ကဝေပျိုရဲ့အချစ် အပိုင်း(၅)
"လာဟေ့ ကျောက်ဒိုး၊ ရှင်ပြုပြီးမှ မင်းလည်းထွားလာလိုက်တာ၊ ငါ့အရပ်တောင် ကျော်သွားပြီထင်တယ်"
ကျောက်ဒိုးက ကျုပ်ထိုင်နေတဲ့ ကွပ်ပျစ်မှာပဲ ဝင်ထိုင်တယ်
"ကျုပ်က သူငယ်ချင်းဆီလာတာ မဟုတ်ဘူးဗျ။ ကိုကြီးတာတေဆီကို လာတာ"
"ဟေ ဟုတ်လား၊ ဒါဆိုရင် ပြောလေ"
"ကျုပ်အစ်မ လွှတ်လိုက်လို့လာတာဗျ။အစ်မလှယဉ်က ပြောတယ် မနက်ဖြန်ချိန်းထားတဲ့ ခင်တန်းကို မလာနဲ့တော့တဲ့။သူ့မှာ အရေးကြီးတဲ့ကိစ္စ ရှိလို့တဲ့၊ အဲဒါလာပြောတာဗျ"
ကျောက်ဒိုးကို ကြည့်ရတာ နည်းနည်းတော့ ရှက်ကိုး ရှက်ကန်းဖြစ်နေပုံပဲဗျ။
"သြော် အေးအေး မင်း ထမင်းစားပြီးမှပြန်လေကွာ"
"မစားတော့ဘူး ကိုကြီးတာတေ၊ အစ်မလှယဉ်က ပြောပြီးရင် ချက်ချင်းပြန်ခဲ့လို့မှာလိုက်တယ်ဗျ"
"ဒါထက် ကျောက်ဒိုး၊ ကြုံတုန်း မင်းကိုမေးရဦးမယ်၊ မင်းကကော မင်းအစ်မလှယဉ်နဲ့ ငါနဲ့ကို သဘောတူရဲ့လားကွ"
ကျုပ်က ကျောက်ဒိုးကို သွေးထိုးစမ်းပြီးမေးကြည့်တာပေါ့ဗျာ။ ကျောက်ဒိုးကမျက်နှာကို တစ်ဖက်လှည့်ပြီး ပြောတယ်ဗျ။
"ကျုပ်အစ်မလှယဉ် သိပ်ချောတယ်ဒါပေမဲ့ ခင်ဗျားမှ မယူရင် ကျုပ်အစ်မကိုယူတဲ့သူ ရှိမှာမှ မဟုတ်တာ၊ ကိုကြီးတာတေကို သဘောတူပါတယ်ဗျာ"
"ဟေ လှယဉ်ကို ဘာဖြစ်လို့ ယူမယ့်သူမရှိရမှာလဲကွ၊ မင်းအစ်မ ဒီလောက်ချောတာ"
"ကိုကြီးတာတေရာ၊ လူတွေက ကျုပ်တို့ကိုကဝေမျိုး၊ စုန်းမျိုးလို့ သတ်မှတ်ထားကြတာဗျ"
"သြော် ဒါကြောင့်လား"
"နေပါဦး ကိုကြီးတာတေရာ၊ ကျုပ်ကလည်းခင်ဗျားကို မေးရဦးမယ်၊ ခင်ဗျားကော ကျုပ်အစ်မကို တကယ်ယူရဲ့လို့လား၊ လူတွေကခင်ဗျားကိုပါ ကဝေမျိုး၊ စုန်းမျိုးလို့ ပြောကြမှာ။ ကျုပ်တို့ကို လူတွေကြည့်တဲ့ အကြည့်တွေဟာ ဘယ်လောက်အခံရခက်တယ်ဆိုတာ ခင်ဗျား မသိပါဘူးဗျ"
"ငါ သိပါတယ် ကျောက်ဒိုးရာ၊ ဒါတွေကိုငါမမှုပါဘူးကွာ၊ ငါ မင်းအစ်မလှယဉ်ကိုယူရဲပါတယ်၊ ဘယ်သူတွေ ဘာပဲပြောပြောငါ ဂရုမစိုက်ဘူးကွာ၊ ငါ လှယဉ်ကို ယူမှာ"
"ဒါဆိုလည်း ပြီးရောဗျာ၊ ကျုပ် ပြန်မယ်"
"နေဦး ကျောက်ဒိုး၊ ငါ ရွာထိပ်အထိ လိုက်ပို့မယ်"
ကျုပ်က ကျောက်ဒိုးကို ရွာထိပ်အထိလိုက်ပို့တယ်။ ဒါပေမဲ့ အိမ်ပေါ်ကနေမသိမသာ ကြည့်နေတဲ့ ကျုပ်အဘကိုကျုပ် သတိမထားမိဘူးဗျ။ နောက်နေ့မနက် ဝေလီဝေလင်းထပြီး ကျုပ်နဲ့ အဘနဲ့ ယာထဲသွားတယ်။ ယာထွန်ဖို့ပေါ့ဗျာ။ ကျုပ်နဲ့အဘနဲ့ ယာတွေ နေ့ဆက်ထွန်နေတာဗျ။
ဒီနေ့ ထွန်မယ့်အကွက်က ဆပ်သမြှောင်လို့ခေါ်တဲ့ အကွက်ပေါ့ဗျာ၊သိပ်မကျယ်ပါဘူး။ ဘုန်းကြီး ကျောင်းကဆွမ်းစားတဲ့ ကြေးမောင်းထုချိန်ဆိုရင် ပြီးသွားမှာပါ။ ဒါကြောင့် သားအဖနှစ်ယောက် နွားနှစ်ကောင်ဆွဲပြီး အစောကြီး ထလာကြတာ။ ယာထဲရောက်တော့အဘက မန်ကျည်းပင်ကြီးအောက်မှာထမင်းတောင်းလေးကလေးချပြီး ရေနွေးခရား ထုတ်တယ်။ ကျုပ်က နွားတွေကိုထွန်မှာတပ်တာပေါ့ဗျာ။ ဒီတုန်းမှာပဲ…
