အကောင်းကြိုက်တဲ့ ခြံစောင့်သရဲ
**********
ဧရာဝတီမြစ်ကမ်းနဘေးရှိ ရွာလေးတစ်ရွာမှ
ကိုလှရွှေနှင့် မရင်မေတို့လင်မယားနှစ်ယောက်သည် ငှက်ပျောခြံလုပ်ငန်းကို လုပ်ကိုင်
လေသည်။ကိုလှရွှေရဲ့ ငှက်ပျောခြံက ရွာအစွန်
မှာ ဖြစ်တာကြောင့် ငှက်ပျောခိုင် ခုတ်ချိန်ဆိုလျှင် သူခိုးအန္တရာယ်ကြောက်ရလေသည်။ညဖက်များ တွင်လဲ ညတိုင်းသွား၍ မအိပ်နိုင်ပေ။
မနှစ်ကလဲ ငှက်ပျောခိုင် အတော်များများ အခိုးခံလိုက်ရသဖြင့် ယခုနှစ်မှာတော့ ကိုလှရွှေသည်
တဖက်ရွာမှ အောက်လမ်းဆရာကြီးတစ်ဦးထံမှ အကူအညီတောင်းကာ ခြံစောင့်သရဲမွေးရန်
ကြံစည်လေသည်။ထို့ကြောင့် အောက်လမ်းဆရာကြီးဦးစိုင်းလုံထံသို့ ထွက်ခဲ့လေသည်။
ဆရာကြီးဦးစိုင်းလုံဆီရောက်သောအခါ
"ဆရာကြီး..ကျွန်တော်က ဟိုဖက်ရွာက ငှက်ပျောခြံစိုက်တဲ့ လှရွှေပါ..မနှစ်က ငှက်ပျောခိုင်အ
တော်များများ အခိုးခံလိုက်ရပါတယ်..ဒီနှစ်တော့ ခြံထဲကို သူခိုးဝင်မခိုးနိုင်အောင် ခြံစောင့်
မွေးချင်လို့ ဆရာကြီးဆီ လာခဲ့တာပါ"
"သြော်..မောင်လှရွှေက ခြံစောင့်သရဲမွေးချင်တယ်ပေါ့..သရဲမကြောက်ဖူးလား"
ဟု မေးလေသည်။ကိုလှရွှေမှ
"ဟုတ်ကဲ့ဆရာကြီး ..ကျွန်တော်က မကြောက်
တတ်ပါဘူး"
အေးကွဲ့..ခြံစောင့်သရဲမွေးရင်တော့ သူ့ကိုအစာတော့ မှန်မှန်ကျွေးရမယ်ကွ"
"ဟုတ်ကဲ့ .မှန်မှန်ကျွေးပါမယ်..
"အေး..ဒါဆို ငါ့တပည့် နက်ကျော်ကိုထဲ့လိုက်မယ်..လာ.လာ"
ဟုဆိုကာ အိမ်နောက်ဖက်ရှိ ညောင်ညိုပင်ကြီး
ဆီသို့ ခေါ်သွားလေသည်။ညောင်ညို ပင်ကြီးအောက်သို့ရောက်သောအခါ
"ဟဲ့.ငနက်ကျော် ရှိလား..ရှိရင် အချက်ပြစမ်းဟေ့"
ဟု ဆရာကြီးဦးစိုင်းလုံမှ ပြောလိုက်သည့် ခဏတွင် ညောင်ညိုပင်ကြီးမှာ လေမတိုက် မိုးမရွာပါပဲ တဖြောဖြော တရှဲရှဲ မြည်ကာ ညောင်ကိုင်းများလဲ လှုပ်ယမ်းသွားလေသည်။ထိုအခါ မကြောက်တတ်ပါဘူးဆိုသော ကိုလှရွှေပင် ကြက်သီးမွှေးညှင်းများ ထသွားရလေသည်။ထိုအခါ ဆရာကြီးဦးစိုင်းလုံမှ ညောင်ညိုပင်ကြီး
မှ ညောင်ကိုင်းလေး တစ်ကိုင်းကို ချိ ုးယူကာ
