ကပ္ပလီကဝေမ အပိုင်း(၁)




ဒီလောကကို တာတေ ရောက်မှန်းမသိ ရောက်လာခဲ့တယ်။
ခင်ဗျားတို့ သိထားတဲ့အတိုင်း ကျုပ်က ထူးထူးဆန်းဆန်း ကိစ္စဆိုရင် လွှတ်သိချင်တာဗျ။ အဲဒီဝါသနာကြောင့်လည်း အသက် လုပြီး
ပြေးခဲ့ရတာ အကြိမ်ကြိမ်ပါပဲ။ ဒါပေမဲ့ တာတေဆိုတဲ့ကောင်က နောင်ကျဉ်သွားသလားဆိုတော့ဝေးပဗျာ။ ကျုပ်ရင်ထဲက မွေးရာပါ စူးစမ်းချင်တဲ့စိတ်က ပိုတောင် ဆိုးလာသေးတယ်။
ခင်ဗျား မှတ်မိသေးလား။ တာတေ့ကို နာနာဘာ
ဝမြင်နိုင်တဲ့'မျက်ကွင်းဆေး'ပေးခဲ့တဲ့ ဆရာကြီး
လေဗျာ။ ဆရာကြီး စိုင်းနွံဖလေ။ အဲဒီဆရာကြီး
ကြောင့် တာတေ ဒီလောကထဲကို ကျွံမှန်းမသိ
ကျွံဝင်ခဲ့တာဗျို့။ ကျုပ်က ဆရာနွံဖကို အားကြီး
လေးစားတာဗျ။ဆရာနွံဖ ကျုပ်တို့ ထနောင်းကုန်း
ကို တစ်ခေါက်ပြန်ရောက်လာတာကနေ ဒီဇာတ်
လမ်း စခဲ့တာပဲဗျာ

"ကိုကြီးတာတေကို ဆရာတော် ခေါ်ခိုင်းလို့၊
အခု လာခဲ့ပါတဲ့"

ပုဗ္ဗာရုံကျောင်းက ကျောင်းသားလေး တော
ကျော် ကျုပ်ကို လာခေါ်တယ်။

"ဘာကိစ္စတုံးကွ တောကျော်ရဲ့"

တောကျော်ဆိုတဲ့ ကောင်က ကျုပ်ကို
လွှတ်ခင်တာဗျ

"အဲဒါတော့ ကျုပ်မသိဘူးဗျ။ ကိုကြီးတာတေကို
အရေးကြီးတဲ့ ကိစ္စရှိလို့ အခုချက်ချင်း သွားခေါ်
ခဲ့လို့ပဲ ဆရာတော်က မိန့်လိုက်တာဗျ"

"အေး အေး ငါ အခုပဲ လိုက်ခဲ့ပါ့မယ် တော
ကျော်ရာ၊ လုံချည်ကလေးတော့ လဲဦးမှကွ"

ကျုပ်က ပြောပြောဆိုဆိုနဲ့ အိမ်ထဲဝင်ပြီး အမေ့
ကို ပြောတယ်။ ပြီးတော့ လုံချည်ကလေးလဲပြီး…

"ကဲ…လာ၊ သွားစို့ တောကျော်"

တောကျော်ကို ခေါ်ပြီး ရွာအရှေ့ပိုင်းက ပုဗ္ဗာရုံ
ကျောင်းဘက်ကို နှစ်ယောက်သား ခပ်သုတ်
သုတ် လျှောက်လာခဲ့တယ်။ ပုဗ္ဗာရုံကျောင်းကြီး
ကို ရောက်တော့ ဆရာတော် ဦးဂုဏရဲ့ တိုက်
ကျောင်းပေါ်ကို တက်ခဲ့တယ်။ အပေါ်ထပ်ကို
တက်တဲ့ ကျွန်းလှေကားကြီးနဲ့  လက်ရမ်းပွတ်
လုံးတိုင်ပေါ်က   ပန်းကနုတ်တွေကို ကြည့်ရင်း
ကျုပ်စိတ်ထဲမှာ ရှေးလက်ရာတွေ   တော်တော်
ကောင်းတာပဲလို့ တွေးမိတယ်ဗျ။

ဒီကျောင်းကြီးက  တကယ့်ကို လက်ရာမြောက်
တဲ့ ရှေးဟောင်းကျောင်းကြီးလေဗျာ။ အပေါ်ကို 
ရောက်တော့ ကျုပ်ကို စောင့်နေတဲ့ ပုဗ္ဗာရုံဆရာ
တော် ဦးဂုဏရယ်၊ ပြီးတော့ သူ့ဘေးမှာထိုင်ပြီး
ကျုပ်ကို ပြုံးကြည့်နေတဲ့ ဆရာနွံဖ။

"ဟာ ဆရာကြီးပါလား၊ ဘယ်တုန်းက ရောက်
တုံး"

ကျုပ်ဖြင့် ဝမ်းသာလိုက်တာဗျာ၊ တောကျော်က
တော့  သူ့ကိစ္စပြီးလို့   ဆရာတော်ကို  ဦးချပြီး 
အောက်ကိုဆင်းသွားတယ်။ 

"မောင်တာတေ ဆရာနွံဖကိုတွေ့တော့ စိတ်ထဲ
ဘယ်လိုနေတုံး"

"ဟာ ဝမ်းသာသွားတာပေါ့ဘုရား၊ အခုတလော
တပည့်တော်စိတ်ထဲမှာ  ဆရာကြီးကို  မကြာမ
ကြာ  သတိရနေတာဘုရား"

