ခေါ်၍ လိုက်လာရပါသည် (အပိုင်း ၂)

၂။

အရီးမဂျမ်းက သူ့သမီးကို အိမ်ပြန်ပြီး ဘုရားစင်ပေါ်က ပရိတ်ရေဘူး အယူခိုင်းလိုက်သည်။

ပရိတ်ရေကို မခင်စန်းရဲ့ ခေါင်းနဲ့ မျက်နှာပေါ် တောက်ဖျန်းပေးသလို၊ ပန်းကန်လုံးထဲထည့်ပြီးလည်း မခင်စန်း ပါးစပ်ကို တေ့ပြီး တိုက်၏။

" ဒါက ဆရာတော်ဦးဩဘာသရဲ့ ပရိတ်ရည်အေ့ ။ ငါ သိမ်းထားတာလေ ။ အရမ်းစွမ်းတယ် ။ သီလ သမာဓိရှိတဲ့ ရဟန်းသံဃာတော်တွေ ရွတ်ဖတ်ပူဇော်ထားတဲ့ ပရိတ်တော်ဟာ ဘာနဲ့မှ မတူဘူး ။ လောကီကိစ္စရပ်များမှာ အင်မတန် ထိထိရောက်ရောက် ကာကွယ်ပေးတာ။ အန္တရာယ်ကင်းတယ် သောက်လိုက် သောက်လိုက် ခင်စန်း "

မခင်စန်း ပရိတ်ရေကို သောက်၏။

မခင်စန်းလည်း အဲ့တော့ကျမှ မျက်လုံးတွေ ငြိမ်လာသည်။ လေသံ မှန်လာ၏။

မခင်စန်းက သူမ မြင်တွေ့ခဲ့ရသော ကြက်ခြံထဲက သရဲကြီးအကြောင်း ပြောပြ၏။မခင်စန်း ပြောပြသည့် ကြက်ကို လည်ပင်းလိမ်ချိုးပြီး ရင်ခွဲကာ အားရပါးရ စားနေသည့် သရဲ၏ ပုံပန်းသဏ္ဍာန်မှာ ကြားရသူအပေါင်း ရင်သိမ့်တုန်အောင် ကြောက်ရွံသွားကြလေ၏။ နားထောင်နေသူ မိန်းမအချို့ဆို ကြက်သီးမွေးညင်း ထကုန်ကြသည်။ ခြေဖျားလက်ဖျားများ အေးစက်သွားသည်အထိပင်။

" ကျမက နို့ညှာကောင် နေ့ခင်းက ပြောထားတဲ့ လင်းမြွေကြီး လာတယ်ပဲ အောက်မေ့တာပေါ့ ။ ကြက်ခြံထဲ ရောက်မှ အဲ့ဒါကြီးက ငုတ်တုတ်ကြီး ထိုင်နေတာကို ဘွားကနဲ တွေ့လိုက်တော့ ဘာလုပ်လို့ ဘာကိုင်ရမှန်းလည်း မသိတော့ဘူး ။ လူတစ်ကိုယ်လုံးက အားအင်တွေလည်း ကုန်ခမ်းသွားသလိုပဲ ။ ကြောက်လိုက်တာများဆို ၊ ဘယ်လို ပြောပြရမှန်းတောင်မသိဘူး ။ သတိဝင်တာနဲ့ ချက်ချင်း ထွက် ပြေးလာတာပါပဲ "

ဘဒွေးက ချင့်ချင့်ချိန်ချိန်နဲ့ ပြော၏။

" အေးကွာ ... ငါတို့ ဒီနားက အိမ်တန်းမှာ အရင်က ဒါမျိုး တစ်ခါမှ မကြားဖူးပါဘူး ။ နေလာတာလည်း ဆယ်နှစ် ဆယ့်ငါးနှစ် မကတော့ဘူး ။ ခင်စန်း ...ဘဒွေး မေးတာ မှန်မှန်ဖြေနော် ။ နင် ဘာအမှားများ ကျုးလွန်ထားသေးလဲ ။ နင်တို့ အနောက်က လက်ပံပင်ကြီးမှာများ အညစ်အကြေးတွေ ဘာတွေ သွန်မိသေးလား "

ဘဒွေးက အိမ်နောက်ဖေး ချောင်းစပ်က သက်တမ်းရင့် လက်ပံပင်ကြီးမှာ ရုက္ခစိုး ရှိသည်ဟု ယုံကြည်ထား၍ မေးမြန်းခြင်း ဖြစ်သည်။ 

" ဟင့်အင်း ဘဒွေး ။ ကျမ ဘာအညစ်အကြေးမှ မသွန်ပါဘူး ။ ကြက်ချေးတောင် ချောင်းထဲ မပစ်ဘူး ဘဒွေး "

ကွပ်ပျစ်ဒေါင့်မှာ အိမ်ထရံကို ကျောမှီ ထိုင်ကာ ဆေးပေါ့လိပ်ဖွာနေတဲ့ ဖိုးလုံးက ဘဒွေးစကားကြောင့် လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ 

ကိုဖိုးလုံးက ပြောသင့် မပြောသင့် တွေးဆနေရင်း ၊ နောက်ဆုံး မနေနိုင်တာနဲ့ ဖွင့်ပြောပြလိုက်သည်။

" ဘဒွေး ... ကျုပ်နဲ့ ထွန်းကျော် မနေ့ နေ့ခင်းက တောထဲ ထင်းခုတ်သွားကြတယ် ၊ ညနေ တောက အပြန်မှာ ထွန်းကျော်နဲ့ကျုပ် အရက်တွေ မူးပြီး စနောက်မိတာနဲ့များ ဆိုင်နေမလားလို့ ..."

