နတ်နဂါးအင်း အပိုင်း(၁)



ဘိုးရာစီက ဘန့်ဘွေးကုန်းကဗျ။ကျုပ်သူငယ်ချင်း သိန်းဇော်တို့နဲ့တောင်သားချင်းတော်တယ်။ဘိုးရာစီ ဆယ့်ငါးနှစ်သားလောက်ကရိုးမထဲမှာ မြွေလာဖမ်းတဲ့ အလိမ္ပာယ်ဆရာတစ်ယောက်နဲ့တွေ့ပြီး တစ်ခါ တည်း လိုက်သွားလိုက်တာ အသက်သုံးဆယ်မှရွာပြန်ရောက်လာတာဆိုပဲ။ပြန်ရောက်လာပေမယ့် ခဏပဲတဲ့ဗျ။သူအမေကို သူရှာလို့ ရထားတဲ့ငွေတွေ လာပေးတာတဲ့။ငွေမှ မနည်းဘူးတဲ့ဗျို့။တစ်သောင်းကျော် နှစ်သောင်းနီးပါးတဲ့ဗျ။ဒီတုန်းက ငွေနှစ်သောင်းဆိုတာ နည်းတဲ့တန်ဖိုးမှ မဟုတ်တာ။

ဘိုးရာစီရဲ့ အမေက ရွာမှာ တိုက်တွေဘာတွေ ဆောက်ပစ်ပြီးယာတွေမှ ဝယ်ထားလိုက်တာ လက်ညှိုးထိုးမလွဲဘဲတဲ့ဗျို့။

ဘိုးရာစီ မြွေနိုင်ချက်တော့ဗျာ။ လမ်းမှာ သွားရင်းတွေ့တဲ့မြွေတိုင်း ခေါင်းကို မြေကြီးမှာချပြီး အရို အသေပေးကြတာတဲ့ဗျို့။

ဘိုးရာစီကတော့ ရွာမှာ ခဏပဲနေပြီး ပြန်သွားတာတဲ့ဗျ။မြန်မာပြည်အနှံ့ လှည့်ပတ်ပြီး မြွေအလမ္ပာယ်ပြနေတာတဲ့ဗျာ။ဘုရားပွဲကြီးတွေမှာဆိုရင် ဘိုးရာစီက ရုံသွင်းပြီးတော့ကိုပြတာဆိုပဲ။ ဆိုင်းဝိုင်းနဲ့ တီးပြီး မြွေတွေနဲ့ သူနဲ့ ကပြတာဆိုပဲဗျာ။

ဘိုးရာစီက အသက်ခြောက်ဆယ်ပြည့်တော့အလ မ္ပာယ်ဆရာအလုပ်ကို အပြီးတိုင် စွန့်လွှတ်ပြီးရွာမှာ ပြန်နေတာဗျ။ဘိုးရာစီက အိမ်ထောင်မရှိတဲ့လူပျိုကြီးဆိုတော့ တူတွေ တူမတွေက သူ့ကိုစောင့်ရှောက်ကြတယ်။

ဘိုးရာစီ ဆောက်ပေးထားတဲ့ တိုက်မှာ နေကြပြီး
ဘိုးရာစီ ဝယ်ပေးထားတဲ့ ယာတွေမှာ လုပ်ကိုင်စားကြတာလေဗျာ။ဘိုးရာစီကို သူတို့စောင့်ရှောက်ကြတာပေါ့။

ဘိုးရာစီက ဘန့်ဘွေးကုန်းမှာ ဘုန်းကြီးကျောင်း
ဆောက်လှူတယ်။ဥပုသ်နေ့တိုင်း ဥပုသ်စောင့်တယ်။
ဘယ်တော့မှ အသားမစားဘူး။သက်သက်လွတ်ပဲစားတယ်။ဘိုးရာစီ အလွတ်နေတယ်လို့ ကျုပ်တော့ တစ်ခါမှ မမြင်ဖူးဘူး။

လက်ထဲမှာ ပုတီးတစ်ကုံးကိုင်ပြီး အမြဲစိတ်နေတဲ့
အဘိုးကြီးဗျ။ပိုးထိလို့ကတော့ ဘိုးရာစီကိုသာ
ပြေးပင့်ပေတော့ဗျာ။အသက်သာ မှီပစေ။ဘယ်တော့မှ မသေစေရဘူးဗျ။

ကိုက်တဲ့မြွေကို ချက်ချင်းအမိန့်ပြန်ပြီး ခေါ်လိုက်တာဗျ။ ရောက်လာတဲ့ မြွေကို …

"နင်အဆိပ် နင်ပြန်စုပ်"

ဆိုပြီး အမိန့်ပေးလိုက်တာနဲ့ ကိုက်တဲ့ မြွေက ချက်ချင်းကိုအဆိပ်စုပ်ပေးရတာဗျ။သူကိုက်ထားတဲ့ အစွယ်ရာကနေပြီးအဆိပ်တွေကို စုပ်ပေးတာ။

အောက်က ငှက်ပျောဖက်တော့ခံပေးထားရတယ်။အဆိပ်မည်းမည်းကြီးတွေက ငှက်ပျောဖက်ပေါ်ကို စီးကျလာတော့တာပဲဗျာ။အဆိပ်ကုန်ပြီဆိုရင် နောက်က သွေးလိုက်လာတယ်။

"နင်အဆိပ် ကျန်သေးလား။ကုန်အောင်စုပ်။
ကုန်ရင် သွားတော့"

