မဖဲဝါစီးတဲ့ကျား အပိုင်း(၄)



ငွေတွင်းကုန်းက လူကြီးတွေ လေးငါး
ယောက် ကျုပ်ကိုထိုင်ပြီး စောင့်နေကြ
တာဗျ။ ဒီထဲမှာ ကိုအောင်ဘကျော်ရဲ့
အဘလည်း ပါမယ်ဗျ။ ကျုပ်က သူ့
အဘကို မြင်ဖူးတာ မဟုတ်ဘူး။

"လာ တာတေ၊ ထိုင်ကွ၊ ဟောဒါ ငါ့
အဘ ဦးစိန်ဖြူ၊ ဟောဒါက ငါ့အမေ
ဒေါ်လုံးကြည်"

ကျုပ်က ပြုံးပြီး နှုတ်ဆက်ရတယ်

"ဟောဒီဘက် ဘိုးမောင်ဖြူ၊ ဒါက
ဘိုးထွန်းကြည်၊ ဒါက ဘိုးအောင်ရင်၊
ဒါက ဘိုးစိန္ခိုကြ"

ကျုပ်က အားလုံးကို ပြုံးပြီးနှုတ်ဆက်
ရတာပေါ့ဗျာ။

"တာတေ ရော့၊ မင်းက နဂါးပဲ
သောက်တာ"

ဆိုပြီး ကိုအောင်ဘကျော်က ကျုပ်ကို
နဂါးဆေးပေါ့လိပ် တစ်လိပ်နဲ့ ဓနုဖြူ
ဒေါ်ရီ မီးခတ် ကမ်းပေးတယ်။ ကျုပ်
လည်း မီးခတ် ခတ်လိုက်ပြီးဆေးလိပ် ဖွာလိုက်တယ်။နဂါးဆေးပေါ့လိပ်က
လေး ဖွာလိုက်ရမှာ အမောပြေသွား
တာဗျို့။

"အကျိုးအကြောင်းတွေတော့ မောင်
တာတေ သိပြီးရောပေါ့၊ ဘယ်လိုအ
ကြောင်းဆိုတာ မောင်တာတေ တွေး
လို့များ ရလားကွဲ့"

ကိုအောင်ဘကျော်ရဲ့အဘ ဦးစိန်ဖြူ
က ကျုပ်ကို မေးတယ်။

"ကျုပ်လည်း ဒီကိစ္စကို တစ်လမ်းလုံး
တွေးလာတာပဲဘိုးရဲ့၊ ကျုပ်ဆရာကြီး
နှစ်ယောက်နဲ့ လိုက်ခဲ့တုန်းကတော့
တစ်ခါမြင်ခဲ့ဖူးတယ်ဗျ"

"ဟေ ဘာများတုံး မောင်တာတေရဲ့"

"နာနာရုပ်အတတ်ဆိုတာ ရှိတယ်
ဘိုးရဲ့၊ ရုပ်ပြောင်းရုပ်လွဲ အတတ်ပေါ့ဗျာ၊
လူကနေ ကျားအသွင်ပြောင်းတာဗျ"

"ဟာ ဒါမျိုးရှိသလား မောင်တာတေရဲ့"

"ရှိတယ် ဘိုး၊ ကျုပ်ရှေ့မှာတင်
မြင်ခဲ့ရတာတွေပါ"

"သမန်းကျားဆိုတာမျိုးထင်တယ်"

ကာလသားတစ်ယောက်က ဝင်ပြော
တာဗ်

"အေး ဟုတ်နိုင်တယ်ကွ၊ မင်းပြောတာ"

ကျုပ်က ချက်ချင်းပြန်ပြောလိုက်တယ်

"ဒါဆိုရင် သင်္ချိုင်းဇရပ်ပေါ်က လူများ
ရုပ်ပြောင်း ရုပ်လွဲလုပ်ပြီး ရွာကို ခြောက်
လှန့်နေတာများလား ဘိုးရယ်"

