ကဝေပျိုရဲ့အချစ် အပိုင်း(၁)
°°°
ဒီအကြောင်းကို ဘယ်တော့မှ မပြောဘူးလို့ ဆုံးဖြတ်ထားတာပါ။အခုတော့ ကျုပ်ငယ်ငယ်က
အကြောင်းတွေကို ပြန်ပြောလက်စနဲ့ ပြောပြ လိုက်ပါတော့မယ်လေ။ကျုပ်မှာ ချစ်သူ ရှိခဲ့ဖူးတယ်ဗျ။အင်း…ခင်ဗျားတို့ကတော့ အံ့သြသွားမှာပေါ့။ဆရာမျိုးစုံနဲ့တွဲပြီး သင်္ချိုင်းကြို သင်္ချိုင်းကြား
လျှောက်သွားနေတဲ့ တာတေလိုကောင်ကချစ်သူရှိခဲ့ဖူးတယ်ဆိုတော့ အံ့သြမှာပေါ့ဗျာ။
ကျုပ်တို့ရွာကတော့ မဟုတ်ပါဘူး။ဟိုဘက်ရွာ ဘန့်ဘွေးကုန်းကပါ။သူ့နာမည်က လှယဉ်တဲ့ဗျ။
သူ့မိဘတွေနဲ့ ကျုပ်မိဘတွေက သူငယ်ချင်းတွေပေါ့ဗျာ။ လှယဉ်က လုံးကြီးပေါက်လှဗျ။လှယဉ်ဆိုတဲ့အတိုင်း တကယ်ယဉ်ပြီး တကယ်လှတဲ့သူပါဗျာ။ ဘန့်ဘွေးကုန်းမှာတော့ ကျုပ်ရည်းစားက ကွမ်းတောင် ကိုင်နံပါတ်တစ်ဗျ။ ဒီလိုဗျို့။ တစ်နွေမှာ လှယဉ်မောင်တွေ ရှင်ပြုကြတယ်။ အဘတို့ အမေတို့ကလည်း သူတို့သူငယ်ချင်းတွေ အလှူဆိုတော့ သွားရတာပေါ့ဗျာ။ ကျုပ်က အဘတို့ကို လှည်းမောင်းပြီး လိုက်ပို့ရတာလေ။ ဘန့်ဘွေးကုန်းမှာ ညအိပ်မှာဆိုတော့ ကျုပ်မှာနွားကြီးနှစ်ကောင်အတွက် ပြောင်းရိုးစဉ်းပြီးသားတွေကို ဂုန်နီအိတ်ကြီးနဲ့ထည့်လို့ပေါ့ဗျာ။
ဘန့်ဘွေးကုန်းရောက်တော့ အဘသူငယ်ချင်း ဘိုးအောင်စိန်က သူတို့အိမ်မှာ ညအိပ်ရမယ်ဆိုလို့ ကျုပ်တို့ အလှူအိမ်မှာပဲ အလှူအိမ်မှာပဲ ညအိပ်ရတာပေါ့ဗျာ။
အကျွေးအမွေးကတော့ ဘုန်းကြီးကျောင်းမှာဆိုတော့ ဟိုမှာပဲ ချက်ကြပြုတ်ကြတာလေ။ အိမ်မှာက လူရှင်းပါတယ်။ အဲဒီမှာကျုပ်နဲ့ လှယဉ် တွေ့ကြတာပေါ့ဗျာ။ ဖူးစာဆိုတာ ဒီလိုပဲ ထင်ပါတယ်လေ။ တွေ့တွေ့ချင်း လှယဉ်ကို ကျုပ် စွဲလန်းသွားတာဗျ။လှယဉ်လည်း ကျုပ်လိုပဲ ထင်ပါတယ်။
