ခေါ်၍ လိုက်လာရပါသည် (အပိုင်း ၁)
"ခေါ်၍ လိုက်လာရပါသည်"
______
၁။
မှောင်သည်။ အ,ကာလ ညဉ့်သန်းခေါင်သည် မှောင်မိုက်လို့နေပါသည်။ထိုအမှောင်ထုထဲမှ ရာသီအပူကြောင့် ရင်ကွဲပုစဉ်းငယ်တို့သည် အသက်ပြတ်ထွက်လုမတတ် အဆက်မပြတ် အော်ဟစ်နေကြပါသည်။
နွေည သန်းခေါင်ယံတွင် အငယ်ဆုံး နို့စို့ကလေး တရေးနိုးလာပါသဖြင့် မခင်စန်း တစ်ယောက် အိပ်ချင်မူတူးဖြင့် နို့တိုက်နေရသည်။
ကလေးနို့တိုက်ရင်း မှေးကနဲ အိပ်ချင်ချင် ဖြစ်နေတုန်း ခပ်အုပ်အုပ် ဆူညံပွက်သံကြောင့် သူမ မျက်လုံး ပြူးကျယ်သွားရသည်။
အိမ်အနောက်ဘက် ကြက်ခြံမှ ကြက်အော်သံတွေ ခပ်စိပ်စိပ် ထွက်ပေါ်လာသောကြောင့်ဖြစ်ပါ၏။
" ကတော် ... ကတော် ... ကွတ် ... ကွတ် ... "
နောက်ဖေးမှာ မွေးထားသော ကြက်များသည် ဒီကနေ့ညမှ ထူးခြားစွာ အုတ်အုတ်ကျက်ကျက် အသံပေးနေကြ၏။ခါတိုင်း ဤညကဲ့သို့မဟုတ်။
ကြက်များ၏ သဘောက မြွေကဲ့သို့သော သူတို့၏ ဥများကို အန္တရာယ်ပေးမည့် အကောင်တွေ့ပါက ဤသို့ ဆူညံလေ့ရှိကြ၏။
အပို ဝင်ငွေလေး ရအောင် လင်မယားနှစ်ယောက် ကိုယ်တိုင် ဝါးထရံ ခပ်ကျဲကျဲ ခတ်ကာ၊ သက်ကယ်မိုး တဲဖြင့် ကြက် ကောင်ရေ အနည်းငယ်ကို မွေးထားခြင်း ဖြစ်သည်။ အလွန်ရှိလှ ၁၅ကောင် ၂၀ပေါ့။ဒါက တိုးပွားလာခြင်းဖြစ်သည် ။ သူတို့လင်မယား စမွေးမြူကာစက နှစ်စုံ ၄ကောင်တည်း ဖြစ်၏။
ခုတလော ကြက်များကို လင်းမြွေကြီးတစ်ကောင် လာချောင်းနေသည်ဟု နို့ညှာကောင် နေထက်လင်းက အမေကို သတိပေး၏။ ဒီကောင်က ကြက်ခြံကို ဂရုစိုက်သည်။ အကြီးကောင်လို ကစားမက်သည်မဟုတ်။ကြက်ဥ ကောက်လည်း သူပင်။ အားကိုးရ၏။
" အမေ ... လင်းမြွေကြီးဗျ ၊ ကြက်ခြံကို လာချောင်းတာ ၊ ကျနော် ဘတ်ခွနဲ့ ထုလွှတ်လိုက်တာ အနောက်ဘက် ချောင်းကျယ်ထဲ ဆင်းပြေးသွားတယ် ။ နောက်တစ်ခါ မိလို့ကတော့ အသေဆော်ပြီပဲ "
မခင်စန်းသည် စိုးရိမ်စိတ်ဖြင့် ကိုဖိုးလုံးကို ကြက်ခြံထဲ ဆင်းကြည့်ဖို့ ပြောရန် ပြင်လိုက်သည်။