နောက်ကာလသားတစ်ယောက်က
ဝင်ပြောတာဗျ။ ငွေတွင်းကုန်းသားတွေ
မဆိုးဘူးဗျာ။ တွေးတတ် ခေါ်တတ်သား
ပဲ။ ကျုပ်လည်း လာတဲ့လမ်းမှာ ဒါတွေ
တွေးလာခဲ့တာလေဗျာ။

"ဖြစ်နိုင်တာတွေတော့ ရှိတာပေါ့ ဘိုး
ရာ၊ ဒါပေမဲ့ အတွေးနဲ့ ဆုံးဖြတ်လို့တော့
မဖြစ်ဘူးဗျ။ သေချာအောင် ဒီည သွား
ကြည့်ရလိမ့်မယ်"

"ဗျာ သွားကြည့်မယ် ဟုတ်လား"

ကာလသားတွေ လန့်ပြီး အော်ကြတယ်ဗျ

"ဟုတ်တယ်၊ သွားကြည့်ရမှာ၊ ကိုအောင်
ဘကျော် ကျုပ်နဲ့ တစ်ယောက်လောက်
အဖော်လိုက်ခဲ့မလား"

"ဟာ တာတေကလည်း ငါလိုက်မှာပေါ့ကွ"

ကာလသားတွေကတော့ ငြိမ်နေတာဗျ။
ဘာမှကို မပြောကြဘူး။ ကျုပ်တို့ထမင်း
စားပြီးတော့ ည ၇ နာရီထိုးပြီ။ ၉နာရီထိုး
တာနဲ့ ကျုပ်နဲ့ ကိုအောင်ဘကျော် ရွာပြင်
ကို ထွက်လာခဲ့တယ်။ လကွယ်ရက် နီး
နေပြီဆိုတော့ လရောင်တော့ မရှိဘူးဗျ။

ကြယ်ရောင်ပဲရှိတယ်။ ကျုပ်တို့နှစ်
ယောက်သစ်ပင်တွေ ခြုံပုတ်တွေနောက်
မှ ပုန်းရင်းသင်္ချိုင်းကုန်းကို တဖြည်းဖြည်း
ကပ်လာခဲ့တယ်။ ကျုပ်က သင်္ချိုင်းအနေ
အထားကို အကဲခတ်ကြည့်လိုက်တယ်။
သင်္ချိုင်းဇရပ်ထဲက လူကတော့ ဆေးပေါ့
လိပ်ကလေးမီးတရဲရဲနဲ့ဗျ။ ကျုပ်တို့ဘက်
ကို ကျောခိုင်းထားတယ်။ ကျုပ်က ကို
အောင်ဘကျော်ကို လက်ကုတ်ပြီး မြရာ
ပင်တွေအရှည်ကြီးပေါက်နေတဲ့ဘက်က
အုတ်ဂူကြီး တစ်လုံးကို လက်ညှိုးထိုးပြီး
ပြလိုက်တယ်။ ကိုအောင်ဘကျော်နဲ့ ကျုပ်
နဲ့ အုတ်ဂူကြီးပေါ်ကို တက်ထိုင်လိုက်တယ်။ မြရာပင်တွေကြားမှာ ကျုပ်တို့နှစ်ယောက်
ပျောက်သွားတယ်။

သင်္ချိုင်းဇရပ်ဘက်ကနေ လှမ်းကြည့်ရင်
ကျုပ်တို့ကို ဘယ်သူကမှ မမြင်နိုင်ဘူးဗျ။

သန်းခေါင်ကြက်တွန်သံ ရွာဘက်က
ကြားလိုက်ရတယ်။

"ဝုန်း၊ ဝုန်း၊ ဝုန်း၊ ဝုန်း"

