နတ်နဂါးအင်း အပိုင်း(၆)



"မောင်တာတေ ဟောဒီအင်းက အလျားတစ်မိုင်ကျော်တယ်အနံက တစ်မိုင်မပြည့်တတ်ဘူးကွယ့်။ညကို လမွန်းတည့်တာနဲ့ကျုပ်က ရေထဲကို ဖောင်နဲ့ထွက်မယ်။ဖောင်ပေါ်မှာမန္တန်တွေ မပြတ်ရွတ်ရမယ်။ဟောဒီစင်ကို မောင်တာတေကစောင့်ရှောက်ပြီး ကမ်းပေါ်မှာ နေခဲ့ရလိမ့်မယ်"

"ဟုတ်ကဲ့ပါ ဆရာကြီး"

"ဘယ်နှယ့်တုံး မောင်တာတေ နေဝံ့ပါမလား"

"ဟာ နေဝံ့ပါတယ် ဆရာကြီး"

"အင်း…မောင်တာတေကတော့ အာဂလူပေပဲကွယ်
ပွဲစင်ပေါ်မှာ ဖယောင်းတိုင်မီးကို မပြတ်အောင် ထွန်းထားကွယ့်။ငြိမ်းရင် ထပ်ထွန်း ပြီးတော့ ခပ်လှမ်းလှမ်းမှာ မီးဖို ဖိုထား မီးကို မပြတ်သာထည့်ပေတော့ ကျုပ်မသွားခင် ဟောဒီနေရာကို စည်းချထားခဲ့ပါမယ်။ဖြစ်တယ်မို့လား မောင်တာတေ"

"ဟာ ဖြစ်ပါတယ် ဆရာကြီးရဲ့"

ဘိုးလူပေက ကျုပ်ကို စိတ်မချသလိုနဲ့ ထပ်မေးတယ်ဗျ။မိုးမချုပ်ခင် ကျုပ်က တောထဲဝင်ပြီး
ထင်းချောင်းတွေ စုလိုက်တယ်။မီးဖိုမယ့်နေရာကိုလည်းသေသေချာချာ ရှင်းထားလိုက်တယ်။မိုးချုပ်ပြီဆိုတာနဲ့ကျုပ်က မီးဖိုကို မီးမွှေးတော့တာဗျို့။

ဝင်ကာနီး နေရောင်အောက်မှာ နတ်နဂါးအင်းကြီးရဲ့
ရေပြင်ကြီးမှာ လှိုင်းကြက်ခွပ်တွေ တဖျတ်ဖျတ်လာနေတာ။ကျုပ်ငေးကြည့်နေမိတယ်။ကျုပ်တို့ ဆရာတပည့်နှစ်ယောက်ပါလာတဲ့ ကောက်ညှင်း ကျည်တောက်တွေခွဲပြီးငါးခြောက်ဖုတ်နဲ့ ညစာစားလိုက်ကြတယ်။ပြီးတာနဲ့ ဘိုးလူပေက ပွဲတွေမှာ ဖယောင်းတိုင်မီးထွန်းတယ်။ကျုပ်ကို ဝါးစင်ပေါ်မှာ ခပ်ကျဲကျဲဖယောင်းတိုင် ထွန်းထားဖို့ ပြောတာနဲ့ ကျုပ်ကဝါးလုံးပေါ်မှာ ဖယောင်းတိုင်တွေ စီတန်းပြီး ထွန်းလိုက်တယ်။

အင်းစပ်မှာ ဖယောင်းတိုင်မီးရောင်နဲ့ လင်းထိန်သွားရောဗျို့။ကျုပ်ရဲ့ မီးလင်းဖိုကလည်း မီးတောက်တွေထပြီး လင်းနေတာဗျို့။မီးအလင်းရောင်ကအင်းရေပြင်ထဲအထိ လင်းနေတာဗျ။ဘိုးလူပေက ပွဲစင်ရှေ့မှာ အဝတ်ကလေးတစ်ထည်ခင်းပြီးရွတ်ဖတ်တော့တာပဲဗျို့။ဟော လထွက်လာပြီ။

လပြည့်ည လမင်းကြီးက ဝိုင်းဝိုင်းစက်စက်ပြည့်ပြည့်ဝဝကြီးပေါ့ဗျာ။လကမြင့်လာလေအင်းရေပြင်ကြီးက ပိုပြီးလင်းလာလေ။ဘိုးလူပေရဲ့ မန္တန်ရွတ်သံက ပိုကျယ်လာလေပဲဗျ။

ကျုပ်ကတော့ ပွဲစင်ပေါ်က ဖယောင်းတိုင်နဲ့အမွှေးတိုင်တွေကို မပြတ်အောင် ထွန်းပေးနေရတာဗျ။
အမွှေးတိုင် ထွန်းဖို့ ညနေတည်းက ကျုပ်ကကျုပ်က ဝါးဆစ်ကလေးတွေ လုပ်ထားတာလေဗျာ။

လမွန်းတည့်ပြီဗျို့။

"ကဲ ဟေ့ မောင်တာတေ။ဝါးဖောင်ကို တွန်းကြစို့ဟေ့"

ရေစပ်မှာ ချထားတဲ့ ဝါးဖောင်ကို ရေထဲရောက်အောင်ဘိုးလူပေနဲ့ ကျုပ်နဲ့ တွန်းချကြတယ်။ဖောင်က ရေထဲရောက်သွားပြီ။

"ကဲ…ငါ့တပည့် ဆရာကြီး စည်းတွေချထားခဲ့ပြီ
ဘာမှမကြောက်နဲ့"

ဘိုးလူပေက ဖောင်ပေါ်တက်ပြီး ဝါးလုံးတွေပေါ်မှာ
ဖယောင်းတိုင် အကြီးကြီးတွေ လိုက်ထွန်းလိုက်တယ်။ဖောင်လေးက လင်းထိန်သွားရောဗျို့။