ဒါပေမယ့် တခူးခူးနဲ့ ဟောက်နေသော ဘေးနားက လင်ယောက်ကျားကို ကြည့်၍ မခင်စန်းသည် သက်ပြင်းမောကို ဟင်းကနဲ ချလိုက်မိသည်။
ခမျာလည်း တစ်နေကုန်လုံး လွှဆွဲ၊ ထင်းတိုက် စတဲ့အလုပ်ကို ကြမ်းတမ်းစွာ လုပ်ရ၍ ပင်ပမ်းလိမ့်မည်ဟု စာနာတွေးလေး တွေးကာ ခပ်ကွေးကွေး အိပ်နေသည့် ကိုဖိုးလုံးကို မနှိုးရက်ရှာ။မနက်လည်း ထင်းတိုက်အဖွဲ့နဲ့ တောထဲ စောစောထ သွားရဦးမည်မဟုတ်လား။
နို့ပိန်ကို တလိမ်လိမ်နဲ့ ရေကုန်ရေခမ်း ဆွဲစို့နေရှာသည့် သားငယ်လည်း သရေဖတ်ကို ကိုက်ရသည့်နှယ် အရသာ မတွေ့တော့ထင်ရ၏။ နို့ကို လွှတ်၍ ပက်လက်လေး လန်ကာ အိပ်ရှာပြီ ။
ဟိုဘက် ခြင်ထောင်ကို လှမ်းကြည့်တော့ ညီအစ်ကိုနှစ်ယောက်မှာ တစ်ယောက်က မှောက်ရက်၊ ကျန်တစ်ယောက်က ခြင်ထောင်အလယ် ကန့်လန့်။တခူးခူးနဲ့ အိပ်ပျော်နေကြသည်။
နို့ညှာကောင်မှာ အသက်သာ ၇နှစ်ပြည့်ပြီ ၊ အခုထိ အတန်းကျောင်း မတက်ရသေး။ အကြီးကောင်ကတော့ ဒီနှစ် ကျောင်းဖွင့်ရင် ၄တန်းတက်ရမည် ဖြစ်သည်။ကျောင်းထား နောက်ကျသဖြင့် ၁၁နှစ်မှ ၄တန်းသာ ရှိသေး၏။
" ကွတ် ... ကွတ် ... ကတော် "
ကြက်တွေရဲ့ အသံက အန္တရာယ်တစ်ခုခုကို ကြုံဆုံနေရသည့်အလား အဆက်မပြတ် အော်ဟစ်လာကြသည်။
မခင်စန်း မနေနိုင်တော့ချေ။ သူ့ ကြက်တွေက အစာကောင်းကောင်း စားရ၍ ဆူဖြိုးနေကြသည်မဟုတ်လား ။ တစ်ကောင်ပါသွားလျင်ပင် တစ်ပိသာနှစ်ဆယ် အသာလေး။ ကြက်ဈေးက ခုချိန်ခါ ကောင်းနေ၏။ ပြီးတော့ သူ့ကြက်တွေက စီပီကြက်မဟုတ်။ ဗမာ အသားတိုးကြက်များ ဖြစ်ကြသည်။ ဥလည်း ချကြပြီဖြစ်၏။
သူမ ကြက်တွေ တစ်ကောင်တလေပင် အဆုံးအရှုံး မခံနိုင်ပေ။ပြေလျော့နေသော ဆံစတို့ကို ဖြစ်သလို စုစည်းလိုက်သည်။ကလေးနိုးမည်စိုး၍ ခြေကို အသာဖွ အိမ်အနောက်ဖက်သို့ ထမိန်ကို တိုတိုတုတ်တုတ် ပြင်ဝတ်ကာ ထလာခဲ့သည်။ အခန်းဝက စင်ပေါ်မှာ တင်ထားသော ကိုဖိုးလုံး၏ အယ်အီးဒီ ခေါင်းစွပ်မီးကို ကောက်စွပ်လိုက်သည်။