"ကဲ ဟုတ်ပီ ငနက်ကျော်..မင်းကို တာဝန်တစ်ခုပေးမလို့ကွ..ဟောဒီက မောင်လှရွှေရဲ့ ခြံထဲကိုလိုက်ပီး သူခိုးမခိုးနိုင်အောင် စောင့်ရှောက်ပေးရမယ်..မင်းကို မောင်လှရွှေက တစ်ပတ်
တစ်ခါ အစာကျွေးလိမ့်မယ်..သူနဲ့လိုက်သွားပီး
ခြံလုံအောင် စောင့်ရှောက်ပေးလိုက်ကွာ"
ဟု ပြောပီး ကိုလှရွှေဖက်သို့ လှည့်ကာ
"ကဲ မောင်လှရွှေရေ..ဒီသစ်ကိုင်းလေးကို ယူပီး
ပြန်..မောင်ရင့်ခြံထဲရောက်ရင် သစ်ပင်ကြီးတစ်
ပင်ပေါ် တင်ပေးထားလိုက်ပါ..ပီးရင် သူ့ကို တစ်ပတ် တစ်ခါ အစာကျွေးပေတော့"
ဟု ဆိုပီး သစ်ကိုင်းလေးကို ကိုလှရွှေအား ပေးလိုက်လေသည်။ကိုလှရွှေလဲ အိပ်ထဲမှ ငွေကြေးအချို့ကို ဆရာကြီးဦးစိုင်းလုံအားပေးပီး သစ်ကိုင်းလေးကို ကိုင်ကာ ရွာစွန်က ငှက်ပျောခြံသို့ ပြန်လာခဲ့လေသည်။
ကိုလှရွှေလဲ သစ်ကိုင်းလေးကို ကိုင်ပီးပြန်လာနေရင်းမှ သစ်ကိုင်းလေးမှာ တဖြည်းဖြည်း လေးလာသလိုခံစားရပီး ကြက်သီးများထလာသောကြောင့် ငှက်ပျောခြံဆီသို့ ခပ်သုတ်သုတ် လှမ်းလာခဲ့တောသည်။ငှက်ပျောခြံထဲ
သို့ ရောက်သောအခါ ခြံထောင့်ရှိ ကုက္ကိုပင်ကြီး
ပေါ်သို့ သစ်ကိုင်းလေးအား တင်ပီး
"ကဲ နက်ကျော်ရေ..ဒီကုက္ကိုပင်မှာနေပီး ခြံကို စောင့်ရှောက်ပေတော့..မင်းကို ဒီနေ့ကစပီး တစ်
ပတ်တစ်ခါ အစာလာကျွေးမယ်..
ဟုပြောပီး အိမ်သို့ ပြန်လာခဲ့လေတော့သည်။
အိမ်သို့ရောက်သောအခါ သူ့မိန်းမ မရင်မေကို
"မိန်းမရေ..ညနေကျရင် ကြက်ဥ သုံးလုံးလောက် ပြုတ်ပေးစမ်းပါ"
ဟု ပြောရာ မရင်မေမှ
"ကြက်ဥပြုတ်ပီး ဘာလုပ်မလို့လဲ..ရှင် စားမလို့လား"
"မဟုတ်ဖူး မိန်းမရ..နက်ကျော်ကို အရက်တစ်
လုံးနဲ့ ကြက်ဥပြုတ်သုံးလုံး သွားကျွေးမလို့"
"ဟင်..ဘယ်က နက်ကျော်လဲ..အလုပ်သမားလား"
"အလုပ်သမား မဟုတ်ဖူးမိန်းမရ..ဟိုဖက်ရွာက ဆရာကြီးဦးစိုင်းလုံဆီသွားပီး ခြံထဲက ငှက်ပျောခိုင်တွေကို သူခိုးဝင်မခိုးနိုင်အောင် ခြံစောင့်ဖို့ သရဲနက်ကျော်ကိုခေါ်လာတာ..ခုခြံထဲက ကုက္ကိုပင်ကြီးမှာ ထားခဲ့တယ်..သူ့ကို တစ်
ပတ်တစ်ခါ အစာကျွေးရမယ်ဟ"
ဟုပြောလိုက်ရာ မရင်မေမှာ ကြောက်လန့်သွားပီး
