ဘွားမယ်စိန်နှင့် ပူကင်းရွာဟောင်းမှခင်မမ အပိုင်း(၁)




နေ့လယ်ခင်းအချိန်၌ ဘွားမယ်စိန်၏အိမ်တွင်
ရွာတောင်ပိုင်းမှအရီးလှအေးရောက်ရှိနေခဲ့လေသည်။
အရီးလှအေးမှာ ဘွားမယ်စိန်၏ယောကျာ်းဖြစ်သော
ဘိုးသာမောင်၏ညီမပင်ဖြစ်၏။
အရီးလှအေးသည် ခန္ဓာပိန်လွန်းလှသူဖြစ်ပြီး
လမ်းလျောက်လျှင်လည်း ခါးကြီးတကိုင်းကိုင်းဖြင့်
သွားတတ်သူပင်။
တစ်အိမ်ဝင်တစ်အိမ်ထွက်အလည်မပြတ်သူလည်းဖြစ်ပြီ
အသက်အရွယ်မှာဘွားမယ်စိန်ကဲ့သို့ခြောက်ဆယ်ကျော်လုလုရှိလေပြီ။
ယခုလည်း ဘွားမယ်စိန်နှင့်ကွပ်ပျစ်ခင်း၌ထိုင်၍
ဆေးလိပ်ကြီးကိုဖွာရှိုက်ရင်း ဟိုသည်အကြောင်းအရာများပြောဆိုနေခဲ့သည်။
ထိုအချိန် ဒေါ်ဝင်းနှင့်နန်းကြိုင်တို့သည် ခမောက်ကိုယ်စီဆောင်း၍ အိမ်အတွင်းမှထွက်လာကြလေရာ အရီးလှအေးသည် မျက်စိမှုန်မှုန်ဖြင့်စူးစိုက်ကြည့်လေရင်း...

"ဟဲ့...မိဝင်း...ဒါကဘယ်တုန်း...."

ဟုမေးလေသည်။
ဒေါ်ဝင်းလည်းကွပ်ပျစ်သို့ရောက်လာပြီး...

"ဆူးပုပ်ရွက်ဟင်းချိုချက်ချင်လို့ကြီးတော်...
အဲ့တာရွာအနောက်ပိုင်းသွားခူးမလို့"

"ဆူးပုပ်များအေ...တို့ဝိုင်းထဲကသွားခူးချေစမ်းပါ...
ဟိုမိန်းကလေး ကောခေါ်သွားမှာလားအေ့"

အညာဒေသအချို့၌ မိန်းကလေးငယ်တို့အား "မိန်းကလေး"
ဟုသာခေါ်ဆိုတတ်ကြ၏။

"ဟုတ်တယ်ကြီးတော်...သမီးကိုလည်းခေါ်သွားမလို့လေ"

"အေး...ဒါဖြင့်လည်း တို့အိမ်ကသွားခူးကြအေ...
ညည်းနှမတွေရှိတယ်...ကြီးတော်က
မြေပဲနှစ်ပြည်ပါပေးခိုင်းလိုက်တယ်လို့ပြောလိုက်........"

"မြေပဲတွေတော်ပါပြီကြီးတော်ရယ်...
ကြီးတော်တို့ကမိသားစုအများသားနဲ့"

"အိုအေ...မိသားစုများလည်း
ဒီလောက်နဲ့စာမဖွဲ့ပေမဖွဲ့ရပါဘူး...
သွား...သွား...ကြီးတော်ပြောသလိုသာယူခဲ့အေ"

"ပြီးတာပဲကြီးတော်ရေ...ဒါဖြင့်ကျုပ်သွားပြီ...
အမေ...သွားဦးမယ်"

"အေး...အေး...သွားကြ...သွားကြ"

အရီးလှအေးက ပြောလိုက်ခြင်းဖြစ်သည်။
ဘွားမယ်စိန်ကတော့ ခေါင်းသာညိတ်ပြလိုက်၏။

"အစ်မရေ...ကျုပ်တို့အိမ်ကအကြီးကောင်မိသားစု...အငယ်ကောင်မိသားစုနဲ့တယ်ကိုဆူညံလှပါတယ်တော်...တော်တို့သားအမိပဲအေးချမ်းတယ်...."

"ညည်းကဒါမို့မြေးမထိန်းဘဲ အိမ်အလည်ထွက်တယ်ပေါ့"

"အိုတော်...မထိန်းနိုင်ပါဘူး...။ဒင်းတို့ထိန်းရတာ မျောက်တစ်ရာကိုထိန်းနေရသလို...ပါးစပ်ကလည်းမပိတ်ရ
လက်ကလည်းဆွဲရနဲ့တော်တော်ဆိုးပါရဲ့"

"အေး..သားအချစ် မြေးအနှစ်တဲ့အေ့...."