ဒါလေးက ကိုဖိုးလုံး ရံဖန်ရံခါ ညဘက် ဖားရှာငါးရှာ သွားသည့်အခါ အသုံးပြုသော ဓာတ်မီးပင် ဖြစ်၏။
နောက်ဖေးရောက်သည့်အခါ တဲနံရံမှာ အသင့် ထောင်ထားသည့် ကောက်ရိုးဆွသည့် ခက်ရင်းကို ယူပြီး ကြက်ခြံရှိရာသို့ ထွက်လာခဲ့သည်။အခန့်မသင့်လို့ မြွေနဲ့ ပက်ပင်းတိုးပါက ဘေးဆီးရန်ကာ ခြောက်လှန့် လွှတ်ရန် ရည်ရွယ်ထားသည်။
ခေါင်းပေါ်မှ အယ်အီးဒီမီးက မြင်ကွင်းကို ရှင်းလင်းပြတ်သားစွာ မြင်နေရသည်။
အယ်အီးဒီ မီးရောင်က သစ်ပင်များပေါ်သို့ အလင်းရောင်ကျသည့်အခါ ရိပ်ကနဲ ရိပ်ကနဲ လှုပ်ရှားသွားသကဲ့သို့ပင်။
စိုက်ထားတဲ့ သင်္ဘောပင် နှစ်ပင်ကို ဖြတ်လျှောက်လာအပြီးမှာ ကြက်ခြံတဲ၏ အရှေ့ကို ရောက်လေ၏။
" ဝု ... အု ... အူး "
ခြံအပြင်က ခွေးလေခွေးလွင့်အချို့က တိုက်တိုက်ဆိုင်ဆိုင်ကြီး သူမ ခြံထဲသို့ ခေါင်းထိုး လှည့်ကာ အူလိုက်ကြသည်။
အ,ကာလ ညနက်ကြီးမှာ ခွေးအူသံ စူးစူးကြာင့် မခင်စန်း တုန်ကနဲ ရင်ဖိုသွားသည်။ လက်ထဲက ခက်ရင်းခွကို တင်းတင်းဆုပ်ကိုင် ထားလိုက်မိသည်။ ဘာရယ်မဟုတ် ၊ မိန်းမသားဆိုတော့ ဟိုတွေးသည်တွေး တွေးမိကာ ကြောက်လန့်သွားခြင်း ဖြစ်သည်။
တဲအတွင်းကို ခေါင်းငုံ့ ဝင်လိုက်သည်။ ကိုဖိုးလုံးက သူ့ ကြက်ခြံကို ညတိုင်း ဘက်ထရီ မီးချောင်းတစ်ချောင်း အမြဲ ထွန်းပေးထားသည် ။ ဒါပေမယ့် အခု ထိုဘက်ထရီ မီးချောင်းမှာ ငြိမ်းနေ၏။
မီးခေါင်း လွတ်နေသည်ဟု ထင်မိသည်။
" ကတော် ကတော် ကွတ် ကွတ် "
" ဖျန်း ... ဖျန်း ... ဖျန်း "
ကြက်တွေက ဟိုဘက်သည်ဘက် ပြေးလွှားနေကြသည်။ တချို့ကြက်များဆို အတောင် တဖျန်းဖျန်းခတ်ကာ ကြောက်လန့် ခုန်နေကြသည်။
မခင်စန်းသည် ခက်ရင်းခွကို တင်းတင်းဆုပ်ကိုင်ကာ ကြက်ခြံထဲကို သူမ၏ ခေါင်းပေါ်က အယ်အီးဒီမီးဖြင့် နေရာအနှံ့ ထိုးရှာကြည့်လိုက်သည်။
နို့ညှာကောင် ပြောသည့် လင်းမြွေကြီးကိုများ တွေ့ရလေမလားလို့ ရှာဖွေကြည့်ပေမယ့် ၊ လင်းမြွေကြီးကိုတော့ မတွေ့ရချေ။ ကြက်ခြံ၏ ထောင့်တွင် အမွှေးအမှင် စုပ်တိစုပ်ဖွားဖြင့် ၊ ကုန်းကုန်းကွကွကြီး လုပ်နေသူတစ်ယောက်၏ နောက်ကျောပြင်ကို မြင်တွေ့လိုက်ရသည်။
