မိန်းမပျိုလေးရဲ့ဝိညာဉ်တေးသံ ဇာတ်သိမ်းပိုင်း

မိန်းမပျိုလေးရဲ့ဝိညာဉ်တေးသံ ဇာတ်သိမ်းပိုင်း

(၁) "အဖေ ဘာတွေတွေ့လို့လဲ"

"တို့တွေ ပြန်လာကတည်းကဘယ်သူမှနောက်ဖေးခန်းကိုမဆင်းကြဘူး မဟုတ်လား။
နောက်ဖေးခန်းတံခါးလည်း ဟနေတယ် ကြမ်းပြင်မှာ ရွှံ့ပေနေတဲ့ခြေရာတွေလည်း တွေ့နေရတယ်"
တန်ဆောင်မုန်းလပြည့်ခါနီးမှာ သာမန်အားဖြင့်ရွှံ့သိပ်မရှိတော့ပေမယ့် နောက်ဖေးကြမ်းပြင်တမံသလင်းပေါ်ကရွှံ့ပေနေတဲ့ ‌မခြောက်သေးတဲ့ခြေရာတွေရယ် ဟနေတဲ့တံခါးရယ်ကိုကြည့်ရင်း
စဉ်းစားမရဖြစ်နေကြ ။တယောက်တပေါက်ပြောကြသံတွေဆူလာပြန်ရော။ အချိန်အတော်ကြာ ရုတ်ရုတ်သဲသဲ ဖြစ်နေတော့ နောက်ဖေးလိုင်းခန်းက ဦးလေးတယောက်ရောက်လာပြီးပြောမှ ပိုအတွေးခက်ကြပြန်ရော။ အဲဒိဦးလေးကလည်း သူလည်းအောက်ဆင်းပြီးရေချိုးမလို့လုပ်နေတုန်း သီချင်းညီးသံကြားလို့လှမ်းကြည့်လိုက်တာ မိန်းကလေးတယောက်နောက်ကျောပဲမြင်တော့ မအေးသမီးအကြီးမ ရှေ့ဘက်လိုင်းကိုအလည်သွားတယ်မှတ်နေတာ။
ဟိုတစ ဒီတစ ဆက်စပ်ပြောကြရင်း သူရဲခြောက်တယ်ပဲအဖြေထုတ်လိုက်ကြတယ်။ အသံလည်းကြားရ မျက်နှာမမြင်ရတာကလွဲပြီးပုံပန်းသွင်ပြင်လည်းမြင်လိုက်ကြရတော့ တွေးကြောက်ကြတာတဲ့အထဲ အသံသာကြားပြီးရုပ်မမြင်လိုက်ရတဲ့ကိုယ့်အမေက အကြောက်ပိုသာတယ်။ တဖြည်းဖြည့် အချိန်လင့်လာတော့ ကိုယ့်အိမ်ကိုယ်ပြန်လူစုခွဲခဲ့ကြတယ်။