"ကိုလှရွှေ..ရှင် ဘာတွေလျောက်လုပ်နေတာလဲ..ကျွန်မကြောက်တယ်နော်"
"အေး..ကြောက်ရင်လဲ ခြံထဲမလိုက်ခဲ့နဲ့..ငါ့ဟာငါ သွားကျွေးမယ်..ဒါမှ ခြံထဲက ငှက်ပျောခိုင်တွေ သူခိုးမခိုးနိုင်မှာ"
ညနေစောင်းသောအခါ ကိုလှရွှေသည် အရက်ပုလင်းနှင့် ကြက်ဥပြုတ်များကို လွယ်အိပ်ထဲ
သို့ ထဲ့ပီး ငှက်ပျာခြံသို့ ထွက်လာခဲ့သည်။ခြံထောင့်ရှိ ကုက္ကိုပင်ကြီးသို့ရောက်သောအခါ အမှိုက်များကို လှဲကျင်းပီး ငှက်ပျောဖက်တစ်ရွက်ကို
ခုတ်ယူကာ ခင်းလိုက်သည်။ထို့နောက် လွယ်အိပ်ထဲမှ အရက်ပုလင်းအား ထုတ်ပီး အဖုံးဖွင့်ကာ ချလိုက်သည်။ကြက်ဥပြုတ်များကိုလဲ အခွံခွါပီး ငှက်ပျောက်ဖက်ပေါ်တွင် ပုံလိုက်သည်။ပီးသောအခါ
"ကဲ..ငနက်ကျော်ရေ..ဒီမှာ မင်းစားဖို့ ကြက်ဥပြုတ်နဲ့ အရက်..စားသောက်ပီး ခြံလုံအောင် စောင့်ရှောက်ပေတော့ဟေ့"
ဟုပြောကာ ပြန်လာခဲ့သည်။ခြံဝသို့ ရောက်သောအခါ ကုက္ကိုပင်ကြီးဆီသို့ လှည့်ကြည့်လိုက်ရာ အမွှေးအမျှင်များဖြင့် မဲမဲအကောင်ကြီး
တစ်ကောင်မှာ ကြက်ဥပြုတ်များကို စားနေသည်ကို တွေ့လိုက်ရသောကြောင့် အိမ်သို့ အမြန် ပြန်ပြေးလာခဲ့မိလေတော့သည်။
ထိုနေ့မှစ၍ ကိုလှရွှေမှာ သူ၏ ငှက်ပျောခြံကို
ညအိပ်စောင့်စရာမလိုတော့ပဲ စိတ်ချလက်ချ ထားနိုင်လေတော့သည်။သရဲနက်ကျော်နှင့်လဲ တစ်ပတ်တစ်ခါ အစာကျွေးနေရသဖြင့် တဖြည်းဖြည်း ရင်းနှီးလာပြီဖြစ်သည်။အစပိုင်းက အသံသာကြားရသော်လဲ နောက်ပိုင်းတွင် ကိုယ်ထင်ပါ ပြလာလေသည်။သူ့ရဲ့ လူဘဝတုန်းက ပုံစံကို ဖန်ဆင်းပြခြင်းဖြစ်၏။တစ်ခါတစ်ရံတွင် စကားလာပြောတတ်လေသည်။
ထိုသို့ဖြင့် ငှက်ပျောခိုင်များ ခုတ်ယူရခါနီးလာလေသည်။ငှက်ပျောခိုင်များမှာလဲ ယခင်နှစ်များထက် ပို၍ အထွက်ကောင်းလာလေသည်။ရွာထဲမှ မိတ်ဆွေများက
"ကိုလှရွှေကြီး..ခင်ဗျား ငှက်ပျောခိုင်တွေ ဒီနှစ်အတော် အထွက်ကောင်းတယ်နော..သူခိုးတွေ ခိုးလိမ့်မယ်..ခင်ဗျား သွားမစောင့်ဘူးလား"
ဟုမေးကြသောအခါ
"စောင့်စရာမလိုပါဘူးဗျာ..ဒီနှစ် လှရွှေရဲ့ ငှက်ပျောခြံကို ဘယ်လိုသူခိုးမှ ဝင်မခိုးနိုင်တော့ဘူး..
