တစ်ပွဲတိုး အောက်လမ်း ၊ အပိုင်း(၅)
"ပညာသည်က အုန်းမြင့်တို့မိသားစု သုံးယောက်နဲ့
ဆွေမျိုးထဲက လေးယောက် စုစုပေါင်း ခုနှစ်ယောက်
အသက်ဆုံးရှုံးအောင် စီရင်ထားတယ်…
အခု လူသုံးယောက် နွားသုံးကောင်နဲ့ ကြက်တစ်ကောင်
သေပြီဆိုတော့ အသက် ခုနှစ်သက် ။အလောင်း ခုနှစ်လောင်း
ပြည့်သွားပြီ။အောက်လမ်းပညာစက်လည်း
အဆုံးသတ်သွားပြီ။
ဒါကြောင့် နောက်ဆုံးလွှတ်လိုက်တဲ့ကြက်
မသေတာ ဖြစ်တယ်။ခုချိန်ကစပြီး
အုန်းမြင့်တို့ခြံထဲကို ဘယ်သူဝင်ဝင် ဝင်လို့ရပြီ
လုပ်စရာ ကိုင်စရာ ရှိတဲ့ကိစ္စတွေ ။
လုပ်လို့ရပြီ…"
ဆရာကြီးဦးကြာညွှန့် ခွင့်ပြုလိုက်ပေမဲ့ ခြံထဲကို
ဘယ်သူမှ မဝင်ရဲသေးဘူး။
ကြောက်ကြောက်လန့်လန့်နဲ့ ဝင်ရမှာ
တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေကြတယ်။
ဆရာကြီးက သူတို့ဖြစ်နေတဲ့အခြေအနေကို
ရိပ်မိတာကြောင့် ရှေ့ကပဲ ဦးဆောင်ဝင်လိုက်တယ်…
"ကဲ…လာကွ…လာကွ ။
ကျုပ်ပဲ ရှေ့ကဦးဆောင်သွားမယ်
ခင်ဗျားတို့ ကျုပ်နောက်က လိုက်ခဲ့ကြပါ…"
ပြောရင်းဆိုရင်း ခြံတံခါးကို တွန်းဖွင့်ပြီး
ဆရာကြီး ခြံထဲဝင်သွားတယ်။
ဒါတောင် လူတွေက နောက်ကနေ ထပ်ကြပ်မကွာ
ပါမလာဘူး…။
ခြံထဲရောက်လို့ ဆရာကြီး ဘာမှမဖြစ်တာမြင်မှ
မဝံ့မရဲ ဝင်လာကြတယ်။ပြီးတော့ အုန်းမြင့်တို့မိသားစုရဲ့
အလောင်းတွေကို ဦးစွာ သယ်တယ်။
အလောင်းတွေကို သန့်စင်ပေးပြီ
အိမ်ပေါ်မှာ ပြင်ဆင်တယ်။
ကျန်တဲ့သူတွေက နွားသေတွေကို နောက်ဖေးနွားတင်းကုပ်ထဲ
သယ်ပို့တယ်။ဟင်းလျာအဖြစ် ကိုင်တွယ်နေကြတယ်။
ဒီလို လူတွေအားလုံး ကိုယ်စီကိုယ်ငှ
အလုပ်တွေနဲ့ ယောက်ယက်ခတ် ရှုပ်ထွေးနေချိန်မှာ
ဆရာကြီးဦးကြာညွန့် ခြံအပြင်ကို ထွက်လာခဲ့တယ်။
ရွာလယ်လမ်းမအတိုင်း အရှေ့ဘက်ဆီ လျှောက်လာတယ်။
အိမ်တစ်အိမ်ရဲ့ ရှေ့ကို ရောက်တော့ ခြံထဲဝင်သွားတယ်။
သူ ဝင်လိုက်တဲ့ခြံက တစ်ပွဲထိုးအောက်လမ်းပညာသည်
ခင်ခင်ဦးရဲ့ ခြံပဲဖြစ်ပါတယ်။
XXXXXXXXX
"ဘယ်လိုလုပ်ပြီး ဒီပညာတွေကို
တက်လာတာလဲသမီး
ဆရာကြီးကို ရှင်းပြပါဦး…"
ဆရာကြီးလာမယ်ဆိုတာ ကြိုသိနေတာကြောင့်
ခင်ခင်ဦးက ဘုရားခန်းမှာ သင်ဖြူးဖျာခင်းထားတယ်။
ရေတကောင်း ကွမ်းအစ် ထွေးခံ စသည့်ဖြင့်
အသင့်ချထားတယ်။ဆရာကြီး ဆေးလိပ်
မသောက်တတ်တာကို သိတဲ့အတွက်
ဆေးလိပ်ခွက်တော့ တည်ခင်းမထားဘူး။
ဖျာပေါ်ထိုင်မိတာနဲ့ ဆရာကြီးက ခင်ခင်ဦးကို
တန်းပြီး မေးလိုက်တာ ဖြစ်တယ်။
"ဆရာကြီးကတော့ တစ်ရွာလုံးကို ဆေးကုသပြီး
စောင့်ရှောက်ပေးသူလည်း ဖြစ်တယ်
ကျမအနေနဲ့လည်း လေးစားရိုသေ သမှု ရှိပါတယ်
ဒါကြောင့် အဖြစ်မှန်အတိုင်း မချွင်းမချန် ပြောပြပါ့မယ်"
ဒီလို စကားခံပြီး ခင်ခင်ဦးက ဆိုးရွားလှတဲ့
သူ့ဘဝအကြောင်းတွေ…။
အုန်းမြင့်ရဲ့ အနိုင်ကျင့်မှုအောက်မှာ
