ကံကြမ္မာရဟတ် တပတ်လည်သောအခါ"
"ကံကြမ္မာရဟတ်
တစ်ပတ်လည်သောအခါ"
★★★★★
ကြံတောရွာလေးသည် ဧရာဝတီတိုင်း
အတွင်းတွင် တည်ရှိပြီး ရွာသူ/ရွာသားများ
သည် လယ်ယာလုပ်ငန်း ခြံလုပ်ငန်းနှင့်
တံငါသည် လုပ်ငန်းများကို လုပ်ကိုင်ကြလေသည်။
ထိုရွာလေးတွင် ဦးမြမောင်ဟူသော ကြေးရတတ် လူချမ်းသာတစ်ဦးရှိသည်။
သူသည် အောက်လမ်းအရာ၌ အထူးကျွမ်းကျင်စွာ တတ်မြောက်ပြီး သူနှင့် အဆင်မပြေသူများကို စီးပွားပျက်အောင်
ကျမ်းမာရေးမကောင်းအောင် သေအောင်
အောက်လမ်းပညာဖြင့် တိုက်ခိုက်လေ့ ရှိသဖြင့် ရွာသူ/ရွာသားများက သူ့ကို ရွံကြောက် ကြောက်ကြလေသည်။ တတ်နိုင်သမျှ ဦးမြမောင်နှင့် မပတ်သတ်အောင် နေကြသည်။ သို့သော်လဲ
ဦးမြမောင်က ရွာထဲမှ ခြံမြေများ လယ်မြေများကို မတရားဈေးဖြင့် လိုက်၍ဝယ်ယူလေသည်။ မရောင်းသောသူများကို အောက်လမ်းပညာဖြင့်တိုက်ခိုက်ခြင်း
သူမွေးထားသော အစိမ်းသရဲများကို ခြောက်လှန့်ခိုင်းခြင်းများကို ပြုလုပ်လေသည်။ ထိုအခါ ပိုင်ရှင်များမှာ မနေရဲကြတော့ပဲ ဦးမြမောင်ဝယ်ယူသော ဈေးဖြင့်
ရောင်းချကြရလေတော့သည်။
ဦးမြမောင် ချမ်းသာလာသည်ကလဲ သမ္မာအာဇီဝဖြင့် ချမ်းသာလာခြင်းမဟုတ်ပဲ ထိုသို့ မတရားနည်းများဖြင့် ချမ်းသာလာခြင်း ဖြစ်လေသည်။ ထိုမျှမကသေး။
သူက အောက်လမ်းပညာဖြင့် တိုက်ထားသည်ကို အခြားတော်ရုံဆရာများက မကုသနိုင်၊ မကုသရဲကြပေ။ အကြောင်းမှာ သူတိုက်ထားသည်ကို ဝင်၍ ကုသပေးကြသော အထက်လမ်းဆရာပေါက်စများကို အောက်လမ်းပညာဖြင့် လက်စတုံး စီရင်တတ်သောကြောင့် ဖြစ်လေသည်။
ထို့ကြောင့် သူ့ဆီသို့သွား၍ အသနားခံကာ
ကုသခိုင်းကြရလေသည်။ အနီးပတ်ဝင်းကျင်တွင် ဦးမြမောင်ကို ယှဉ်နိုင်သော ဆရာ မရှိသောကြောင့် ဦးမြမောင်မှာ
ဆိုးချင်တိုင်း ဆိုး၍နေလေတော့သည်။
ထိုသို့ မတရားနည်းများဖြင့် ရွာလေး၏
လယ်မြေ ခြံမြေများကို သုံးပုံ တစ်ပုံခန့်မျှ ပိုင်ဆိုင်သည်အထိ ချမ်းသာလာသော်လဲ တင်းတိမ်ရောင့်ရဲခြင်း မရှိပေ။ ရွာထဲတွင် ဈေးဆိုင်ထောင်ပြီး အမြတ်ကြီးစား၍ရောင်း၏။ စပါးကြိတ်စက် ထောင်၏။ သူ၏ ဈေးဆိုင်တွင် ဈေးမဝယ်ကြသူများ စပါးကြိတ်စက်တွင် စပါးမကြိတ်ကြသူများကို အောက်လမ်းပညာဖြင့် တိုက်ပြန်လေသည်။ ထိုမျှမကသေး။ သူနှင့် ပြိုင်ဘက် ဈေးဆိုင်များကိုလဲ အောက်လမ်းပညာဖြင့် တိုက်ခြင်း သရဲတစ္ဆေများကို ခြောက်လှန့်ခိုင်းခြင်းများကို ပြုလုပ်လေသည်။
ဦးမြမောင်ကြောင့် စီးပွားပျက်သွားသူများ ကျမ်းမာရေးမကောင်းကြသောသူများအပြင် အချို့မှာ အသက်သေဆုံးသည်အထိ ရှိကြလေသည်။