ကျုပ်နဲ့ လှယဉ် အဲဒီညက သူတို့ဝိုင်းထဲမှာထိုးထားတဲ့ ကနဖျင်းထဲမှာထိုင်ပြီး စကားပြောကြတာ တော်တော်ကို ညဉ့်နက်တယ်ဗျ။ စပြောတုန်းကတော့ ဘန့်ဘွေးကုန်းကတခြားအပျိုတွေ၊ ကာလသားတွေလည်း ပါတာပေါ့ဗျာ။ ဘန့်ဘွေးကုန်းက ကာလသားတွေကလည်း ကျုပ်ကို မသိတဲ့သူ ရှိတာမှမဟုတ်တာ။ အားလုံးဝိုင်းထိုင်ပြီး လက်ဖက်သုပ်တွေ ၊ ဂျင်းသုပ်တွေ စားကြ၊ ရေနွေးကြမ်း သောက်ကြ၊ ရယ်စရာတွေ ပြောကြဆိုကြနဲ့ တောဓလေ့ကလေးနဲ့ ပျော်နေကြတာပေါ့လေ။
ဒီမှာတင် ကျုပ်ရဲ့ မျက်လုံးအကြည့်တွေကလှယဉ်ရဲ့ မျက်နှာအလှပေါ်ကနေ မခွာနိုင်အောင် ဖြစ်ခဲ့ရတာပေါ့ဗျာ။ တခြားသူတွေအလစ်မှာ ကျုပ်က လှယဉ်မျက်နှာကလေးကို ခိုးကြည့်ရတာပေါ့။ လှယဉ်ကလည်းကျုပ်လိုပဲဗျ။ လူအလစ်မှာ ကျုပ်ကို မသိမသာ ခိုးကြည့်တယ်။ တိုတိုပြောကြပါစို့ဗျာ။
ဘိုးအောင်စိန်ရဲ့ အလှူအပြီးမှာ သူ့သမီးလှယဉ်နဲ့ ကျုပ်နဲ့ သမီးရည်းစားတွေ ဖြစ်ကြတာပေါ့ဗျာ။ လူသတင်း လူချင်းဆောင်ဆိုတဲ့အတိုင်းပေါ့ဗျာ။ လှယဉ်နဲ့ ကျုပ်နဲ့ကြိုက်နေကြတဲ့သတင်းကို လူချင်းဆောင်ကြရင်းနဲ့ ဘန့်ဘွေးကုန်းရော၊ ထနောင်းကုန်းရော သိကုန်ကြတာပေါ့။
ကျုပ်တို့ရွာဦးဘုရားလေးမှာ လှယဉ်နဲ့ ကျုပ်နဲ့တစ်ခါတလေ ချိန်းတွေ့ကြတယ်။ ထူးတော့ထူးသားဗျ ။ အဲဒီလိုတွေ့တဲ့ အခါတိုင်း လှယဉ်က ကျုပ်ကိုမေးတယ်။
"ကိုတာတေ လှယဉ်တို့အကြောင်းတွေ
ဘာသိတုံး" တဲ့။
"ဘာအကြောင်းတွေတုံး လှယဉ်ရဲ့၊ကျုပ်သိတာက လှယဉ်ဟာ အဘသူငယ်ချင်း ဘိုးအောင်စိန်ရဲ့သမီး၊ ဘန့်ဘွေးကုန်းရဲ့ ကွမ်းတောင်ကိုင် အချောအလှတစ်ယောက်၊တစ်ရွာလုံးက ကာလသားတွေ ဘယ်သူမှပိုးလို့မရဘဲ ကျုပ်ကျမှ ရည်းစားဖြစ်ခဲ့တာလေ၊ ကျုပ် စွံလို့ပေါ့ လှယဉ်ရဲ့၊ တခြားဘာများသိရဦးမှာတုံး"
ကျုပ်စကားကို ကြားတော့ လှယဉ်က ရယ်တယ်ဗျ။ သူ ဘာရယ်မှန်း ကျုပ်မသိဘူးဗျ။ ကျုပ် သိတာက တစ်ခုတည်းပဲ ရှိတာ။ ကျုပ် လှယဉ်ကို အရမ်းချစ်တယ်။လှယဉ်ကလည်း ကျုပ်ကို ချစ်တယ်လို့ယုံတယ်။ တစ်နေ့တော့ အဘခိုင်းလို့ငွေတွင်းကုန်းကိုသွားပြီး နှမ်းမျိုးတွေယူရတယ်။
