မိန်းမပျိုလေးရဲ့ဝိညာဉ်တေးသံ (အပိုင်း၁)

မိန်းမပျိုလေးရဲ့ဝိညာဉ်တေးသံ (အပိုင်း၁)

လွန်ခဲ့တဲ့နှစ်နှစ်ဆယ်ကတန်ဆောင်မုန်းလဆန်း ဆယ့်လေးရက် အဖိတ်နေ့ ဖူးကြီးရေလှောင်ကန်ဝန်ထမ်းမိသားစုကိုးကွယ်ရာ ဘုန်းကြီးကျောင်းရဲ့ကျောင်းရေစက်ချ နဲ့ကထိန်အလှူပွဲကြီးစည်ကားသိုက်မြိုက်စွာကျင်းပပြီးစီးခဲ့ပါပြီ။
အရိပ်ကောင်းတဲ့ အေးချမ်းလှတဲ့ဘုန်းကြီးကျောင်းမှာ နားနားနေနေ နေကြရင်း တကျောင်းလုံးသိမ်းဆည်း ရှင်းလင်း အလုပ်တွေအားလုံးပြီးမှ ဌာနဆိုင်ရာက ကားနဲ့  ကိုယ့်ဝန်ထမ်းအိမ်ရာလေးဆီပြန်ဖို့ပြင်ကြပါတော့တယ်။
" လူစုံပြီလား ကိုယ့်လူ ကိုယ်စစ်ဟေ့။ စုံရင်သွားကြမယ်။"
ဘုန်းကြီးကျောင်းကပြန်ထွက်လာတော့ မှောင်စပျိုးနေပေမယ့် အဖိတ်နေ့ညရဲ့လရောင်က ပတ်ဝန်းကျင်တခွင်မှာ လင်းဖြာနေပြီး အေးချမ်းသာယာမှု အပြည့်ခံစားနေရတယ်။

"ကဲ ရောက်ပြီဟေ့။ အောက်ကိုသေချာကြည့်ဆင်းကြ။ ချော်လဲမယ်"
အမေကဆရာမဖြစ်တာရယ် ကိုယ်ကလည်း တက္ကသိုလ်တွေပိတ်ထားတုန်း ကလေးတွေကိုစာသင်ပေးတာရယ် အိမ်က အငယ်နှစ်ယောက်နဲ့ရွယ်တူ ကလေးတွေကသူတို့အိမ်ပြန်မလိုက်ကြဘဲ အိမ်မှာလိုက်အိပ်ကြတယ်။
ပါလာတဲ့ပစ္စည်းတွေနေရာချ
ကလေးတွေအိပ်ဖို့နေရာပြင်ပေးပြီး အဝတ်အစားးသစ်တွေကို ချွတ်ပြီးတာနဲ့ ‌လျှော်ချင်တဲ့စိတ်ကို ဒေါ်နွဲ့တယောက်မချိုးနှိမ်နိုင်ခဲ့။

" သမီးအလတ်မ မေမေနဲ့အဖော်လိုက်ခဲ့ အဝတ်ဆင်းလျှော်မယ်"
‌‌ခေါင်းရင်းအိမ်နဲ့ ကိုယ်တွေအိမ်တွေကြားမှာ ‌လေးအိမ်မျှသုံးဖို့ အုတ်ရေကန်လေးတခုရှိတော့ အမေက အဝတ်ဆင်းလျှော် ညီမကအဖော်စောင့်ပေး။ ကိုယ်နဲ့ အဖေကအိမ်ပေါ်မှာကလေးတွေနဲ့နေခဲ့တယ်။
အဲဒိအချိန်မှာ အိမ်အောက်က
"ဘယ်သူလဲ ဘယ်သူလဲ"

"အမလေး ကယ်ကြပါဦး" ဆိုတဲ့အမေ့ရဲ့ ကြောက်လန့်တကြားအော်လိုက်တဲ့အသံကျယ်ကြီးနဲ့အတူ အသံတွေကြားလိုက်ရပါတယ်

"အမေ့ ဘာဖြစ်တာလဲ"

"မိန်းမ ဘာဖြစ်တာလဲ"

အလန့်တကြားဆူညံသံတွေကြောင့် နှုတ်ကလည်းမေးရင်း ကိုယ်နဲ့အဖေနဲ့ အိမ်ရှေ့ကိုအပြေးထွက်လာချိန်မှာ အမေက အိမ်ရှေ့ နားရောက်နေပြီး ညီမငယ်က အိမ်ခေါင်းရင်းမှာ မှောက်လျက်သားလဲနေတာတွေ့တော့သွားတွဲခေါ်လာခဲ့တယ်။လတ်တလောမှာ အခြေအနေကရုတ်ရုတ်သဲသဲဖြစ်နေတယ်။ ညဘက်အသံတိတ်ချိန်မှာ အမေ့ရဲ့‌အလန့်တကြားေအာ်သံကဝန်ထမ်းအိမ်ရာလေးမှာ အတော်ကျယ်လောင်သွားတော့ အိမ်နီးချင်းတွေ ဆွေမျိုးသားချင်းတွေကလည်းရောက်လာခဲ့ကြတယ်။အိမ်ခေါင်ရင်းမှာနေတဲ့ အိမ်နီးချင်း အစ်မကလည်း သူ့စိတ်ထဲ ဘာတွေတွေးမိလဲမသိ ကလေးငယ်လေးခါးထစ်ခွင်ရင်းကိုယ်တို့အိမ်နောက်ဘက်ဘေးလမ်းတလျှောက် အော်ဆဲနေတာလည်းကြားရ နဲ့ရုတ်ရုတ်သဲသဲဖြစ်နေရော။
" ကဲ ကဲ မနွဲ့ ကိုလည်းသေချာမေးပါဦး ဘာတွေဖြစ်တာလဲဆိုတာ"
ရောက်လာတဲ့ ဦးလေးတော်စပ်သူမေးချိန်မှာ အမောပြေ စ အကြောက်ပြေစပြုနေတဲ့ အမေ့ကိုမေးရတယ်။