"ကဲ ဟေ့ မောင်တာတေ။မောင်ညီချေလုပ်ပေးခဲ့တဲ့ ဝါးပိုးခြမ်း ပေးစမ်းကွယ်"

ကိုညီချေက ဘိုးလူပေ ဖောင်ကိုလှော်ဖို့ဆိုပြီးဝါးပိုးခြမ်းကို လှော်တက်ခုတ်ပေးခဲ့တာဗျ။ကျုပ် ဝါးပိုးခြမ်းလှော်တက်ကို ယူပေးလိုက်တယ်။ဘိုးလူပေက မီးတွေလင်းနေတဲ့ ဝါးဖောင်ကိုလှော်ပြီးအင်းရေပြင်ကြီးထဲကို ထွက်သွားတယ်။ရေလယ်လောက်ရောက်တော့ ဘိုးလူပေကဝါးဖောင်အလယ်တည့်တည့်မှာထိုင်ပြီးမန္တန်တွေ ရွတ်တော့တာပဲဗျာ။

ဘိုးလူပေ မန္တန်ရွတ်တဲ့အသံကို လေသင့်ရင် သဲ့သဲ့ကလေး ကြားနေရတယ်ဗျ။ကျုပ်ကတော့ မီးဖိုကို ထင်းထည့်ပေးလိုက်ပွဲစင်ကငြိမ်းသွားတဲ့ ဖယောင်းတိုင်တွေပြန်ထွန်းလိုက် ။ကုန်သွားတဲ့ဖယောင်းတိုင်ကိုအသစ်စိုက်လိုက်နဲ့ပေါ့ဗျာ။ဘိုးလူပေကိုလည်းမျက်ခြည်မပြတ်အောင် ကျုပ် ကြည့်နေသေးတာဗျ။ကြည့်သာကြည့်နေရတာဗျ။ဘိုးလူပေ တစ်ခုခုဖြစ်ရင်ကျုပ် ဘာမှကူညီနိုင်မှာ မဟုတ်ဘူးလေ။

"ဝုန်း"

ဟာ ရေထဲက လှိုင်းလုံးကြီးတစ်လုံး ထသွားတာဗျို့။ဘိုးလူပေက မန္တန်ကို မပြတ်ရွတ်တယ်။

"ဝုန်း ဝုန်း"

ရေလှိုင်းကြီးတွေက ဘိုးလူပေရဲ့ဖောင်နဲ့ခပ်လှမ်းလှမ်းပေါ်မှာ ပေါ်ပေါ်လာတာဗျ။

"ဝုန်း ရွှီး"

ဟာ မီးတန်းကြီးဗျာ ။မီးတန်းကြီး။ဟာ နဂါးက မီးနဲ့မှုတ်နေပြီဗျို့။'ဝုန်း'ဆိုပြီး လှိုင်းလုံးကြီးတစ်လုံး ထသွားပြီး အဲဒီလှိုင်းလုံးထဲကနေ မီးတန်းကြီး ထွက်လာတာဗျို့။လိမ္မာရောင် မီးတန်းကြီးဗျ။ဒါပေမဲ့ ဘိုးလူပေဘက်ကို မှုတ်တာတော့ မဟုတ်ဘူးဗျ။

အပေါ်ကို မှုတ်ထုတ်တာ ။ ကျုပ်စိတ်ထင် မီးတန်းကြီးကအပေါ်ကို ပေနှစ်ဆယ် အစိတ်လောက် တက်သွားတယ်ထင်တာပဲဗျ။ဘိုးလူပေကို ကြည့်လိုက်တော့တင်ပလ္လင်ခွေ မပျက်ဘဲဗျ။မန္တန်တွေကို
အသံကျယ်ကျယ်နဲ့ ရွတ်နေတာ။

"ဝုန်း" "ဝုန်း"  "ဝုန်း"  "ဝုန်း"

"ရွှီ  ရွှီ ရွှီ ရွှီ"

ဟာ နဂါးတွေ ဘယ်နှကောင်တောင် ရောက်လာပြီလည်းမသိဘူးဗျို့။အင်း ရေပြင်ကြီးရဲ့ ဟိုနားမှာ ဝုန်းကနဲလှိုင်းလုံးကြီး ထလာလိုက် ။ ဒီနားမှာ လှိုင်းလုံးကြီးထလာလိုက်။မီးတန်းတွေ ရွှီကနဲ ရွှီကနဲ မှုတ်ထုတ်လိုက်နဲ့အင်းကြီးရဲ့ နေရာအနှံ့မှာကို ပေါ်လာတော့တာဗျို့။

ကျုပ် ဘိုးလူပေအတွက် စိုးရိမ်လို့ မျက်တောက်မခတ်ကိုကြည့်နေမိတာဗျ။ကျုပ်က ပွဲစင်ပေါ်မှာ ဖယောင်းတိုင်အမွှေးတိုင်တွေကို ကျုပ်ဆရာ မှာတဲ့အတိုင်းမပြတ်ထွန်းပေးတယ်။ဖယောင်းတိုင်ထွန်းပြီးဘိုးလူပေကို ကျုပ်လှည့်ကြည့်လိုက်တော့…

"ဟာ အောင်မယ်လေးဗျာ"

ကျုပ်ပါးစပ်က လွှတ်ကနဲတောင် အော်လိုက်မိတယ်ဗျို့။

"ဝုန်း ဝုန်း ဝုန်း ဝုန်း"


အပိုင်း(၇)ဆက်ရန်...

မူရင်းရေးသားသူအား လေးစားစွာ credit ပေးပါသည်။

Comments

Popular posts from this blog

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၃)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၅)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၆)