နှမ်းအိတ်တွေ သယ်ရမှာဆိုတော့ လှည်းနဲ့သွားရတာပေါ့ဗျာ။ ကျုပ် နှမ်းအိတ်တွေယူပြီးပြန်လာတော့ ငွေတွင်းကုန်းရွာလယ်လမ်းမှာကိုကြီးစိန်မောင်နဲ့ တွေ့တယ်ဗျ။
"ဟာ တာတေပါလား၊ ငွေတွင်းကုန်းကိုဘာလုပ်လာတုံး"
ကိုကြီးစိန်မောင်ဆိုတာ ကျုပ်နဲ့ လွှတ်ခင်တဲ့လူဗျ။ ရိုးလည်းအားကြီးရိုးတာ။ ခုထိ အိမ်ထောင်မကျဘဲ လူပျိုကြီးဘဝနဲ့ နေတာ။အလုပ်လည်း လွှတ်လုပ်တဲ့လူဗျ။
"ဟ ကိုကြီးစိန်မောင်၊ အဘ လွှတ်လိုက်လို့လာတာဗျ ။ နှမ်းမျိုးတွေ လာသယ်တာ"
"သြော် ဘိုးကံလှကြီးဆီက ထင်တယ်"
"ဟုတ်တယ်ဗျ၊ ကိုကြီးစိန်မောင်ရဲ့"
"အေး ဟိုနေ့ကတင် ဘိုးကံလှ ပြောသေးတယ် ။ ထနောင်းကုန်းက ဘိုးတော်ကိုနှမ်းမျိုးပေးရမယ်ကွ စိန်မောင်ရတဲ့၊ ငါကဘယ်ဘိုးတော်တုံးဆိုတော့ ဘိုးတော်ထွန်းလှလေ၊ တာတေရဲ့အဖေလေကွာ"တဲ့။
"သြော် ဟုတ်တယ် ကိုကြီးစိန်မောင်ရေ ၊ အဘကဘိုးကံလှကြီးရဲ့ နှမ်းရင်မျိုးကိုသိပ်သဘောကျတာဗျ။ သူတို့ချင်း မြို့မှာတွေ့တော့ တစ်ခါတည်း ပိုက်ဆံပေးပြီး မှာလိုက်တာ။ အခုမှပဲ လာသယ်ဖြစ်တာဗျို့"
"နို့ တာတေ ဘယ်တော့ပြန်မှာတုံး"
"နှမ်းအိတ်တင်ပြီးရင် တအောင့်နေပြီး ပြန်မှာပေါ့ ကိုကြီးစိန်မောင်ရ"
"အေး ဒါဆို ငါ မင်းလှည်းကြုံနဲ့ လိုက်ခဲ့မယ်"
"ဟာ လိုက်လေဗျာ၊ ကိုကြီးစိန်မောင်ကလည်း ဒါ ပြောရမယ့်လူမှ မဟုတ်တာ"
"ငါ ထနောင်းကုန်းကို သွားမလို့ကွ"
"ဘယ်သူ့အိမ်တုံးဗျ၊ ကိုကြီးစိန်မောင်ရ"
"အိမ်မဟုတ်ဘူးကွ၊ ပုဗ္ဗာရုံဆရာတော်ဆီကိုသွားမှာကွ၊ ဆရာတော် ဆေးဖော်ဖို့ ပျားရည်စစ်စစ် သွားလှူမလို့ "
"သြော် လာလေ၊ နို့ ပျားရည်ပုလင်းကော"
အပိုင်း(၂) ဆက်ရန်...
မူရင်းရေးသားသူအား လေးစားစွာ credit ပေးပါသည်။
Comments
Post a Comment