နတ်နဂါးအင်း အပိုင်း(၅)



"ဒါဆိုရင် အခု ကျုပ်တို့သွားမယ့် နတ်နဂါးအင်းကြီးကနဂါးတွေက ရေနဂါးမျိုးပေါ့နော် ဆရာကြီး"

"ဟုတ်တာပ မောင်တာတေ ။ ရေနဂါးမျိုးတွေပေါ့ အရွယ်အစား အကြီးကြီးတွေကွယ့်။ ပြီးတော့ သူတို့က ရိုးရိုးနဂါးတွေ မဟုတ်ဘူး။နတ်နဂါးတွေကွယ့်"

"ဟင် နတ်နဂါးဆိုတာက ဘယ်လိုမျိုးတုံး ဆရာကြီးရဲ့"

"သူတို့က ရေအောက်မှာ ဗိမာန်နဲ့ နေကြတာကွယ့်။
သူတို့နေဖို့ ဗိမာန်ကို သူတို့ရဲ့ တန်ခိုးနဲ့ ဖန်ဆင်းနိုင်ကြတယ်။ပြီးတော့ နတ်နဂါးမျိုးတွေဟာ ကြိုက်တဲ့အချိန်မှာလူယောင်ဖန်ဆင်းနိုင်ကြတယ်။လူအသွင်သဏ္ဌာန်နဲ့လူတွေကြားမှာ ရောနှောသွားလာနေနိုင်တယ်။သူတို့ကို သာမန်လူတွေကတော့ မသိဘူးပေါ့ကွယ်။ဒါပေမယ့် အဆင့်မြင့်တဲ့ လူပုဂ္ဂိုလ် ရဟန်းပုဂ္ဂိုလ်တွေကတော့သူတို့ကို မြင်တာနဲ့ သိကြတယ်ကွယ့်"

"သြော် …ဒီလိုကိုး။လောကကြီးမှာ ထူးဆန်းတာတွေတော်တော်များတာပါလား ဆရာကြီးရယ်"

"ဟုတ်ပေတယ် မောင်တာတေ။အခု ကျုပ်တို့သွားရမှာကမင်းဘူး ရွှေစက်တော်ဘက်ကနေ သွားရမှာကွယ့်။မောင်တာတေ မိဘများကို ခွင့်တောင်းပေတော့ကွယ်ခုလာမယ့်လပြည့်မတိုင်ခင် နတ်နဂါးအင်းကို
ကျုပ်တို့ရောက်ဖို့လိုတယ်။ဟိုမှာ ပြင်စရာဆင်စရာတွေရှိသေးတယ်ကွယ့်"

"ကောင်းပါပြီ ဆရာကြီး ။ ဆရာကြီး ခရီးထွက်မယ့်နေ့ကိုသာအမိန့်ရှိပါ ကျုပ်ဘက်က အဆင်သင့်ဖြစ်စေရပါမယ်"

"ဒါဆိုရင် သန်ဘက်ခါ မနက်စောစော ခရီးစထွက်ကြတာပေါ့ကွယ်"

ဘိုးလူပေနဲ့ ကျုပ်နဲ့ မကွေးရောက်တော့ မြသလွန်ဘုရားကိုဝင်ဖူးကြတယ်။မင်းဘူးဘက်ကမ်းကို သင်္ဘောနဲ့ကူးရတာဗျ။ရေလယ်သောင်တွေကို ကွေ့ပတ်ပြီးတော့ပေါ့ဗျာ။မင်းဘူးရောက်တော့ ရွှေစက် တော်ကို သွားပြီးရခိုင်ဘက်ကို ဝင်ခဲ့ကြတယ်။ခြေတော်ရာကိုတော့ဝင်ဖူးဖို့ အချိန်မရခဲ့ဘူးဗျ။

ရခိုင်ရောက်တော့ ရွာလေးတစ်ရွာကနေ ရခိုင်လမ်းပြတစ်ယောက် ငှားရတယ်။အသက်လေးဆယ်လောက်ရှိတဲ့ ကိုညီချေဆိုတဲ့လူဗျ။ ဒီလူက မုဆိုးလေဗျာ။လွှတ်လမ်းကျွမ်းတာဗျ။ ကိုညီချေ လမ်းပြပေးလို့ ဘိုးလူပေနဲ့ကျုပ်နဲ့တစ်ရက်တစ်ည သွားပြီးတာနဲ့နတ်နဂါးအင်းကြီးကို ရောက်ခဲ့ကြတယ်။

အို…အင်းကြီးမှ နဲတာကြီးမဟုတ်ဘူးဗျာ။ဘေးပတ်လည်မှာ တောင်ကမ်းပါးယံကြီးတွေဗျ။ မတ် မတ်ကြီးတွေဗျာ။အခု ကျုပ်တို့ရောက်တဲ့ဘက်ကတော့တောင်ကြားလမ်းလေးရှိလို့ အင်းထဲအထိ ဆင်းနိုင်တယ်ဗျ။

"ကိုကြီးညီချေ။ဒီခြေသွားလမ်းလေးက လူတွေအင်းထဲဆင်းတဲ့လမ်းထင်တယ်။လူတွေ သွားပါများလို့လမ်းဖြစ်တာလားဗျ။ဒီလူတွေက အင်းထဲမှာ
ငါးဆင်းဖမ်းတာလား"

"ဟာ မဟုတ်ပါ။ဒီလမ်းက လူသွားလမ်း မဟုတ်။
နဂါးသွားလမ်းပါ နဂါးဗိုက်ရာကြီးကနေ ခုလိုလမ်းဖြစ်နေတာလူတွေ ဒီအင်းမှာ ငါးမဖမ်းရဲကြဘူး"