( ၂ ) "သားအမိနှစ်ယောက်စကားတပြောပြောနဲ့အဝတ်လျှော်နေရင်း နားထဲမှာ မိန်းကလေးတယောက်ရဲ့သီချင်းညီးသံလိုလို  သီလရှင်ဆရာလေးတွေဆွမ်းဆန်အလှူခံထွက်ရင်ဆိုတဲ့ဆွဲဆွဲငင်ငင်အသံလိုလိုကြားလိုက်တာ။ သမီးအလတ်မကလည်းကြားတယ်။ အသံကတဖြည်းဖြည်းနီးလာပြီးကြက်သီးမွှေးညင်းထလာပြီးကြောက်လာတာ။မော့လည်းမကြည့်ရဲ တော့ ဘယ်သူလဲမေးရင်း ကြောက်ကြောက်နဲ့ထွက်ပြေးလာခဲ့တာ"
အမေ့ရဲ့ဖြေသံအဆုံးမှာ ဦးလေးဖြစ်သူကရယ်ပြီး
"အစ်မ တို့ကတော့လုပ်ပြီ။ လေတိုက်ကြောက် သစ်ရွက်လှုပ်လည်းကြောက်နဲ့။ ကျနော်ကအစ်မတို့လင်မယားရန်ဖြစ်တယ်မှတ်လို့ပြေးလာတာ။"

( ၃ ) အပြေးအလွှားရောက်လာကြသူတိုင်းကတော့ အလွန်အသဲငယ်တတ်တဲ့အမေ့အကြောင်းသိကြတော့ ဝိုင်းရယ်ကြ ပြောကြနဲ့ နည်းနည်း တည်ငြိမ်သွားချိန်မှာ
နောက်ဘက်သွားဆဲနေတဲ့ခေါင်းရင်းအိမ်ကအစ်မရောက်လာတယ်။ မျက်စိမျက်နှာကလည်းပျက်လို့။
"မဟုတ်သေးဘူး။ တခုခုတော့ တခုခုပဲ။ အန်တီ ပထမတကြိမ် ဘယ်သူလဲ ဘယ်သူလဲ မေးသံကြားလို့ ကျမကပြတင်းပေါက်ကလှမ်းကြည့်လိုက်တော့ ဆံပင်ကျောလည်လောက်မိန်းကလေးတယောက် အန်တီတို့အိမ်နောက်ဘက်ဝင်သွားတာတွေ့တာ။ ကျမက  - - - ( တခြားရွာက မကောင်းတဲ့အသက်မွေးဝမ်းကြောင်းလုပ်စားသူ ) ညဘက်တောင်ပေါ်လာပြီး အကြံအဖန်လုပ်တယ်မှတ်လို့ ကလေးချီဆင်းလာပြီး နောက်ကလိုက်ဆဲတာ။ ဒီဘက်ထိပ်ရောက်တော့မ‌ေတွ့တော့ တောင်အောက်ရွာထဲဆင်းသွားတယ်မှတ်ပြီးထပ်အော်ဆဲနေသေးတာ။ ပြန်လာလို့အန်တီတို့အိမ်နောက်က ထမီတန်းကိုကွေ့ရှောင်ရင်းမှသတိရသွားတာ။ ခုနကမိန်းမ ကျမရှေ့မှာ အဲဒိတန်းကို ဒီအတိုင်းဖြတ်လျှောက်သွားတာသတိထားမိတာ။ အမလေး တွေးရင်းတောင်ကြောက်တယ်။"
ခေါင်းရင်းအိမ်ကအစ်မပြောစကားအဆုံးမှာ ခုနက‌အမေ့ကိုရယ်ပွဲဖွဲ့နေသူတွေ နည်းနည်းစဉ်းစားသွားကြတယ်။
အဲဒိအချိန်မှာ အိမ်ပေါ်ကနေ့ လှမ်းခေါ်လိုက်တဲ့အဖေ့အသံကိုကြားလိုက်ရတယ်။
" အိမ်နောက်ဖေးခန်းကိုလည်း လာကြည့်ကြဦး"
အိမ်ရှေ့မှာစုနေတဲ့လူတွေလည်းအိမ်ပေါ်တက်ပြီး နောက်ဖေးခန်းဆီသွားကြည့်ကြပါတော့တယ်။

ဇာတ်သိမ်းပိုင်းဆက်ရန်...
(ဆက်လက်ဖော်ပြပါမည်)

မူရင်းရေးသားသူအား လေးစားစွာ credit ပေးပါသည်။

Comments