"သားအချစ်မြေးအနှစ်ဆိုတာတော့ ကျုပ်ဖြင့်
ငြင်းရရင်ငြင်းချင်ရဲ့တော်...ဘယ်နဲ့ ဒီအမေ...အိုကြီးအိုမကို
ကလေးထိန်းခိုင်းချင်ကြရတယ်လို့ ...သူတို့တုန်းကလည်း
ဒီမအေကပဲထိန်းခဲ့ရတာ....အခုမြေးတွေလည်းထိန်းခိုင်းကြပြန်တယ်လေ...ဒါမို့စိတ်ရှိစနဲ့ သူတို့မယားများနဲ့သာ
ထားပစ်ခဲ့လိုက်တယ်"

"ညည်းချွေးမများကလည်း ညည်းအပေါ်ရိုသေကြပါရဲ့အေ"

"ရိုသေရမှာပေါ့တော်...ကျီးဘုတ်ရိုသေ..ဘုတ်ကျီးရိုသေပေါ့...
ယောက္ခမလည်းမိဘ၊ချွေးမလည်းသမီး...ကျုပ်ကတော့
ဒီလိုပဲဆက်ဆံတယ်လေ...။
သူတို့ခမျာလည်း ကျုပ်ရဲ့
မေတ္တာယောင်ပြန်ဟပ်တယ်ထင်ပါရဲ့တော်......"

"ဒါပေါ့အေ...."

ဘွားမယ်စိန်သည် အရီးလှအေးပြောသမျှကိုနားထောင်ပေးရှာသည်။
အတော်ကြာတော့...
ဒေါ်ဝင်းတို့သားအမိသည်လည်း
ဆူးပုပ်ရွက်များနှင့်မြေပဲတောင့်များယူကာ
အရီးလှအေး၏အိမ်မှပြန်လာခဲ့ကြသည်။
ထိုအခါမှအရီးလှအေးသည်လည်းပြောလို့ဆိုလိုဝသွားပုံရပြီး
ရွာတောင်ပိုင်းရှိသူ၏အိမ်ဆီသို့ပြန်သွားတော့၏။

နေပင်စောင်းလုလုဖြစ်နေပြီမို့ ဒေါ်ဝင်းသည်
မီးဖိုထဲ၌ ထမင်းစားဖို့ပြင်ဆင်နေခဲ့သည်။
ဘွားမယ်စိန်သည်က ခြံထဲရှိ မာလကာပင်များကိုရေလောင်းနေ၏။
မာလကာပင်များရေလောင်းပြီးလေမှ ရေချိုးရှာသည်။
ရေမိုးချိုးပြီးချိန် မိသားစုစုံညီစွာ ညစာစားကြလေတော့သည်။
ညစာစားပြီးလေတော့ ဘွားမယ်စိန်သည် ဘုရားခန်း၌ တရားထိုင်ပုတီးစိပ်လေ၏။
ဒေါ်ဝင်းတို့သားအမိလည်း ဘုရားကန်တော့ပြီးနောက်
ကွပ်ပျစ်၌ လှဲလျောင်းကာ စကားပြောနေကြလေသည်။
ဘွားမယ်စိန်တစ်​ယောက်သာ ဘုရားခန်း၌ ကျန်ရစ်ခဲ့တော့၏။

*********

နောက်တစ်နေ့ရောက်တော့ ဘွားမယ်စိန်၏အိမ်သို့
လူစိမ်းဧည့်သည်နှစ်ဦးရောက်ရှိလာခဲ့သည်။
ထိုလူစိမ်းတို့အား ဘွားမယ်စိန်က ကွပ်ပျစ်၌ဧည့်ခံလေသည်။
လူစိမ်းနှစ်​ယောက်မှာအသက်အားဖြင့် သုံးဆယ်ကျော်အရွယ်ဖြစ်ကြပြီး သူငယ်ချင်းများဖြစ်သည်ဟုပြောကြ၏။
တစ်ယောက်အမည်ကဖိုးကျော်ဖြစ်ပြီးနောက်တစ်ဦး၏
အမည်ကဝင်းမောင်ပင်ဖြစ်သည်။

"ကဲ...မောင်ရင်တို့အမည်တွေသိပြီဆိုတော့လာရင်းကိစ္စလေးပြောကြကွယ်.........."

ဟု...ဘွားမယ်စိန်ကမေးလေသည်။
ဒေါ်ဝင်းနှင့်နန်းကြိုင်သည်က လက်ဖက်ပွဲနှင့်အကြမ်းအိုးချပေးပြီးသည်နှင့်မီးဖိုထဲဝင်သွားကြလေပြီ။
ထိုအခါ ဖိုးကျော်ဆိုသော အရပ်ပုပု အသားညိိုညိုလူမှ...

"ကျုပ်တို့က ဆေးတောရွာကပါ...ဆေးတောရွာနဲ့ ဒီကနည်းနည်းပဲဝေးပါတယ်ဘွား"

"ဆေးတောရွာဆိုတာ...ဘွားတို့ရွာအရှေ့ဆူးဆူးကမဟုတ်လားကွဲ့"

"ဟုတ်ပါတယ်...ကျုပ်တို့ကဆေးတောရွာသားတွေပါ...
ကျုပ်ကတော့​တောင်သူလုပ်တယ်ပေါ့ဗျာ...ဒီက ကျုပ်သူငယ်ချင်း ဝင်းမောင်ကတော့ သူ့မိဘများက သူဌေးကိုးဗျ...
သူကတော့သူဌေးသားဆိုတော့ဘာမှ
လုပ်စရာမလိုဘူးပေါ့လေ...။
အင်း....ပြောရရင်ဖြင့် အခုလာရင်းကိစ္စက ဟောသည်
သူဌေးသားဝင်းမောင်ရဲ့အရေးပေါ့ဗျာ......."

အပိုင်း(၂) ဆက်ရန်...

မူရင်းရေးသားသူအား လေးစားစွာ credit ပေးပါသည်။

Comments

Popular posts from this blog

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၃)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၅)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၆)