"ဗျာ ဒါ နဂါးဗိုက်ရာကြီး ဟုတ်လား"

ကျုပ်ဆိုတာ ကြက်သီးတွေတောင် ဖျန်းကနဲထသွားလိုက်တာဗျာ။ကျုပ်မြေကြီးကို သေသေချာချာငုံကြည့်တယ်။ဟုတ်ပါ့ဗျာ။ဒါ နဂါကြီးတစ်ကောင်ရဲ့
ဗိုက်ရာကြီးပဲဗျ။ဘုရား ဘုရား ဘာတွေများ တွေ့ရဦးမလဲ။ဘိုးလူပေက ကိုညီချေကို ခေါ်ပြီး အင်းစပ်ကို ဆင်းတယ်။ကျုပ်လည်း လိုက်ရတာပေါ့ဗျာ။
ဘိုးလူပေက နေရာတစ်ခုကိုပြတယ်။

ကိုညီချေကို သစ်ပင်တွေ ခုတ်ခိုင်းတယ်။ဆယ့်ငါးပေလောက်ကျယ်တဲ့ မြေပြောင်ရလာတော့မှဝါးခုတ်ခိုင်းပြီး နှစ်တောင်လောက်မြင့်တဲ့စင်ကိုဝါးနဲ့ထိုးခိုင်းတယ်။ကိုညီချေက တောထဲမှာလင့်စင်ထိုးနေကျဆိုတော့ ခဏလေးနဲ့ဘိုးလူပေ လိုချင်တဲ့စင် ပြီးသွားတယ်။ဘိုးလူပေက ကန်တော့ပွဲပြင်ဖို့ ဝါးနဲ့ခံတောင်းဖက်ကလေးတွေ ယက်ခိုင်းတယ်။

ဒါကတော့ ကျုပ် ကျွမ်းပြီးသားဗျ။ကျုပ်က အဘတောင်းယက်ရင် ဝင်ပြီးလုပ်နေကြလေဗျာ။ကျုပ်ကတော့ ပွဲပြင်ဖို့ဝါးခံတောင်းလေးတွေ ယက်လိုက်တယ်။

ကျုပ်ကတော့ ပွဲပြင်ဖို့ ဝါးခံတောင်းလေးတွေယက်လိုက်တယ်။ကျုပ်တောင်းယက်နေတုန်းမှာမုဆိုး ကိုညီချေကို ဝါးပိုးခုတ်ပြီး ဖောင်ဖွဲ့ခိုင်းတယ်။ ဖောင်က ဆယ်ပေပတ်လည် ဝါးပိုးသုံးဆင့်ခံနဲ့ဗျ။ကျုပ်တောင်းတွေယက်ပြီးတော့ ကိုညီချေ ဝါးဖောင်ဖွဲ့တာကို ကူလုပ်ပေးလိုက်တယ်။ဘိုးလူပေက ဖောင်ကို သေသေချာချာစစ်ဆေးကြည့်ပြီးမှ သဘောကျသွားတယ်။

မုဆိုးကိုညီချေကလည်း ဖောင်ကို နွယ်ကြိုးတွေ
ကြိမ်တွေနဲ့ အထပ်ထပ်ချည်ပြီး ဖွဲ့တာဗျ။ ဖောင်ဖွဲ့ပြီးတာနဲ့ ကိုညီချေ တောထဲဝင်ပြီးအုန်းသီးငါးလုံးနဲ့ ငှက်ပျောခိုင်တွေ ခုတ်ရတယ်။ကျုပ်က လိုက်ပြီး ငှက်ပျောခိုင်ကူထမ်းရတာပေါ့ဗျာ။

ပြီးတာနဲ့ ဘိုးလူပေက ပွဲတွေပြင်တယ်။ဘုရားတစ်ပွဲ ငှက်ပျောသုံးဖီး ရှင်ဥပတ္တတစ်ပွဲငှက်ပျောသုံးဖီး တောင်ပိုင်နတ်ကြီးတစ်ပွဲငှက်ပျောသုံးဖီး တောစောင့်နတ်တစ်ပွဲငှက်ပျောနှစ်ဖီး နဂါးပွဲတစ်ပွဲ ငှက်ပျောနှစ်ဖီးဗျ။ပွဲတွေကို စောစောက ကိုညီချေ ထိုးထားတဲ့ စင်ပေါ်မှာ စီပြီးတင်တယ်။

အားလုံးပြီးတော့ ညနေစောင်းပြီ။ဘိုးလူပေက ကိုညီချေကို မေးတယ်။ဒီည ဒီမှာ အိပ်ချင်သလား ပြန်ချင်သလားမေးတော့ကိုညီချေက ပြန်မယ်လို့ ပြောတယ်ဗျ။ဒါနဲ့ ဘိုးလူပေက ကိုညီချေကို ငွေတွေပေးတယ်။

ကိုညီချေတောင်းထားတာရဲ့ နှစ်ဆပေးလိုက်တယ်။
ပြီးတော့ ကျေးဇူးတင်စကားကိုလည်း ဘိုးလူပေက
ထပ်ခါထပ်ခါ ပြောသဗျ။ကိုညီချေ ပြန်သွားတော့
နတ်နဂါးအင်းကြီးရဲ့ ကမ်းစပ်မှာ ဘိုးလူပေရယ်
ကျုပ်ရယ် ကန်တော့ပွဲ ငါးပွဲရယ်ပဲ ကျန်တာပေါ့ဗျာ။
ဘိုးလူပေက ရေစပ်အထိဆင်းပြီ အင်းကို
အကဲခတ်တယ်။

အပိုင်း(၆)ဆက်ရန်...

မူရင်းရေးသားသူအား လေးစားစွာ credit ပေးပါသည်။

Comments

Popular posts from this blog

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၃)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၅)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၆)