ရုတ်တရက် မြင်ကွင်းဆန်းကြောင့် သူမ ထိတ်လန့်သွားသည်။
" အောင်မယ်လေး ! ဘာကောင်ကြီးလဲ "
လက်ထဲက ခက်ရင်းခွ အောက်သို့ လွတ်ကျသွားသည်။ သူမ ရင်ဘတ်ကို လက်ဖြင့် အသာ ဖိထားလိုက်မိသည်။
ကုန်းကုန်းကွကွကြီးသည် အသံကြောင့် မခင်စန်းရှိရာဘက်သို့ လှည့်လာသည်။ ကြောင်အမ်းအမ်း ဖြစ်နေတဲ့ မခင်စန်းက ငြိမ်သက်နေတာကြောင့် ထိုအကောင်ကြီးပေါ်သို့ အယ်အီးဒီမီးက ဖြာကျနေပါသည်။
ဟောက်ပက်ပက် မျက်တွင်းချိုင့်ကြီးများ ၊ အသားမရှိသော နှာခေါင်းပေါက်၊ ရိတွဲ ပြတ်ကျလုလု ပါးရိုးပေါ်က အသားမျှင်များ နဲ့အတူ ၊ ဦးခေါင်းကြီးက တခြမ်းပိန်ရှုံ့နေသည်။ သူမ မြင်နေရသည်က သရေများ ပါးစောင်က စီးကျနေသည့် မကောင်းဆိုးဝါးကြီး တစ်ကောင်၏ မသတီစဖွယ် မျက်နှာကြီးပင် ။
ထိုမကောင်းဆိုးဝါး၏ ပါးစပ်တွင် ကြက်မွှေးများက ပွစာခတ်နေသည်။ အသေအချာ ကြည့်မှ ပါးစောင်မှ စီးကျနေသည်မှာ သရေ မဟုတ်ပဲ ၊ ကြက်တစ်ကောင်၏ လည်ချောင်းသွေး စေးပျစ်ပျစ်များ ဖြစ်နေသည်။ ၎င်း၏လက်ထဲတွင် လည်လိမ်ပြီး သေနေသော ကြက်ဖကြီးတစ်ကောင်ကို ကိုင်ထားသည်ကို မြင်တွေ့လိုက်ရသည့်အခါ ...
" အောင်မယ်လေး သရဲ သရဲ ..."
မခင်စန်းသည် ခေါင်းငုံ့ဝင်ရသည့် ကြက်ခြံတဲကို သတိမေ့လျော့ကာ မတ်တတ်ထပြေး၏။ သူ၏ ခေါင်းနှင့် ကြက်ခြံတဲ၏ နဖူးစည်းတန်းနှင့် ဝင်တိုက်ကာ ဘိုင်းကနဲ နောက်ပြန်လဲကျလေ၏။
တိုက်မိသည့် အရှိန်ကြောင့် အနည်းငယ် မူးဝေသွားသည်။
ခြံထဲက ကြက်များကလည်း တဖျန်းဖျန်း အတောင်ခတ်ကြသလို ၊ တကွတ်ကွတ်နဲ့ ကြောက်လန့်တကြား အော်ဟစ် ဆူညံပွက်လောရိုက်ကုန်ကြသည်။
မခင်စန်းလည်း လဲကျနေရာမှ အမြန်ထကာ နောက်ကို လှည့်မကြည့်ပဲ ပြေးလေ၏။ ကြက်ခြံတစ်ခုလုံးသည် မခင်စန်း ထိတ်လန့်တုန်လှုပ်မှုနှင့်အတူ ကြက်များ၏ အော်ဟစ်ဆူညံများကြောင့် ဝရုန်းသုန်းကား ဖြစ်ကျန်ရစ်ခဲ့လေတော့သည်။