လို့ အမိန့်ပေးတော့မှ လူကို ကိုက်တဲ့မြွေကအိမ်ပေါ်ကနေ လျှောကနဲ ဆင်းသွားတာဗျို့။အဆိပ်တက်နေတဲ့ လူလည်း သတိရလာပြီးအကောင်းပကတိဖြစ်တော့တာ။မြွေက အဆိပ်ကိုစုတ်ချလိုက်တာနဲ့ အဆိပ်ပြန့်ပြီး ပြာနှမ်းနေတဲ့အသားအရောင်ကနေ တဖြည်းဖြည်း သွေးရောင်သမ်းလာပြီး နောက်ဆုံးတော့ သတိပြန်ရလာတော့တာပဲဗျ။

ကျုပ်တို့ရွာမှာ ကထိန်တို့ ဘုရားပွဲတို့ရှိမှဘိုးရာစီ လာတာဗျ။တော်ရုံတန်ရုံ အလှူအတန်းလောက်ဆိုရင်မလာဘူးဗျ။ဘန့်ဘွေးကုန်းက သူဆောက်ပြီး
လှူထားတဲ့ ကျောင်းထဲမှာပဲ ပုတီးစိပ်နေတော့တာ။
သူ့လှူတဲ့ အုတ်ကျောင်းအဝင်ပေါက်မှာ သူ့အလှူကို ကမ္ပည်းထိုးထားတာ။

"မြွေအလမ္ပာယ်ဆရာ မောင်ရာစီ ကောင်းမှု" တဲ့ဗျို့။

ကထိန်ဘုရားပွဲကို ဘိုးရာစီ လာပြီဆိုလို့ကတော့
ကျုပ်တို့လူငယ်တွေဆိုတာ ဘိုးရာစီနားမှာဝိုင်းပြီး ဘိုးရာစီ ပြောပြတဲ့ မြွေတွေ အကြောင်းကိုတအံ့တသြ နားထောင်ကြရတာပေါ့ဗျာ။

အဲဒီအထဲမှာ အင်မတန်မှ စပ်စုတဲ့ တာတေဆိုတဲ့
ကျုပ်က ဘိုးရာစီရဲ့ ရှေ့တည့်တည့်ကပေါ့ဗျာ။ပြောရဦးမယ်ဗျို့။တစ်ခါတုန်းက ကျုပ်တို့ဝိုင်းထဲကိုနဂါးဝင်လာတာကိုလည်း ဘိုးရာစီပဲ လာပြီးဖမ်းပေးတာဗျ။

အဲဒီနဂါးကို ရိုးမတောထဲအရောက် ဘိုးရာစီလွှတ် ပေးတာဗျို့။(အဲဒီအကြောင်းကို ဖတ်ချင်ရင်တော့တစ္ဆေမျက်လုံးမဂ္ဂဇင်း ။ အမှတ် - ၃ မှာ ရှာပြီး
ဖတ်ကြည့်ဗျာ။ကျုပ်ရေးထားပါတယ်)

ဘိုးရာစီပြောပြတဲ့ မြွေတွေအကြောင်းကတော်တော်ကို စိတ်ဝင်စားဖို့ ကောင်းတာဗျ။

"မြွေဆိုတာ တော်တော်ထူးဆန်းတဲ့ သတ္တဝါကွ။မောင်တာတေရဲ့။တစ်ကမ္ဘာလုံးမှာ ပျံ့နှံ့နေတဲ့မြွေအမျိုးအစားတွေ တော်တော်များတာကွ။ဒါပေမဲ့ ထူးခြားတာက ဒေသတစ်ခုမှာရှိတဲ့မြွေတွေဟာ တစ်ကောင်နဲ့တစ်ကောင်စိတ်ချင်းဆက်သွယ်နိုင်တယ်ကွ"

"ဘိုးရာစီတို့ မြွေတွေဖမ်းရင်း ဘယ်လိုများလိုက်ရှာတာတုံးဗျ"

ကျုပ်ကလည်း လွှတ်စပ်စုတဲ့ကောင်လေဗျာ။ကျုပ်က နှိုက်နှိုက်ချွတ်ချွတ်တွေမေး။ဘိုးရာစီကစိတ်ရှည်လက်ရှည်နဲ့ဖြေ။ကျန်တဲ့ကောင်တွေကမေးစေ့ကို လက်ထောင်ပြီး နားထောင်ကြပေါ့ဗျာ။

"ဒါကတော့ အလမ္ပာယ်ဆရာရဲ့ ပညာအဆင့်အတန်းပေါ်မှာမူတည်တာပေါ့ကွာ။တော်တော်များများကတော့တောထဲ တောင်ထဲတွေမှာ လိုက်ရှာကြရတာပေါ့ကွာဘိုးကတော့ အဲဒီလို လိုက်ရှာစရာ မလိုပါဘူး။

ဘိုးရဲ့ဆရာက အင်မတန် ပညာမြင့်တာကွ။သူ မသေခင်မှာ သူ့ပညာတွေ ဘိုးကို အားလုံးပေးခဲ့တော့
ဘိုးက သူမြွေရှာသလိုပဲ ရှာတာပေါ့ကွာ"

"ဟင်…ဘိုးက ဘယ်လိုရှာတာတုံးဗျ"

"တောနယ်ထဲကိုတော့ ဝင်ရတာပေါ့ကွာ။တပည့်က မြွေပခြုပ်တွေထမ်းပြီး လိုက်ကြတာပေါ့။တောထဲရောက်တာနဲ့ မန္တန်တွေ မန္တရားတွေရွတ်ဖတ်ပြီး အမိန့်ပြန်လိုက်ရင် တစ်ထွာသာသာရှိတဲ့မြွေနီလေးတစ်ကောင် ရောက်လာတယ်ကွ။

အပိုင်း(၂)ဆက်ရန်...

မူရင်းရေးသားသူအား လေးစားစွာ credit ပေးပါသည်။

Comments

Popular posts from this blog

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၃)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၅)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၆)