ဟာ ကျားဟိန်းသံကြီးဗျာ။ တကယ်ကို
ကြောက်စရာကြီးပါလား၊ ဒါကြောင့်လည်း
ငွေတွင်းကုန်းသားတွေ ကြောက်ကြတာ
ပေါ့လေ။ ရှင်းသွားပြီပေါ့ဗျာ။ ကျုပ်ထင်
ထားသလို မဟုတ်ဘူးဆိုတာလေ။ဇရပ်
ပေါ်ကလူ ရုပ်ပြောင်းရုပ်လွဲလုပ်ပြီး ကျား
အသွင် ဖန်တီးထားတာတော့ လုံးဝမ
ဟုတ်ဘူးဗျ။ ဟိုလူက ဇရပ်ပေါ်မှာပဲ
ဆေးလိပ်ထိုင်ဖွာနေတာဗျို့။

"ကိုအောင်ဘကျော်၊ ကျားက ဘယ်
ဘက်က စဟိန်းတာတုံးဗျ"

"အဲဒါ ရွာအရှေ့ဘက် ရွာဦးနတ်စင်က
ဟိန်းတာကွ၊ ညတိုင်း အဲဒီဘက်ကပဲ
စဟိန်းတာ"

"သြော် အဲဒါ နတ်စင်လား"

"အေး ဟုတ်တယ်၊ဘာဖြစ်လို့တုံး
တာတေရ"

ဟော ဟိုလူထလာပြီဗျို့။ကိုအောင်ဘ
ကျော် မေးတာကိုတောင် ကျုပ် ပြန်မ
ဖြေရသေးဘူးဗျ။ ကိုအောင်ဘကျော်
လည်း ကျုပ်ကို ဆက်မမေးတော့ဘဲ
ဇရပ်ပေါ်က လူကို မျက်တောင်မခတ်
ကြည့်နေတော့တာပေါ့ဗျာ။

"ဝုန်း၊ ဝုန်း၊ ဝုန်း၊ ဝုန်း"

ဟော ကျားဟိန်းသံကြီးက တဖြည်း
့ဖြည်းနဲ့ နီးလာပြီဗျ။

"တာ၊ တာ၊ တာတေ ဖြစ်၊ ဖြစ်ပါ့မလားကွ"

ကိုအောင်ဘကျော်က အသံတုန်တုန်ကြီးနဲ့
ကျုပ်ကို မေးတယ်။

"ဟာ ဖြစ်ပါတယ်၊ ကိုအောင်ဘကျော်ရဲ့၊
ကျုပ်လွယ်အိတ်မှာလည်း ဆေးဝါးအစုံ
ပါပါတယ်ဗျ၊ မကြောက်ပါနဲ့ "

ပြောသာ ပြောတာဗျ၊ ကျုပ်လည်း ကြက်
သီးတွေ ထနေတာပဲ။ ဟာ ကျားနက်ကြီး
ဗျို့။ နည်းတဲ့အကောင်ကြီးမှ မဟုတ်တာ
ဗျာ။ ကိုအောင်ဘကျော် ပြောတာ ဟုတ်
တာပေါ့ဗျာ။ ဆယ့်နှစ်တောင်ကို ရှာမှာဗျ။
ကြယ်ရောင်အောက်မှာ မြင်ရတာဗျို့။ခါး
ကြီး နွဲ့နွဲ့နဲ့နဲ့ လျှောက်လာတာဗျ။ မျက်
လုံးနှစ်လုံးဆိုတာ မှောင်ထဲမှာကို နီရဲပြီး
တောက်နေတာဗျို့။ ဟော ကျားက ဟို
လူဆီကို တန်းသွားတာဗျ။ အောင်မယ်
ဒီလူက ဆယ့်နှစ်တောင် ကျားကြီးကို
လက်နဲ့ သပ်နေတာဗျို့။

အပိုင်း(၅)ဆက်ရန်...

မူရင်းရေးသားသူအား လေးစားစွာ credit ပေးပါသည်။

Comments