မခင်စန်း ကြက်ခြံတဲမှ ခေါင်းစည်းတန်းနှင့် တိုက်မိ၍ အယ်အီးဒီ ခေါင်းစွပ်မီးသည် ပြုတ်ကျ ကျန်ရစ်ခဲ့သည်။
အယ်အီးဒီ မီးတန်းသည် ပိုးလို့ပက်လက် ဖြင့် ကြက်ခြံတဲ၏ ခေါင်မိုးသက်ကယ်ကို အလင်းဖြာနေတော့သည်။
သက်ကယ် အမိုးတွင် အရိပ်မည်းကြီးတစ်ခု ရိပ်ကနဲ လှုပ်ရှား ပြေးထွက်သွားသည်။ကြက်များက အော်ဟစ်နေဆဲပင်။
မခင်စန်း၏ ထိတ်လန့်တကြား အော်ဟစ်သံကြောင့် ကိုဖိုးလုံးသည် အိပ်ယာမှ နိူးလာသည်။ အိမ်ထဲသို့ အပြေးဝင်လာသည့် မခင်စန်းမှာ ဆံပင်ဖို့ယို့ဖားလျား ပြေကျလျက်ရှိရာ ညအမှောင်တွင် ကြောက်မက်ဖွယ်ရာ ဖြစ်နေသည်။
"ကိုဖိုးလုံးရေ ကယ်ပါအုံး ၊သရဲ သရဲ ကြက်ခြံထဲမှာ သရဲ "
သို့သော် မခင်စန်းက အသံပေးသဖြင့် ကိုဖိုးလုံးသည် ပြေးလာသော ဆံပင်ဖားလျားနဲ့မိန်းမသည် သူ့မိန်းမ မခင်စန်းမှန်း သိသွားလေ၏။ လဲကျလုလု မခင်စန်းကို ကိုဖိုးလုံးက ဆီးကြို ပွေ့ကာ ၊
" ဟေ ... ကြက်ခြံထဲမှာ သရဲ ဟုတ်လား ၊ နင် အမြင်မှားတာများလား ခင်စန်းရယ် "
မခင်စန်းက မဖြေနိုင်တော့ ၊ အားကိုး တွေ့ပြီဆိုတာနဲ့ စိတ်ကို လျော့ချပစ်လိုက်ပုံရသည်။ ကိုဖိုးလုံး လက်ပေါ် ပျော့ခွေ လဲကျသွားလေ၏။
ဆူညံသံတွေကြောင့် ကလေးတွေလည်း လန့်နိုးလာကြသည်။ နို့စို့ကလေးကတော့ အိပ်နေဆဲ ဖြစ်၏။ ကိုဖိုးလုံးက နိုးလာသည် သားနှစ်ယောက်မှ အကြီးကောင် ဝေဠုကို လှမ်းခိုင်းသည်။
" သားကြီး ဝေဠု ၊ ခေါင်းရင်းက ဘက်ထရီညှပ်ကို တပ်လိုက်စမ်း "
အကြီးကောင် ဝေဠုက ဘက်ထရီညှပ်ကို တပ်လိုက်သည်။ သူတို့အိမ်လေးထဲ လင်းချင်းသွားပါ၏။ နို့ညှာကောင် နေထက်လင်းက သိတတ်၏။ သူ့ အမေအတွက် သောက်ရေအိုးက ရေတစ်ခွက် ပြေးခပ်ပေးသည်။
ကိုဖိုးလုံးက သူ့မိန်းမ မခင်စန်းကို ရေတိုက်၏။ မခင်စန်းက အခုထိ ကြောက်စိတ် မပြယ်သေး။ မျက်လုံးပြူးကာ ရင်ဘတ်က ဖိုလှိုက် ဖိုလှိုက် ဖြစ်နေဆဲ။
" ခင်စန်း ... ခင်စန်း ၊ သတိထားဦးလေ "
အဲ့ဒီအချိန် ခြံအပြင်က ခွေးဟောင်သံတွေနဲ့အတူ ...