ဆရာနွံဖကလည်း ကျုပ်ကို ပြန်တွေ့ရတာ 
တော်တော်ဝမ်းသာနေပုံပဲဗျ။ ပြုံးပြုံးကြီးနဲ့
ခေါင်းတညိတ်ညိတ်နဲ့ လုပ်နေတာဗျို့။

" ဆရာ ထနောင်းကုန်းကို အလည်လာတာလား"

လို့ ကျုပ်က ဆရာနွံဖကို မေးလိုက်တော့ ဆရာ
နွံဖက ခေါင်းကို ခပ်ဖြည်းဖြည်း ခါပြလိုက်တယ်
ဗျ။ပြီးတော့မှ ပြုံးနေတဲ့မျက်နှာကို တည်လိုက်ပြီး

"ဆရာတော်ဘုရား မောင်တာတေကို အကျိုးအ
ကြောင်း မိန့်ပေးပါဦးဘုရား"

ဆရာတော် ဦးဂုဏက ကျုပ်ကို စေ့စေ့ကြည့်ရင်း 
ခေါင်းကို တဆတ်ဆတ်ညိတ်တယ်။

"ဒီလိုကွ တာတေရ၊ ဆရာနွံဖနဲ့ သူ့ဆရာကြီး ဦး
မင်းအောင်တို့မှာ တော်တော်ကို  အရေးကြီးတဲ့
ကိစ္စကြီးတစ်ခုကို  ဆောင်ရွက်ကြဖို့ ရှိတယ်ကွ၊
အဲဒါ မင်းရဲ့ အကူအညီ လိုနေကြလို့တဲ့"

"သြော် …ဒီလိုလား၊ ဟိုတစ်ခါလို သစ်စုန်းနှုတ်
ရမှာလားဘုရား"

ကျုပ်က ဆရာတော်ကို လျှောက်ရင်း ဆရာနွံဖ
ကို   တစ်ချက်ကြည့်လိုက်တယ်။  ဆရာနွံဖက 
ခေါင်းရမ်းပြတယ်။ ဆရာတော်က ဆက်ပြီး မိန့်
တယ်။ 

"တာတေ မင်းနားလည်အောင် ဘုန်းဘုန်း ပြော
မယ်၊ဒီလောကမှာ ဘယ်လောက်ခေတ်မီမီ ဘယ်
လောက်တိုးတက်  တိုးတက် အင်မတန်ရှေးကျ
တဲ့ ကဝေပညာကြီးကတော့ ရှင်သန်တုန်းပဲကွ"

"အလို ဟုတ်ရဲ့လားဘုရား"

"ဟုတ်တယ်ကွ တာတေရ၊ အင်မတန် အတ္တကြီး
တဲ့လူတွေက သူတို့ရဲ့ ဘဝတိုးတက်ဖို့၊ ကြိုးစား
ချမ်းသာဖို့ ရှေးဟောင်းပညာတွေ တတ်ထားတဲ့
ကဝေတွေကို တိတ်တိတ်ကလေး ကိုးကွယ်ကြ
တယ်၊ အားကိုးအားထား ပြုကြတယ်ကွ"

"ဒီပညာက ဘယ်တုန်းကတည်းကများ ရှိနေ
တာလဲဘုရား"

ကျုပ်မေးလိုက်တဲ့ စကားကို ဆရာနွံဖက ပျာပျာ
သလဲ ဝင်ဖြေတယ်ဗျ။

"အေးကွ တာတေရ၊ မင်းလည်း အတန်းပညာ
သင်ခဲ့ဖူးတာပဲမို့လား၊ အာဖရိကတိုက်က စခဲ့
တာကွ။ အဲဒီက လူရိုင်းကြီးတွေကနေ စခဲ့တာ
ကွ၊ နောက်တော့  တစ်ကမ္ဘာလုံးကို  ပြန့်သွား
တာပေါ့ကွာ။အခုတော့ ဒီပညာတွေဟာ ကမ္ဘာ
ပေါ်ကနေ ပျောက်သွားသလိုထင်ရပေမယ့် တ
ကယ်ကတော့ မပျောက်ဘူးကွ၊ ပုန်းလျှိုးကွယ်
လျိုးနဲ့ လျို့ဝှက်ပြီး ရှိနေဆဲပဲ တာတေရ၊ သိပ္ပံ
ပညာရပ်ကြီး ထွန်းကားလာတော့ ဒီပညာက
နောက်ကွယ်ကို ရောက်သွားတာပေါ့။ ဒါပေမဲ့
တိတ်တဆိတ် ရှင်သန်နေဆဲပါပဲကွာ"

"သြော် …ဒီလိုကိုး"

ကျုပ်ဖြင့် အံ့သြလိုက်တာဗျာ။ စုန်းပြုစားတယ်
တို့၊ ရွာသူကပ်တယ်လို့  ဆိုတာလောက်တော့ 
ကျုပ် ကြားဖူးတာပေါ့။  တစ်ကမ္ဘာလုံးမှာကို ဒီ
ကဝေပညာကြီး ရှင်သန်နေတယ်ဆိုတာတော့
အခုမှပဲ ကျုပ်ကြားဖူးတာဗျ။

"မှန်ပါ့ဘုရား တပည့်တော် ဘာများကူညီပေးရ
မှာလဲ ဘုရား"

အပိုင်း(၂)ဆက်ရန်..

မူရင်းရေးသားသူအား လေးစားစွာ creditပေးပါသည်။

Comments