"ဟဲ့ တာတေ၊ ဟိုမှာကြည့်စမ်း ဟိုမှာ"
လို့ ပြောပြီး အဘက လက်ညှိုးထိုးပြတယ်အဘပြတဲ့ဘက်ကို ကြည့်လိုက်တော့ဘန့်ဘွေးကုန်းရွာဘက်ဗျ။
"ဟာ မီးလုံးကြီးပါလား"
ဘန့်ဘွေးကုန်းရွာအစွန်က တောတန်းကလေးပေါ်မှာ နိမ့်ချည်မြင့်ချည် ပျံနေတဲ့ မီးလုံးကြီးဗျဟော ကြည့်နေတုန်းမှာပဲ မီးလုံးကြီးက အောက်ကို ထိုးဆင်းသွားတယ်ဗျ။ ဟာ ပြန်ပြီးတက်လာပြန်ပြီ။ ဟော ထိုးဆင်းသွားပြန်ပြီဗျို့။ အဘကလည်း မန်ကျည်း ပင်အောက်ကနေ ရပ်ပြီးကြည့်နေတယ်ဗျ။
"စုန်းတွေ ကဝေတွေ တောက်စားနေတာဖြစ်မှာပေါ့ကွာ"
အဘက ဒါပဲပြောပြီး ရေနွေးကြမ်းထိုင်သောက်နေတယ်ဗျ။ ကျုပ်ကတော့ဘာမှမပြောဘဲ ယာစထွန်တယ်။ကျုပ်လှမ်းကြည့်လိုက်တော့ ဘန့်ဘွေးကုန်းကမီးလုံးကြီး မတွေ့တော့ဘူးဗျ။ အဲဒီနေ့ကမွန်းတည့်ချိန်လောက်မှ အဘနဲ့ ကျုပ်နဲ့အိမ်ပြန်ရောက်ကြတယ်
နေ့ခင်းကျတော့ ကျုပ်က ကွပ်ပျစ်မှာအိပ်နေတယ်။ တကယ်ဆိုရင် ဒီလိုနေ့မှာလှယဉ်နဲ့ ချိန်းတွေ့နေကြဗျာ။မနေ့ကကျောက်ဒိုး လာပြောထားတော့ ကျုပ်မသွားဘူးလေ။ အိမ်မှာပဲ အိပ်နေရတာပေါ့ဗျာ။
"ဟေ့ကောင် တာတေ၊ ငါက မင်းကိုတွေ့ပါ့မလားလို့ကွ"
ဝိုင်းပေါက်ဝက အသံကြားလို့ ကျုပ်ခေါင်းထောင်ကြည့်လိုက်တော့ …
"ဟာ ကိုကြီးစိန်မောင်ပါလား၊ လာလေကိုကြီး၊ ပုဗ္ဗာရုံကျောင်းကို သွားမလို့လေ"
"ဟာ ပုဗ္ဗာရုံကျောင်းကို သွားမှာ မဟုတ်ဘူးကွ၊ မင်းဆီကိုလာတာကွ တာတေရ"
ကိုကြီးစိန်မောင်က ပြောပြောဆိုဆိုနဲ့ ကျုပ်ကွပ်ပျစ်မှာ ဝင်ထိုင်လိုက်တယ်။ ကျုပ်ကနဂါးဆေးပေါ့လိပ်တစ်လိပ်ကလေးပေးပြီးမီးခတ်နဲ့ မီးညှိပေးလိုက်တယ်။ ကိုကြီးစိန်မောင်က ဆေးပေါ့လိပ်ကိုနှစ်ဖွာ သုံးဖွာဖွာပြီး အမောဖြေနေတယ်ဗျ။ ပြီးတော့မှ…
"တာတေ၊ ငါ ညက ဘန့်ဘွေးကုန်းမှာအိပ်တာ၊ ငါတို့အရီးလေး နေမကောင်းလို့ကွ"
"ကိုကြီးစိန်မောင်တို့ အဘွားလေးက ဘယ်သူတုံး"
"ဟာ တာတေကလည်း အရီးဝိုင်းစိန်လေ၊အဖေ့ညီမအရင်းပေါ့ကွ"
"သြော် ဟုတ်လား၊ အရီးဝိုင်းစိန်ကိုတော့သိသားပေါ့ဗျ ကိုကြီးစိန်မောင်တို့အဖေနဲ့မောင်နှမမှန်း သိကို မသိတာဗျ။ သြော်ဒါထက် မနက်က ဝေလီဝေလင်းထပြီး အဘနဲ့ ကျုပ်နဲ့ ယာထဲဆင်းတော့ ဘန့်ဘွေးကုန်းဘက်မှာ မီးလုံးကြီးတစ်လုံးပျံနေတာ တွေ့တယ်ဗျ ။ ကျုပ်က မြင်တာမဟုတ်ဘူး။ အဘ ပြလို့မြင်တာဗျ"
အပိုင်း (၆)ဆက်ရန်...
မူရင်းရေးသားသူအား လေးစားစွာ credit ပေးပါသည်။
Comments
Post a Comment