကယ်ပါဦး မဖဲဝါရယ်၊ ကျုပ်တော့
ဘယ်လိုလုပ်ရမှန်းကို မသိတော့တာဗျ"

"တာတေ ဒီကောင်က သာမန်ကဝေ
မဟုတ်ဘူး။ ကောင်းကင်ကြိုး နင်းနိုင်
တဲ့ ကေဝဟဲ့"

"ဗျာ ကောင်းကင်ကြိုးဆိုတာ ဘာတုံးဗျ"

"တာတေ နင်ကလည်း ဆရာကြီးတွေ
တပည့်လုပ်ပြီး လေ့လာထားမှပေါ့။ က
ဝေတွေမှာ ဆင်ကဝေတို့၊ နဂါးကဝေတို့၊
နတ်ကဝေတို့ ရှိတယ်၊ ဒီကဝေတွေက
ကောင်းကင်ပေါ်ကို စက်တွေလွှတ်ပြီး
စက်ဆင်နေလို့ရတယ်။ တချို့ကကြိုး
ဆင်ပြီး နေလို့ရတယ်။ တချို့ကတော့
အဆင့်တော်တော်မြင့်တာ။စက်ရော
ကြိုးရော ဆင်နိုင်တဲ့ကောင်ဟဲ့ တာ
တေရဲ့။ ဘယ်သူမှ ဂရုစိုက်တဲ့ကောင်
မဟုတ်ဘူး၊ သူ့စက်နဲ့ ထိသွားရင်လည်း
တော်ရုံတန်ရုံ ဆရာ မခံနိုင်ဘူး"

"ဟာ ကြောက်စရာကြီးပါလားဗျာ။
ဒီတစ်ခါတော့ ဒုက္ခရောက်ပြီထင်တယ်
မဖဲဝါရယ်"

မဖဲဝါက ကျုပ်ကို မျက်စောင်းထိုးကြည့်
တယ်။ လေအေးတစ်ချက် ဝေ့သွားတဲ့
အချိန်မှာ ဖားလျားချထားတဲ့ သူ့ဆံပင်
လေးတွေ လေမှာလွင့်သွားတယ်။ ပြီး
တော့ သူ့ခေါင်းမှာ ပန်ထားတဲ့ ပန်းပွင့်
ဝါဝါလေးက ခေါင်းပေါ်ကနေ လွင့်ကျ
သွားတယ်။ မဖဲဝါက ကျသွားတဲ့ ပန်း
အဝါပွင့်လေးကို လက်နဲ့ ဖျတ်ကနဲ
ဖမ်းလိုက်တယ်

"ဟာ"

ပန်းအဝါပွင့်လေးက သူ့ခေါင်းမှာ
ပန်ပြီးသား ပြန်ဖြစ်နေရောဗျို့။

"သူက ဆင်ကဝေပဲဖြစ်ဖြစ်၊ နဂါးကဝေပဲ
ဖြစ်ဖြစ်၊ ငါက မယ်တော်လေးပါးရဲ့လျှို့
ဝှက်အစေအပါးဟဲ့၊ ပြီးတော့ မြောက်
ဘက်ရှင်မရဲ့ ပညာဗူးကို စောင့်ရတဲ့သူ၊
ကာမေသုမိစ္ဆာကံကို အကြိမ်ကြိမ် ကျူး
လွန်နေတဲ့ ဒီကဝေကို လက်စတုံးဖို့
မယ်တော်တွေရဲ့ အမိန့်ရပြီးသား
တာတေရဲ့၊ ပြီးတော့ ဒီအကောင်နဲ့
ယှဉ်ဖို့စက်၊ ကြိုး၊ ယန္တရားအတတ်
တွေ ငါ့မှာရှိတယ်၊ မြောက်ဘက်ရှင်
မရဲ့ ပညာဗူးကို စောင့်ရှောက်ဖို့ ရှင်မ
ကိုယ်တိုင် ငါ့ကို အပ်နှင်းထားတာ"

" ဟာ  အားရှိလိုက်တာ မဖဲဝါရယ်"

"နင် နားထောင်၊ မနက်ဖြန်ည ဒီ
အကောင် ကလေးမလေးကို ခေါ်ပြီး
ဒီနယ်ကနေ အပြီးသွားတော့မှာ"

"ဗျာ ဒါဆို ဘယ်လိုလုပ်ရမလဲ မဖဲဝါ"

"မနက်ဖြန်ည ဒီအကောင် ပြေးတဲ့
လမ်းမှာ နင်က ပိတ်ကာထား"

"ဟာ မဖဲဝါ ကျုပ်က ဘာပညာမှ
တတ်တာမှ မဟုတ်တာ၊ သူလုပ်
လိုက်ရင် ကျုပ် သေရုံရှိတော့မပေါ့"

အပိုင်း(၄)ဆက်ရန်...

မူရင်းရေးသားသူအား လေးစာစွာ credit ပေးပါသည်။

Comments