ခိုးဖို့နေနေသာသာ ခြံထဲတောင် ခြေမချနိုင်စေရဘူးဗျ"
"တယ်ဟုတ်ပါလား..ဘယ်လိုလုပ်ထားလို့လဲ"
"ဟိုဖက်ရွာက ဆရာကြီးဦးစိုင်းလုံဆီ အကူအညီတောင်းပီး ခြံစောင့်ဖို့ သရဲတစ်ကောင် မွေးထားတာဗျိ ု့..တစ်ပတ်တစ်ခါ အရက်နဲ့ ဘဲဥပြုတ် ကျွေးနေရတယ်ဗျ"
"ဟင် ..သရဲမွေးထားတယ်..ဟုတ်လား..ကြည့်လဲလုပ်ဦးနော်..
"ပိုင်ပါတယ်ဗျ..ခုဆို အစာခဏ ခဏကျွေးရလို့
ရင်းနှီးနေပြီ..အေးဆေးပါ..
မနက်ဖြန်ဆိုလျှင် ငှက်ပျောခိုင်များ ခုတ်ယူရတော့မည်။ကိုလှရွှေမှာလဲ ငှက်ပျောခိုင်များ
ရောင်းပီးလျှင် မရင်မေကို ဘာဝယ်ပေးမယ်.သူ့အတွက် ဘာဝယ်မယ်ဟု စိတ်ကူးယာဉ်နေမိလေသည်။
နောက်တစ်နေ့နံနက်သို့ ရောက်သောအခါ
ကိုလှရွှေမှာ ခမောက်ကလေးဆောင်း ဓားမတိုလေးကို ကိုင်ပြီး ငှက်ပျောခြံထဲသို့ ထွက်လာခဲ့လေသည်။ခြံထဲသို့ ရောက်သောအခါတွင် ကိုလှရွှေခမျာ မျက်လုံးများပင် ပြာဝေသွားမတတ် ခံစားလိုက်ရလေသည်။အကြောင်းမှာ တစ်ခြံလုံးရှိ ငှက်ပျောခိုင်များမှာ တစ်ခိုင်မှ မရှိတော့
ပေ။သူခိုး ဝင်ခိုးသွားလေပြီ။
ကိုလှရွှေတစ်ယောက်မှာ အကြီးကြယ် ဒေါသထွက်ပြီး
"ကုန်ပြီ..ငါ့ငှက်ပျောခိုင်တွေ တစ်ခိုင်မှမရှိတော့
ဘူး..ဟိုခွေးမသားသရဲ ငနက်ကျော် ဘယ်သွား
သေနေတာလဲကွ..ခုလာခဲ့စမ်း"
ဟုခေါ်လိုက်ရာ သရဲနက်ကျော်မှာ သူ့ရှေ့တွင် ဖျက်ခနဲ ပေါ်လာလေသည်။ကိုလှရွှေမှ
"မအေ-ိုး ခွေးမသားသရဲ..မင်းကို ခြံစောင့်ထား
ထားတာ ဘယ်သွားသေနေတာလဲ..ခု ငှက်ပျောခိုင်တွေ တစ်ခိုင်မှ မရှိတော့ဘူး..မင်း ဘာလုပ်နေတာလဲ"
ဟု ဒေါသတစ်ကြီးမေးလိုက်သော ကိုလှရွှေမှာ
သရဲနက်ကျော် ပြန်ဖြေလိုက်သော စကားကြောင့် 'ဟိုက်'ခနဲအော်ကာ ကိုယ့်နဖူးကိုယ် ပြန်
ရိုက်လိုက်မိလေတော့သည်။သရဲနက်ကျော် ပြန်ဖြေလိုက်သည်မှာ
"ဟကောင် လှရွှေရ..မင်းကငါ့ကို အရက်နဲ့
ဘဲဥပြုတ်ပဲကျွေးတာလေ..ဟိုကောင်သူခိုးကငါ့ကို အရက်နဲ့ အမဲသားကျွေးလို့ ခိုးခွင့်ပြုလိုက်တာ..ငှက်ပျောခိုင်တွေ တင်ပီးတော့ လှေသောင်တင်နေလို့ ငါတောင် ဝိုင်းပြီးတွန်းချပေး
လိုက်ရသေးတယ်ကွ"
ဟူသတည်း။
***********
မူရင်းရေးသားသူအား လေးစားစွာ credit ပေးပါသည်။

Comments
Post a Comment