ဦးမြမောင်တွင် ဇနီးဒေါ်ကြည်နှင့် သားတစ်ယောက် သမီးတစ်ယောက်ရှိပြီး
ဇနီးဒေါ်ကြည်မှာလဲ ဦးမြမောင်နှင့် အသွင်တူ စရိုက်တူပင် ဖြစ်လေသည်။
"ကိုမြမောင်ရေ ရွာတောင်ပိုင်းက ဖိုးထွေးတို့ လယ်ကွက်က အထွက်ကောင်းလှတယ်တော့ အဲ့ဒီလယ်ကွက်ကို ကျွန်မတို့ ပိုင်ရအောင် လုပ်ပေးဦး"
"အဲ့ဒီအတွက် မပူပါနဲ့မိန်းမရယ် ငါ့တာဝန်ထားပါ ဒါနဲ့ အမဲသားတွေကော ဝယ်ပီးပြီလား မနက်ဖြန်ကျရင် ဟိုအကောင်တွေကို
ကျွေးရတော့မှာ"
"ကျုပ် မှာထားပီးပါပြီတော် ညနေကျရင် လာပို့မယ်တဲ့"
ဦးမြမောင်မှာ မွေးထားသော သရဲတစ္ဆေများကို တစ်ပတ်လျှင် တစ်ခါ အမဲသားများကို ကျွေးမွေးရလေသည်။ တစ်ခါတစ်ရံ အမဲသား အဆင်မပြေ၍ မကျွေးသောနေ့များတွင် အသံများပေးခြင်း
အပုတ်နံ့များ ပေးခြင်း အိမ်နံရံကို လာ၍ပုတ်ခတ်ခြင်းများကို ပြုလုပ်ကြလေသည်။ ထိုသရဲတစ္ဆေများမှာ ဦးမြမောင်မှ
အောက်လမ်းပညာဖြင့် တိုက်သတ်ပြီး
ဝိဉာဉ်များကို ချုပ်၍ ခိုင်းစေနေခြင်း
ဖြစ်သောကြောင့် ဦးမြမောင်အား မလှန်နိုင်၍သာ ခိုင်းစေသမျှကို လုပ်ပေးနေကြရခြင်း ဖြစ်လေသည်။ အခွင့်အရေး
ရသည်နှင့် ဒုက္ခပေးရန် ကြံစည်နေကြလေသည်။
ထိုသို့ မတရားသောနည်းများဖြင့် သိမ်းယူလာခဲ့သည်မှာ အိမ်ရှေ့တွင် ဈေးဆိုင်
အိမ်နောက်တွင် စပါးကြိတ်စက်ဖြင့်
သူပိုင်ဆိုင်သော လယ်မြေ ခြံမြေများမှာလဲ လက်ညှိုးထိုး၍ မလွဲအောင်ပင် ရှိလာခဲ့လေသည်။
*******
ထိုသို့ဖြင့် ဆယ်စုနှစ် တစ်ခုကျော်လာသော အချိန်တွင် ဦးမြမောင်ထံသို့
ကြမ္မာရဟတ် တစ်ပတ်ပြန်လည်သော အချိန်သို့ ရောက်ရှိလာလေတော့သည်။
ဦးမြမောင်၏ လယ်ကွက်များမှ အရှုံးများပေါ်လာသည်။ မတရားနည်းဖြင့် ယူထားသော ခြံမြေများမှ အသီးအနှံများမှာ ပိုးမွှားများ ဖျက်ဆီးသောကြောင့် ပျက်စီး ကုန်လေသည်။ ထိုမျှ မကသေး။
ဇနီးသည် ဒေါ်ကြည်မှာ လေဖြတ်၍ အိပ်ယာထက်တွင် လဲနေပြန်၏။ ထိုအချိန်တွင်
သမီးမှာ သူများယောက်ျားနှင့် လိုက်ပြေးသွားပြန်လေသည်။ မွေးထားသော သရဲတစ္ဆေများကလဲ အာခံချင်လာကြပြန်သည်။
(သရဲတစ္ဆေများကို မွေးကြသော ဆရာများသည် မွေးထားသော သရဲတစ္ဆေများ အစွယ်ထွက်ခါနီးလာလျှင် နှင်ထုတ်ပစ်ကြရသည်။ အကယ်၍ မနှင်ထုတ်ပစ်ပါက အစွယ်ထွက်လာလျှင် မနိုင်တော့ပဲ သရဲတစ္ဆေများက ပြန်၍ ဒုက္ခပေးခြင်းကို
ခံကြရလေသည်။)
ဦးမြမောင်မှာ သီးနှံများ အရှုံးပေါ်ခြင်း
ဇနီးသည်ဒေါ်ကြည် လေဖြတ်၍ အိပ်ယာထဲ လဲနေခြင်း သမီးက သူများယောက်ျားနှင့် လိုက်ပြေးသွားခြင်း စသောအပူမီးများ
ဝိုင်းနေသဖြင့် မွေးထားသော သရဲတစ္ဆေများကို အစာလဲ မကျွေးနိုင် ဂရုလဲ မစိုက်နိုင်တော့ပေ။ ထိုအခါ သရဲတစ္ဆေများက
