နတ်နဂါးအင်း အပိုင်း(၃)



လို့ ပြောလိုက်တော့ ချက်ချင်းငန်းဝါကြီး ပုံစံဖြစ်ပြီး အိမ်ထဲကနေ လျှောကနဲထွက်သွားတယ်။မနက်မိုးလင်းတော့ ဘိုးကငန်းဝါကြီးထားတဲ့ ငခြုပ်အနီကြီးကို သွားဖွင့်ကြည့်လိုက်တော့ အထဲမှာ ဘာမှကို မရှိတော့ဘူးကွယ်။ဒါနဲ့ ဘိုးလည်းဒီအတိုင်း ထားလိုက်ပြီး တစ်ပတ်ကြာတော့မှပခြုပ်အနီကြီးကို သွားကြည့်တယ်"

"ရွှီ"

ဘိုးတောင်မှ ပခြုပ်မဖွင့်ရသေးဘူး။အထဲကနေ ငန်းဝါကြီးက အသံပေးသကွယ်။မြွေဆိုတာ ကတိအင်မတန်တည်တဲ့သတ္တဝါတွေမောင်တာတေရဲ့။ဒါကြောင့် မြွေနဲ့ပတ်သတ်ရင်ဘယ်တော့မှ မလှည့်စားနဲ့ ကတိမပျက်စေနဲ့ကွယ့်"

အဲဒီလို ထူးဆန်းတဲ့ မြွေတွေအကြောင်းလည်း
ကြားရတာကိုးဗျာ။ဒါကြောင့်လည်း ဘိုးရာစီနဲ့ဆုံရင်းထမင်းမေ့ ဟင်းမေ့ချည်းပဲဗျ။

"ဘိုးနဲ့ သက်တူရွယ်တူလောက်ရှိတဲ့ မြွေအလမ္ပာယ်ဆရာတစ်ယောက် ရှိသကွယ့် ။ သူ့နာမည်က 'စိုင်းယက္ခ'တဲ့။ဒီကောင်က မြွေဟောက်ကြီးတစ်ကောင်နဲ့ ကပြတာ။ ကလို့ပြီးရင် ဒီကောင်က မြွေကို နှုတ်ခမ်းချင်းတေ့ပြီးနမ်းပြတာ။မြွေကလည်း သူ့ကို နမ်း။သူကလည်းမြွေကို နမ်းပေါ့ကွာ။အဲဒီနေ့က ပြန်လွှတ်ရမယ့်မြွေဟောက်ကြီးကို မလွှတ်ဘဲ တစ်ရက်ကျော် သွားတာတစ်ရက်ကလေးပဲ ကျော်သွားတာပါ။

အဲဒီနေ့ ခါတိုင်းလို မြွေဟောက်ကြီးနဲ့ ကပြီးပါးစပ်ချင်းတော့ နမ်းတယ်။မြွေဟောက်ကြီးရဲ့ခေါင်းကိုသူ့ပါးစပ်ထဲထည့်ပြီး ငုံပြတယ်။

ဒီမှာတင် မြွေဟောက်ကစိုင်းယက္ခရဲ့လျှာကို ကိုက်လိုက်တာ ပြန်ဖြုတ်လို့ကိုမရတော့ဘဲ နောက်ဆုံးလျှာကိုဓါးနဲ့ဖြတ်ထုတ်ပစ်ရတော့တာပဲ မောင်တာတေရေ"

"ဟာ ဒီလောက်တောင်ပဲလား ဘိုးရယ်"

"ဟုတ်ပါ့ဗျာ မြွေများ လွှတ်သစ္စာရှိတာကွယ့်။သူတို့အပေါ်မှာ သစ္စာရှိမှလည်း ကြိုက်တာဗျ။ကတိသစ္စာထားပြီး ပျက်လို့ကတော့ နဂါးမျက်စောင်း
အကြောင်းမရွေးဆိုသလိုပဲ မောင်တာတေရေ"

"ဟုတ်ပါ့ ဘိုးရယ်။ဘိုးပြောပြမှပဲ မြွေတွေ နဂါးတွေအကြောင်းကောင်းကောင်းသိရတော့တာ ဘိုးရဲ့"

"အင်း…မောင်တာတေတို့လို လူငယ်တွေ ဗဟုသုတပွားတာကောင်းတာပေါ့ကွယ်။ဘိုးလည်း ကြုံတဲ့အခါတိုင်းဘိုးရဲ့ အတွေ့အကြုံတွေကို ပြောပြပါ့မယ်ကွယ်"

'နေ့ပူလို့ ညချမ်း တပေါင်းလသရမ်း'လို့ တပေါင်းလကိုမကြိုက်တဲ့သူတွေက ပြောကြတာပေါ့ဗျာ။
တပေါင်းလကိုကြိုက်တဲ့သူတွေကတော့ 'တပေါင်းသာခေါင် လများနောင်'လို့တောင်ပြောကြတာလေဗျာ။

တကယ်တော့ တပေါင်းလမှာကတောပန်း တောင်ပန်းတွေ အကုန်ပွင့်ပြီး ဆေးရောင်စုံပန်းချီတစ်ကားလို လှတယ်ဆိုတာကိုတော့ တောထဲတောင်ထဲ
ရောက်တဲ့သူတွေမှ သိကြတာကိုးဗျ။

အခုလို တပေါင်းလမှာ တောထဲတောင်ထဲ ရောက်သွားလို့ကတော့လွှတ်လွမ်းတာဗျ။ဘာကိုလွမ်းမှန်းလည်း ကျုပ်တော့မသိပါဘူးဗျာ။ကျုပ်တော့ ဒီလိုတပေါင်းလမှာတောတက်ရရင် လွှတ်ပျော်တာဗျို့။