" ဟဲ့ ဖိုးလုံးတို့ ခင်စန်းတို့ ဘာဖြစ်ကြတာလဲ ၊ အသံတွေလည်း ဆူညံလို့ ၊ ငါတို့ ဝင်ခဲ့ပြီဟေ့ "
လက်နှိပ်ဓာတ်မီးရောင်တွေ တဝင်းဝင်းနဲ့ အိမ်နီးချင်းများဖြစ်ကြတဲ့ ဘဒွေးတင်သောင်းတို့ လင်မယားရယ်၊ ဂျီးဒေါ်မဂျမ်းတို့သားအမိတတွေရယ် လူလေးငါးယောက်သည် ခြံတံခါးကို တွန်းဖွင့်ကာ အိမ်ထဲသို့ ဝင်လာကြသည်။
အိမ်နီးချင်းများက အားကိုးရသည်။
အိမ်ထဲရောက်သည့်အခါ မခင်စန်း အဖြစ်ကို မြင်တွေ့သွားကြပြီး ၊ တစ်ယောက်တစ်ပေါက် သူ့ထက်ငါ အလုအယက် မေးကြသည်။
" ဟဲ့ ... ခင်စန်း ဘာဖြစ်တာလဲ "
"နင့်မိန်းမ နေမကောင်းဖြစ်တာလား ဖိုးလုံး ၊ အခု ဘာဆေးတိုက်ထားလဲ "
" တက်နေတာလား ... ခြေမချိုး ခြေမချိုး ..."
ဘဒွေး တင်သောင်းက ...သူ့အထင်ကို ပြောပြသည်။
" ငါတို့က လင်မယား ရန်ထသတ်တယ် ထင်နေတာ ၊ ညနေက ဖိုးလုံး မူးလာတယ်မဟုတ်လား "
ဂျီးဒေါ်မဂျမ်းက ထောက်ခံ၏။
" ဟုတ်တယ် ... ကျမလည်း သူတို့ လင်မယား ရန်ထဖြစ်တယ် ထင်နေတာ "
ကိုဖိုးလုံးက ပြန်ဖြေရှာသည်။
" ခင်စန်း သတိမေ့မလို ဖြစ်နေလို့ ဂျီးဒေါ်ရေ ၊ ဘာဖြစ်လဲကို... မေးလို့ မရသေးဘူးဗျ ၊ ကျုပ်တို့လင်မယား ရန်မဖြစ်ပါဘူးဗျ "
" အခုကော နင့်မိန်းမက သတိရပြီလားဟဲ့ "
အငယ်ကောင်ကို ခေါ်ပြီး ချီပိုးနေကျ ဂျီးဒေါ်မဂျမ်းက အိပ်နေတဲ့ ကလေးကို ကောက်ယူ ပွေ့ချီပြီး ...
" ဟယ် ... ငါက အငယ်ကောင်လေးများ တစ်ခုခု ဖြစ်သလားလို့ ၊ လန့်သွားတာပဲ ၊ ကလေးက အိပ်နေတာကိုး ။ ဘာဖြစ်ကြတာလဲဟဲ့ ငါတို့ကို ပြောပါဦး... "
ဘဒွေးက ဖိုးလုံးကို တည့်တည့်ကြည့်ကာ ...
" ဘာဖြစ်ကြတာလဲ ဖိုးလုံး ငါတို့ကို သေသေချာချာ ရှင်းပြပါဦး"
ကိုဖိုးလုံးက ...
" ကျနော်လည်း ခင်စန်း အော်သံကြားလို့ ရုတ်တရက် လန့်နိုးလာတာ ၊ ခင်စန်းက အိမ်အနောက်ဖက်ကနေ ပြေးလာတာပဲ ၊ သူ့ပါးစပ်က သရဲ သရဲလို့ အော်လာတယ် ဘဒွေးရ ၊ အနောက်က ကြက်ခြံထဲလည်း အော်သံတွေ ဆူပွက်လို့ ၊ ဘာဖြစ်လဲ ကျနော်လည်း သွားမကြည့်ရသေးဘူး ။ ခင်စန်းကို ပြုစုနေရတာနဲ့ "
ဘဒွေးက ...