ပို၍ ဆိုးလာကြလေတော့သည်။ ညအချိန်ဆိုလျှင် ကြောက်မက်ဖွယ်ရာ အသံများပေးခြင်း အပုတ်နံ့များ ပေးခြင်းအပြင်
အိမ်ပေါ်သို့ပင် တက်၍ ထမင်းအိုး ဟင်းအိုးများကို လှန်၍ စားသောက်ကြသည်အထိ ဆိုးဝါးလာကြလေသည်။
ဦးမြမောင်တို့ မိသားစု၏ အကုသိုလ်ကံက
ထိုမျှနှင့် မရပ်သေး။ သားဖြစ်သူမှာ ဆန်စက်ပြင်ရင်း ဆန်စက်ထဲမှ သံစမှန်၍
မျက်လုံးတစ်လုံး ပျက်စီးသွားလေသည်။
ဦးမြမောင်၏ကိုယ်ပေါ်တွင်လဲ ယားနာများ
ပေါက်လာသည်။ ယား၍ ကုတ်ရင်း အနာကြီးများဖြစ်ကာ ပြည်တစ်စိုစိုနှင့်
ဖြစ်နေလေသည်။ထိုအချိန်တွင် ဦးမြမောင်မှာ နောင်တရမိသော်လဲ အလွန်နောက်ကျခဲ့လေပြီ။
တစ်ညတွင် ဦးမြမောင်နှင့် ဒေါ်ကြည်တို့
အိပ်ပျော်နေစဉ် ခြေထောက်ကို လာဆွဲနေသဖြင့် လန်နိုးသွားကြပြီး ကြည့်လိုက်ရာ
သူတို့၏ ဘေးပတ်လည်တွင် အစွယ်ဖွေးဖွေးနှင့် ဒေါသတစ်ကြီးကြည့်နေကြသော
သရဲကြီးများကို တွေ့လိုက်ရသဖြင့် ထိတ်လန့်သွားပြီး
"အောင်မယ်လေး ကိုမြမောင် လုပ်ပါဦး"
"ဟဲ့ကောင်တွေ ငါ နင့်တို့သခင်လေ အခု
ငါ့ဘေးက ထွက်သွားကြစမ်း"
သရဲကြီးများမှာ ဦးမြမောင်၏ စကားကို
အရေးမထားကြတော့ပဲ လက်ကြီးနှစ်ဖက်ကို ဆန့်၍ အနားသို့ ကပ်လာကြလေတော့သည်။
"ငါ နေမကောင်းလို့ မင်းတို့ကို အစာမကျွေးနိုင်တာပါ နေကောင်းရင် အစာလာကျွေးပါ့မယ် ငါ့ကို မသတ်ပါနဲ့ ကယ်ကြပါဦး အစ် အစ် အားးးး"
ထိတ်လန့်တစ်ကြားတောင်းပန်သော်လဲ
သရဲကြီးက ဦးမြမောင်၏ ရင်ဘတ်ပေါ်သို့
ခွထိုင်လိုက်ပြီး လည်ပင်းကို
လက်ကြီးနှစ်ဖက်ဖြင့် ညှစ်လိုက်လေသည်။
ဒေါ်ကြည်ကိုလဲ အခြားသရဲတစ္ဆေများက
ဝိုင်း၍ ဗိုက်ကိုဖောက်၍ အလုအယက် စားသောက်ကြလေတော့သည်။
"ကယျကွပါဦး အား အားးး"
သရဲကြီးက လည်ပင်းကိုညှစ်လိုက်သဖြင့်
ဦးမြမောင်မှာ အသက်ရှူကျပ်လာကာ မျက်လုံးများပြူးထွက်လာ၏။ ရှိသမျှအင်အားဖြင့်ရုန်းကန်သော်လဲ အရာမထင်။
မျက်လုံးများ ပြာဝေလာပြီး မှောင်အတိကျကာ လောကကြီးကို အပြီးအပိုင် နှုတ်ဆက်သွားရလေတော့သည်။
ဘေးအိမ်များမှ လူများမှာလဲ
ဦးမြမောင်တို့လင်မယား၏ အော်ဟစ်သံများကို ကြားကြရသော်လဲ မသွားရဲကြသဖြင့် မနက်လင်းသော အခါမှ လူစု၍ သွားကြည့်ကြသောအခါတွင် ရုပ်ပျက်ဆင်းပျက်ဖြင့် သေဆုံးနေကြသော ဦးမြမောင်တို့ လင်မယား၏ အလောင်းများကို တွေ့ကြရလေသဖြင့်
နေ့ချင်းပင် မြေမြှုတ်၍ သင်္ဂြုလ်လိုက်ကြရလေတော့သည်။ သူတို့လင်မယား၏ လားရာဂတိမှာလဲ ငရဲကြီးရှစ်ထပ်မှလွဲ၍
အခြားဖြစ်နိုင်ဖွယ် မရှိလေပြီ။
*******
မူရင်းရေးသားသူအား လေးစားစွာ credit ပေးပါသည်။

Comments
Post a Comment