" ဟေ ! မင်းတို့က ဘာကို စနောက်ခဲ့ကြတာလဲ "

" တလောက ... သစ်လုံးပိပြီး သေသွားတဲ့ ပွားကြီးကို စစနောက်နာက်နဲ့ ခေါ်ခဲ့မိတယ် ၊ ကျုပ်တို့က အချင်းချင်း စနောက်လိုက်တာပါ "

ဘဒွေး သတိရသွားသည်။ ပွားကြီးဆိုတာက လွန်ခဲ့သော တစ်လကျော်က သစ်လုံးက ခေါင်းပေါ်တည့်တည့် ပိကျကာ ရုပ်ပျက်ဆင်းပျက် သေသွားသော သစ်ခုတ်သမားတစ်ဦး ဖြစ်သည်။ ဖိုးလုံးတို့နဲ့ လုပ်ဖော်ကိုင်ဖက် ဖြစ်သလို ၊ သောက်ဖော်စားဖက်လည်း ဖြစ်လေ၏။ ခင်စန်း ပြောပြသည့် သရဲသည် ခေါင်းတစ်ခြမ်း ပိန့်ရှုံ့နေသည်ဆိုတော့ 
သရဲသည် အစိမ်းသေ သေထားသော ငပွားပင် ။

" ဟာ ! မိုက်လိုက်ကြတာ ဖိုးလုံးရာ ၊ ဘယ့်နှယ် အစိမ်းသေ သေထားတဲ့ လူကို မင်းတို့မို့ မကြောက်မရွံ ခေါ်ဝန့်တယ်ကွာ ၊ မကြောက်ကြဘူးလား "

" ကျုပ်တို့လည်း မူးနေကြတာဆိုတော့ ၊ တစ်ယောက်နဲ့ တစ်ယောက် မခံချင်အာင် စနောက်ရင်း ခေါ်မိလိုက်တယ် ။ ဒီလိုလည်း မဖြစ်ဘူးထင်တာပေါ့ "

ဘဒွေးက ဖိုးလုံး၏ ပေါ့တိပေါ့ဆ စကားကြောင့် ဒေါသထွက်သွားသည်။

" ကောင်းကွာ ၊ မင်းတို့ကတော့ စကြ နောက်ကြတာပေါ့ ။ အေး ... အခု မင်းယောက်ဖသရဲက အိမ်အထိ ပါလာပြီလေ ။ မင်း အခေါ်ကောင်းတာက အရေးမဟုတ်ဘူး ဖိုးလုံး ၊ မင်းသားတွေက ငယ်ကြသေးတယ် ။ သရဲက ကလေးတွေကို ဒုက္ခပေးမှာ မင်း မစိုးရိမ်ဘူးလား ၊ ဒီတစ်ညပဲဆို တော်သေးရဲ့ ။ နောက်ညတွေပါ မင်းမိသားစုကို ခြောက်လှန့်နေရင် ၊ မင်း မွေးထားတဲ့ ကြက်တွေကို ညတိုင်း လာစားသောက်နေရင် မင်း ဘယ်လိုလုပ်မလဲ ဖိုးလုံးရဲ့ ။ မိုက်လိုက်တဲ့ ကောင်ကွာ "

ထိုအခါမှ ဖိုးလုံးလည်း ကြောက်ရမှန်း သိသွားပုံရသည်။ စိုးရိမ်တကြီးနဲ့ 

" အဲ့ အဲ့ဒါဆို ၊ ကျုပ် ဘာဆက်လုပ်ရမလဲ ဘဒွေး ။ ခေါ်တာက ကျုပ်တစ်ယောက်တည်း မဟုတ်ဘူး ။ ဟိုကောင် ထွန်းကျော်လည်းပါတယ် ။ သူ့အိမ်ကျ မသွားပဲ ၊ သရဲက ကျုပ်အိမ်မှ ရွေးပြီး လိုက်ရသလား ။ ကျုပ်ကို ကယ်ပါဦး ဘဒွေးရာ "

" အေးပေါ့ ...သရဲ အခြောက်ခံရတာ မင်းပဲ သိသေးတာကိုး ။ ဟိုကောင် ထွန်းကျော် အိမ်မှာလည်း သရဲက ဘယ်လောက် သောင်းကျန်းနေမလဲဆိုတာ ၊ မနက်မိုးလင်းတော့ မင်း သိရမှာပါ ၊ ကဲ ကဲ ဒီညတော့ ပရိတ်ရေလေး ခြံစည်းရိုး ဖျန်းပြီး အိပ်ပေါ့ ။ မနက်ကျမှ ဘာလုပ်ရမလဲဆိုတာ တိုင်ပင်ကြတာပေါ့ "

 ဖိုးလုံးကို အားလုံးက အပြစ်တင်ကြသည်။ ဖိုးလုံးမှာလည်း သူ့အပြစ်နဲ့သူဆိုတော့ ဘာမှ ပြန်မပြောရဲရှာ။ အားလုံး ပြန်သွားတော့ မခင်စန်းက ကိုဖိုးလုံးကို ဒါသ အမျက်ချောင်းချောင်းထွက်ကာ ကျောကုန်းကို တဘုန်းဘုန်း ထုလေ၏။

           ______

Comments

Popular posts from this blog

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၃)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၅)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၆)