(၂ ) လူစုခွဲပြီးသိပ်မကြာပါဘူး ဟိုးနောက်ဘက်စွန်းပိုင်းအိမ်တွေဘက်က အသံဆူဆူညံညံတွေကြာရပြန်တယ်။
အဲဒိတညကတော့ စိုးတထိတ်ထိတ်နဲ့ပဲကုန်လွန်သွားတော့တယ်။
         မနက်ရောက်တော့ ညက သတင်းတွေ ဟိုနားစုစု ဒီနားစုစုပြောကြရင်း ညကအမေ့အသံကြားလို့လာသတင်းမေးတဲ့ အမေ့မောင်ရဲ့ယောက်ဖက  သူရဲခြောက်တယ်ဆိုတာ မယုံတယုံ ပြောဆိုရင်းပြန်သွားတာသူ့အိမ်မရောက်ခင်ဆိတ်ခြံနားမှာ အသံ‌လည်းကြား မျက်ဝါးထင်ထင်လည်းမြင်ရတော့ အသံကျယ်ကြီးအော်ပြေးတယ်ဆိုတာသိရတယ်။
အစက သိပ်မယုံချင်တဲ့သူတွေလည်း လက်ခံရမယ့်အခြေအနေဖြစ်လာတယ်။ နေမြင့်လာလေလေ စကားတွေဟိုပြောဒီပြော
အမှန်ကနည်းနည်း ပိုလာတာကများများနဲ့ဝန်ထမ်းအိမ်ရာတခုလုံး တုန်လှုပ်ခြောက်ခြားလာကြတယ်။အဲဒိအချိန်မှာ အပြင်မှာကောလဟာလတခုဖြစ်နေတာက  မကြာသေးခင်မှာနေကြတ်ပြီးတော့ ဆိတ်ကျောင်းတဲ့မောင်နှမနှစ်ယောက်ထဲက အစ်မကဘီလူးဖြစ်သွားပြီး မောင်လေးကို စားပစ်ပြီးလျှောက်သွားနေတယ်ဆိုတဲ့အကြောင်းကလည်းအပြောများနေ။ အခုမြင်ရတာကလည်း အမျိုးသမီးဆိုတော့အမျိူးမျိုးမှန်းဆပြောကြရင်း ညနေရောက်ခါနီးလေအကြောက်ပိုလာကြလေဖြစ်ပြီး ကိုယ့်အိမ်ကိုယ်တောင်မနေရဲကြတော့ဘူး။