နဂါးဆေးပေါ့လ်ိပ်ကလေးသောက်ရင်း တောင်ရောက်မြောက်ရောက် တွေးနေတဲ့ ကျုပ်အတွေးတွေက တစ်ချက် တစ်ချက် မီးဖိုဘက်ကိုရောက်သွားသေးဗျ။

မီးဖိုထဲက အမေချက်နေတဲ့ဝက်လက်ဟင်းအနံ့က ကျုပ်နှာခေါင်းထဲကိုဝင်လာတာကိုဗျ။ခေါက်ဆွဲကြော်ဆိုင်ကကိုပိန်လာခေါ်လို့ အမေ လိုက်သွားပြီး
ဝက်လက်နှစ်ချောင်းတောင် ဝယ်လာတာဗျ။

ဝက်လက်ကို ကိုပိန်က သေသေချာချာသန့်ရှင်းပြီး
အနေတော် ခုတ်ပေးလိုက်တာဗျ။အမေက အိုးထဲမှာ
ဆီနည်းနည်းထည့်ပြီး ဝက်လက်တုံးပြီသားတွေ ထည့်တယ်။ဆီပူထိုးတာပေါ့ဗျာ။ရေနည်းနည်းထည့်ရသေးတယ်ဗျ။နည်းနည်းလေးပါ။ခေါ်ရေပေါ့ဗျာ။

ဒီတော့မှ ဝက်လက်ထဲက ရေတွေထွက်လာတာဗျ။
အသားထဲက ရေကို ထုတ်ပစ်တာပေါ့ဗျာ။ အဲဒီရေထုတ်ပြီးချက်မှ ဝက်သားက နူးလွယ်တာဗျ။
အရသာလည်း ပိုရှိတယ်။

ပထမတစ်ရေခမ်းသွားလို့ ဒုတိယရေထည့်ကာနီးမှာ
အမေက မရမ်းသီးစိမ်းလေးတွေ ထက်ခြမ်း,ခြမ်းပြီးထည့်လိုက်တာဗျို့။ပြီးမှ ရေထည့်တာ ။

ဒုတိယရေလည်းခမ်းရော ဝက်လက်တွေ နူးရုံမဟုတ်ဘူး။အိနေတော့တာဗျ။အရသာကလည်း ချဉ်ဖြုံးလေး။ အနံ့ကလည်း မွှေးလို့။မရမ်းသီးခြောက်ထည့်လည်းကောင်းတာပဲဗျ။ကျုပ်က နဂါးဆေးပေါ့လိပ်ကလေးဖွာရင်း အမေ့ရဲ့ဝက်သားဟင်းနံ့ မွှေးမွှေးလေးကို ရှူနေတုန်းရှိသေးသဗျ။

"တာတေရေ။တာတေ"

ဝိုင်းဝကနေ ကျုပ်နာမည်ကို အသံကျယ်ကျယ်ကြီးနဲ့
လှမ်းအော်နေတာဗျို့။တန်းလျားပေါ်မှာ ပက်လက်ကလေးလှန်ပြီးဝက်သားဟင်းနံ့လေး ရှူနေတဲ့ ကျုပ်တောင် လန့်သွားပြီးချက်ချင်း ထကြည့်မိတာဗျို့။

ဟာ ဘန့်ဘွေးကုန်းက ကိုစံအေးကြီးဗျ။လူကပိန်ပိန်ရှည်ရှည် ကလန်ကလားကြီးနဲ့စကားပြောရင်း
အော်ကျယ် အော်ကျယ်နဲ့ပြောတာ ။ဘန့်ဘွေးကုန်းမှာစံအေးနှစ်ယောက်ရှိတယ်။သူ့ကိုအာကျယ်စံအေးလို့ခေါ်တာဗျ။

ကိုစံအေးရဲ့အဖေက ဘိုးစံလေဗျာ။လွှတ်စိတ်တိုတဲ့
အဘိုးကြီးဗျ။ဘန့်ဘွေးကုန်းက ကောင်တွေက
ဘိုးစံမောင်ကို ကွယ်ရာမှာ ဘိုးစိတ်တိုလို့ ခေါ်ကြတာ။

"ကိုစံအေးကြီး လာလေဗျာ။အိမ်ပေါ်မှာဗျ"

ဝိုင်းထဲမှာ ဟိုကြည့် ဒီကြည့် လုပ်နေတဲ့ ကိုစံအေးကို
လှမ်းခေါ်လိုက်တယ်။ကိုစံအေးက လက်ပြင်ကိုင်းကိုင်းကြီးနဲ့အိမ်ပေါ်တက်လာရောဗျ။

"ဟာ …မွှေးလှချည်လား ။အရီးငွေစိန်။ဘာဟင်းကောင်းတွေ ချက်နေတုန်း"

ကိုစံအေးက အသံကျယ်ကျယ်ကြီးနဲ့လှမ်းမေးလိုက်တာဗျို့။ကိုစံအေးအသံကို ကျုပ်တို့တစ်ရွာလုံးက
မှတ်မိပြီးသားလေဗျာ။

"ဟဲ့ စံအေးကြီးပါလား ။ ကိုစံမောင်တို့နေထိုင်ကောင်းကြလားဟဲ့"

"ကောင်းပါ့ဗျာ။ကျုပ်တို့ကို လက်ညှိုးတထိုးထိုးနဲ့
ခိုင်းကောင်းတုန်း။ကုန်းအော်တုန်းဗျို့"

အပိုင်း(၄)ဆက်ရန်...

မူရင်းရေးသားသူအား လေးစားစွာ credit ပေးပါသည်။

Comments

Popular posts from this blog

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၃)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၅)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၆)