ငရဲကျခံနေရသလို ဖြစ်ပျက်ခဲ့တဲ့ ခံစားမှုတွေနဲ့…။
တစ်ပွဲတိုးအောက်လမ်းပညာရပ်ကို သင်ယူဖြစ်ခဲ့တဲ့
အကြောင်းတွေကို ဆရာကြီးဆီမှာ မချွင်းမချန်
ဖွင့်ဟပြောကြားဝန်ခံခဲ့ပါတယ်။
လွန်ခဲ့တဲ့ သုံးနှစ်ခွဲခန့် ကာလမှာ ခင်ခင်ဦး
ရွာက ထွက်ခဲ့တယ်။
ဒီလို တစ်ယောက်တည်း ခြေဦးတည့်ရာ
ထွက်ခွါသွားဝံ့တဲ့ သတ္တိမျိုး ခင်ခင်ဦးမှာ မရှိပါဘူး။
ဒါပေမဲ့ ကိုယ်ရော စိတ်ပါ လူရုပ်မပေါ်အောင်
အမျိုးမျိုး ညှင်းပန်းနှိပ်စက်နေတဲ့ အုန်းမြင့်လက်က
လွတ်ဖို့လမ်းက ဒီလမ်းနဲ့ သေလမ်း…
နှစ်လမ်းပဲ ရှိတယ် ။ စောစောပိုင်းကတော့
ကိုယ့်ကိုယ်ကို အဆုံးစီရင်ပြီး သေပစ်လိုက်ဖို့
သူအကြိမ်ကြိမ် ကြံစည်ခဲ့သေးတယ်။
လူ မမယ်အရွယ် သမီးလေးရဲ့ မျက်နှာကြောင့်သာ
ဆွဲကြိုးချသေမယ့် အကြံကို အကြိမ်ကြိမ်
လက်လျော့ခဲ့တာဖြစ်တယ်။
ရုတ်တရက် မမျှော်လင့်ဘဲ
သမီးလေး ဆုံးပါးသွားချိန်မှာတော့
သူ့အတွေးတွေ တစ်မျိုးပြောင်းသွားတယ်။
လှေကားခြေရင်းမှာ သွေးအလိမ်းလိမ်းနဲ့
လဲကျနေတဲ့ သမီးလေးကို အပေါ်လှေကားထိပ်ကနေ
ငုံ့ကြည့်နေတဲ့ အုန်းမြင့်တို့ လင်မယားရဲ့
မျက်နှာကို သူ့မျက်လုံးထဲက မဖျောက်နိုင်ခဲ့ဘူး။
သမီးလေးကို သူတို့လင်မယား တွန်းချလိုက်တာလို့ပဲ
စိတ်ထဲ စွဲနေတယ်။နှလုံးသားထဲက နာကြည်းနေတယ်။
ကိုယ့်ကိုယ်ကို သတ်သေမယ့်အကြံကို
စွန့်လွှတ်လိုက်တယ်…
အဲဒီနေရာမှာပဲ ကလဲ့စားချေမယ်…
တစ်ဆွေလုံးတစ်မျိုးလုံးကို သတ်ပစ်မယ်…
အမှုန့်ချေပစ်မယ် ဆိုတဲ့ နာကြည်းစိတ်တွေ
ဝင်လာတယ် ။ အမျက်ဒေါသတွေက လောင်စာအပြည့်ရှိနေတဲ့
မီးတောက်ကြီးလို တိုးပြီး ကြီးထွားတောက်လောင်လာတယ်။
ဒီအကြောင်းကြောင့် သူ့ရွာက ထွက်ခဲ့တာ ဖြစ်တယ်။
အချိန်ကာလများစွာ ဒုက္ခဆင်းရဲအမျိုးမျိုး
အဖုံဖုံကို ခံစားရင်း သူ့ရဲ့ နာကြည်းစိတ်တွေက
ပိုပြီးခိုင်မာလာတယ်။တစ်နေ့တော့ တောင်ပေါ်ဒေသက
ရွာလေးတစ်ရွာကို သူ ရောက်သွားတယ်။
လူရုပ်ပျောက်အောင် ပိန်လှီခြောက်သွေ့နေတဲ့
အာဟာရပြတ်ပြီ မေ့လဲနေတဲ့ သူ့ကို တိုင်းရင်းသား
အဘိုးအဘွားလင်မယားက ကယ်တင်ပြီး
စောင့်ရှောက်ခဲ့တယ်။
သူကလည်း မိခင်ဖခင်အရင်းပမာ ပြုစုစောင့်ရှောက်တယ်…
ရက်တွေလတွေ ကြာမြင့်လာတာနဲ့အမျှ
သူတို့ရဲ့ သံယောဇဉ်တွေကလည်း
ရင့်သန်လာတယ်။ခိုင်မြဲ တွယ်တာလာတယ်။
အဘိုးအဘွားရဲ့ ဆင်းရဲဒုက္ခဟာ ခင်ခင်ဦးရဲ့
ဒုက္ခဆင်းရဲဖြစ်လာတယ်။
ခင်ခင်ဦးရဲ့ ကြေကွဲဝမ်းနည်းမှုတွေကလည်း
အဘိုးအဘွားနှစ်ယောက်ရဲ့ ကြေကွဲဝမ်းနည်းမှုတွေ
ဖြစ်လာတယ်။ဒီလို အနေအထားမှာ
ခင်ခင်ဦးပဲ ကံကောင်းတာလား။
အုန်းမြင့်တို့ပဲ ကံဆိုးချင်တာလား မသိဘူး။
အဘွားက ပညာသည်ဖြစ်နေတယ်။
အပိုင်း(၆)ဆက်ရန်..
မူရင်းရေးသားသူအား လေးစားစွာ creditပေးပါသည်။
Comments
Post a Comment