(၃) နောက်တော့လူကြီးတွေစုတိုင်ပင်ပြီး အဲဒိခေတ်ကမီးစက်နဲ့ဗီဒီယိုငှားပြတဲ့ခေတ်ဆိုတော့ ဖူးကြီးရွာက အခွေတွေ စက်တွေငှား လမ်းဆုံမှာပြ။ အမျိုးသမီးတွေ ကလေးတွေ အသက်အရွယ်ကြီးသူတွေက နေရာတွေခင်းပြီးကြည့်ကြ။ လူငယ် လူလတ်တွေက ကိုယ့်အပိုင်းနဲ့ကိုယ် ကင်းလှည့်စောင့်ကြ။ တချို့သတ္တိရှိသူ တွေကလည်းးကိုယ့်အိမ်ကိုယ်နေကြ။အဲဒိတညလည်း ဟိုဘက်အသံကြားလို့ တွေ့လို့ ။ဒီဘက်ကအသံကြားလို့တွေ့လို့နဲ့ ညသာကုန်ရော အဖြေရှာမရ။ ‌ဘာရယ်မှန်းလည်းမသိ ကြောက်စိတ်ပိုနေကြတာရော ဇာတ်ကားကြည့်ချင်တာရော ပေါင်းပြီး နောက်နေ့လည်း စက်ကိုထပ်ငှား ပထမနေ့ကအတိုင်း ကင်းလှည့်စောင့်ကြ။
ဟိုနားတွေ့ ဒီနားတွေ့နဲ့ နောက်တညလည်း ကုန်သွားပြန်ရော။
သုံးညလောက်ဆက်လာချိန်မှာ ပန်းတွေလည်းပန်းကြပြီ အိပ်ရေးတွေလည်းပျက်။ သက်ကြီးဝါကြီး အတွေ့အကြုံရှိသူတွေက ဒီအတိုင်းတော့မဖြစ်တော့ဘူး။ ဆရာတော်သမားတော်တွေကိုသွားလျှောက်မှဖြစ်မယ်ဆိုပြီး အဲဒိအချိန်မှာ အသက်လည်းကြီး ဝါလည်းကြီးတဲ့ရေနံတောင်ပေါ်ကျောင်းက ဆရာတော်ဦးပညာဆီသွားရောက်လျှောက်ထားကြတယ်။ ဆရာတော်ကသူ့အကျင့်စရဏအရ ကြည့်ပြီးတဲ့နောက်
သရဲမဟုတ်ဘူးဆိုတဲ့အကြောင်း။ အစောင့်အရှောက်ဖြစ်တယ်ဆိုတဲ့အကြောင်း ။နေစရာ တောင်းနေတာဖြစ်တယ်ဆိုတဲ့အကြောင်းမိန့်ကြားခဲ့တယ်။
နောက်နေ့ ဝန်ထမ်းအိမ်ရာဆီဆရာတော်ကိုပင့် ဆွမ်းကပ် မေတ္တာပို့အမျှဝေ သူ့အစီအရင်နဲ့အတူ နေရာတခုပေးလိုက်တယ်။
အဲဒိနေ့ကစပြီး စည်ပင်ဝန်ထမ်းအိမ်ရာလေးမှာ သီချင်းညီးသံနဲ့အတူတွေ့ရတဲ့ မိန်းမပျိုလေးကိုဘယ်တော့မတွေ့ကြရတော့ဘူး။
  (၄)  နောက်ပိုင်းမှအဖြစ်အပျက်တွေကိုဆက်စပ်စဉ်းစားတဲ့အခါမှာ အဲအချိန်မှာ ကိုယ်တွေနယ်မြေနားမှာ တပ်သစ်စတည်ပြီး ထိုခေတ်က အစဉ်အလာအတိုင်း ရာထူးကြီးသူတိုင်းဂေါက်ရိုက်တတ်ရမှာဖြစ်သလို ဂေါက်ကွင်းလည်းရှိနေရမှာဖြစ်တဲ့အတွက် အရင်ကဝန်ထမ်းအိမ်ရာလေးရဲ့သင်္ချိုင်းလေးလည်း ဂေါက်ကွင်းအသုံးပြုမယ့်နေရာထဲပါသွားခဲ့တယ်။ သင်္ချိုင်းသစ်ကိုတော့ ယခင်ယန္တရားဝင်းဟောင်းမှာ နေရာသတ်မှတ်ပြီး ထုံးတမ်းစဉ်လာအရသင်္ချိုင်းရွှေ့ပေးခဲ့တယ်။ဝန်ထမ်းမိသားစုအသိုင်းအဝိုင်းထဲကနာရေးသုံးခုလောက်တောင်သင်္ချိုင်းသစ်မှာ မြှပ်နှံခဲ့ပြီးပေမယ့် နောက်ပိုင်းမှာအဲ့ဒိနေရာကိုလည်း ဂေါက်ကွင်းသတ်မှတ်ပြီး တီခုံတွေပြင် မြက်တွေစိုက်ထားတာ သတိမထားမိခဲ့ကြဘူး။ဒီတကြိမ်မှာတော့ ဌာနဆိုင်ရာကိုအသိပေးခြင်းမရှိသလို သင်္ချိုင်းနေရာသတ်မှတ်ပေးတာလည်းမရှိခဲ့တော့ သင်္ချိုင်းရဲ့အကြီးအကဲဖြစ်သူက ဝန်ထမ်းမိသားစုတွေမြင်အောင်လာပြနေတာဖြစ်ပါမယ်။ သင်္ချိုင်းစောင့်မဖဲဝါတကယ်ရှိ မရှိ ယုံကြည်သူလည်းရှိမယ်။မယုံကြသူတွေလည်းရှိမယ်။ ကျမတို့မိသားစုအပါအဝင် ဝန်ထမ်းမိသားစုတွေ ကြုံခဲ့ရတဲ့အဖြစ်အပျက်လေးကိုပြန်လည်ဝေမျှပေးခြင်းဖြစ်ပါတယ်။

ကျမကတော့ ကိုယ်တိုင်ကြုံရတာတွေရော မိသားစုအသိုင်းအဝိုင်းမှာကြုံရတဲ့အဖြစ်အပျက်တွေကြောင့်ရော မြင်ရသည်ဖြစ်စေ မမြင်ရသည်ဖြစ်စေ ပရလောကရှိတာကိုလက်ခံယုံကြည်ပါတယ်။
နောက်ပြီး အိမ်စောင့်နတ်ရှိတဲ့အတွက်အိမ်ပေါ်ကို ပရလောကသားတွေတက်ရောက်နိုင်ခြင်း ရှိမရှိနဲ့ပတ်သက်ပြီး အချိန်ရရင်လည်းရသလို ဆက်လက်ဖော်ပြပေးပါမယ်။

မူရင်းရေးသားသူအား လေးစားစွာ credit ပေးပါသည်။

Comments