" ကဲ ... ဒါဖြင့်လဲ ၊ ခင်စန်းကို မင်း ဒေါ်လေးလက်ထဲ ပေးထားခဲ့လိုက် ၊ ကြက်ခြံတဲကို မင်းနဲ့ငါ သွားကြည့်ကြရအောင် "
ဖိုးလုံးလည်း မခင်စန်းကို ဘဒွေးမိန်းမ ဒေါ်လေးသိန်းလက်သို့ ခဏ ပေးကာ ဘဒွေးနဲ့အတူ အနောက်က ကြက်ခြံတဲကို ထွက်လာခဲ့သည်။
လိုကာမယ်ကာ ဆိုပြီး ၊ သူ၏ ထင်းခွဲသည့် ပုဆိန်ကို လက်တစ်ဖက်က ကိုင်လာခဲ့သည်။
ဘဒွေးက သူ့မှာ ပါလာသည့် ၃ခဲထိုး လက်နှိပ်ဓာတ်မီးဖြင့် ကြက်ခြံထဲကို ထိုးကြည့်သည်။
ကြက်များသည် တစ်ဖက်တည်းသို့ စုပြုံ တိုးဝှေ့နေကြသည်။သေချာသည်မှာ ကြက်များ ကြောက်ရွံ ထိတ်လန့်နေခြင်း ဖြစ်၏။တခြား တစ်ဖက်တွင်တော့ ကြက်တစ်ကောင်သည် ဇက်ကျိုးလဲကျနေပြီး ရင်ပွင့်ကာ ကလီစာများ ထွက်ကျ သေနေ၏။
ရုန်းကန်ရာမှ ကျွတ်ကျဟန်တူသော ကြက်မွှေးများက ထိုနေရာတွင် ပွစာကြဲနေပါသည်။ ကြက်သွေးများသည်လည်း ခြံထဲမှတဆင့် အနောက်ဘက်သို့ တောက်လျောက် ကြဲပက်ထားသလို မြေပေါ်၌ ရဲပတမ်းခတ် စက်လက်ကျနေကြ၏။အခြေအနေက ကြက်ခြံထဲသို့ သားရဲတိရစ္ဆာန်တစ်ကောင် ဝင်ခဲ့သလိုပင်။
ကိုဖိုးလုံးသည် ကြက်ခြံထဲသို့ ဝင်၍ ဇက်လိမ်ကျိုးကာ သေနေသော ကြက်ဖကြီးကို နှမြောတသစွာ ကောက်ယူလိုက်သည်။
ကြက်ခြံထဲက လွတ်နေသော ဘက်ထရီမီးညှပ်ကို ပြန်တပ်လိုက်သည်။ ဘက်ထရီ မီးချောင်းက လင်းထိန်သွားသည်။ ထိုအခါ သူ့လက်ထဲက ကြက်ဖကြီးကို ကိုဖိုးလုံး အသေအချာ ကြည့်လိုက်၏။
ရင်ခွဲခံထားရသည့် ကြက်ဖကြီး၏ အတွင်းပိုင်း ကလီစာများမှာ မီးကျွမ်းသကဲ့သို့ မည်းနက်နေသည်ကို တအံတဩ တွေ့လိုက်ရသည့်အခါ ...
" ဟာ ... ဘဒွေး ဒီမှာ ကြည့်ပါဦး "
ဘဒွေးတင်သောင်းလည်း ဖိုးလုံးပြသော ကြက်ဖကြီး၏ ရင်ဘတ်ဟောင်းလောင်းပေါက် မည်းမည်းကြီးကို ကြည့်၍ အံအားသင့်စွာ ပါးစပ်ဟောင်းလောင်း ဖြစ်သွားသည်။
" မြတ်စွာဘုရား ... ဒါ ဒါ ... အကောင်းတော့ ဟုတ်ဟန်မတူဘူး ဖိုးလုံး ၊ မင်းတို့ တစ်ခုခုတော့ မှားထားလိမ့်မယ်ကွ ၊ မင်းကြက်ကို သရဲ စားထားတာ ဖြစ်လိမ့်မယ်ကွ "
" ဗျာ ! ... "
ကိုဖိုးလုံးခမျာ ဗျာ တစ်ခွန်းသာ ဆိုနိုင်တော့လေ၏။
____
Comments
Post a Comment