တစ္ဆေလေးနေတဲ့အိမ် အပိုင်း(၄)



ကျုပ်လိုပဲဗျ၊ ဆယ်ခေါင်းတွေကလည်း အလောင်းရဲ့ဗိုက်ကို ဖိပြီးစမ်းကြည့်နေကြတယ်။ နောက်တော့
ဆယ်အိမ်ခေါင်းတွေ စုပြီး တိုးတိုးနဲ့ မသင်္ဂြိုဟ်ခင်
အလောင်းကို ဗိုက်ခွဲကြည့်ဖို့ ပြောနေကြတယ်

မနက်မိုးလင်းခင်ပဲ အလောင်းစင်လုပ်၊ အလောင်းကိုရေချိုးပေးဖို့ ဆယ်အိမ်ခေါင်းတွေက ဝိုင်းနောက်ဘက်ကိုသယ်သွားတယ်။ လူတွေကို တစ်ယောက်မှ မလိုက်ရဘူးဆိုပြီးတားထားလိုက်တယ်။

"တာတေ ၊ မင်းလိုက်ခဲ့၊ မင်းက အတွေ့အကြုံရှိတယ် "

ကိုကံက ကျုပ်ကို ခေါ်တာနဲ့ ကျုပ် အသာလိုက်သွား
လိုက်တယ်ဗျ၊ ဝိုင်းနောက်ဘက်ရောက်တော့ တန်းလျားဟောင်းပေါ်မှာ ကိုအာလူးရဲ့ မျက်လုံးကြီးတွေပြူးပြီး ပါးစပ်ကြီးဟနေတဲ့ အလောင်းကို တင်လိုက်ကြတယ်ပြီးတာနဲ့ ရေချိုးဖို့ အဝတ်အစားတွေ ချွတ်တယ်ပြီးတော့ စတိသဘော ရေနှစ်မှုတ် သုံးမှုတ် လောင်းလိုက်ကြတယ်။ ပြီးတာနဲ့ အသင့်ပါလာတဲ့ဓါးလေးနဲ့ ကိုကံက အလောင်းရဲ့ဗိုက်ကိုခွဲလိုက်တယ်ဗျ။

"ဟာ"

ဗိုက်ထဲမှာ အူတွေ၊ အသည်းတွေ၊ နှလုံးတွေ ဘာမှကိုမရှိတော့ဘူးဗျို့။ ဟောင်းလောင်းကြီးဗျာ၊ ဗိုက်ကအခွံကြီးပဲ ရှိတော့တာဗျ။

"ကဲ ငါမပြောဘူးလားကွ၊ မောင်ကံရ၊ ကဲ မြန်မြန်ပြန်ချုပ်လိုက်တော့ "

သူတို့ဖွက်ယူလာတဲ့ အပ်ချည်ကြိုးအနက်နဲ့ ဗိုက်ကို
မြန်မြန်ပြန်ပြီး ချုပ်လိုက်ကြတယ်။ သွေးဆိုတာ
တစ်စက်တောင် မရှိဘူးဗျ။ အရုပ်ကြီးတစ်ရုပ်ကို
ခွဲလိုက်သလိုပဲ။

ဗိုက်ကို ပြန်ချုပ်ပြီး အဝတ်အစား ပြန်ဝတ်ပြီးဝိုင်းရှေ့ကို ပြန်သယ်လာကြတယ်

အလောင်းစင်ပေါ်မှာ အလောင်းကို သေသေချာချာ
ပြင်ပေးပြီး ထုံးစံအတိုင်း ကန်တော့ပွဲပြင်တယ်
အလောင်းရဲ့ ခေါင်းရင်းမှာ ဖယောင်းတိုင် ထွန်းလိုက်တယ်။

ပြောရဦးမယ်ဗျ။ ကိုအာလူးဆိုတာကအသက်သုံးဆယ်ကျော်လောက် ရှိပြီ။သူ့မိဘယာမှာပဲ လုပ်ကိုင်နေတာဗျ။အိမ်ထောင်လည်း မပြုဘူး ။ လူကခပ်ရိုးရိုးပဲနေတာပါ။

ဒါပေမဲ့ ကိုအာလူးမှာ ဝါသနာတစ်ခုတော့ရှိတယ်ဗျ၊ ယုန်လိုက်တော့ တော်တော်ဝါသနာပါတယ်။သူ့မှာ ယုန်လိုက်တဲ့ ခွေးကောင်းနှစ်ကောင်ရှိတယ်။တစ်ခါ တစ်ခါ ခွေးနှစ်ကောင် ခေါ်ပြီး ယုန်လိုက်တတ်တယ်ကိုအာလူး ယုန်လိုက်ရင် မရတဲ့အခါ မရှိဘူးဗျ။

ကျုပ်က လေထဲမှာ ကြိုးနဲ့ဆွဲထားသလို ဖြစ်နေတဲ့ အိမ်ကြီးကို သေသေချာချာ ကြည့်နေတာဗျ။သူများတွေလည်းကျုပ်လိုပဲ ကြည့်နေကြတယ်။

ကြည့်ဆို ထူးဆန်းနေတာကိုဗျ၊ မြေကြီးထဲမှာစိုက်ထားတဲ့ အိမ်တိုင်တွေက မြေကြီးထဲကနေ ကျွတ်ထွက်ပြီး မြေကြီးပေါ်မှာ နှစ်ယောက်လောက်ကိုလွတ်နေတာဗျ။ ပြီးတော့ အိမ်ကို ကြိုးနဲ့ချည်ပြီး
ချိတ်ထားသလို လေထဲမှာ မြောက်နေတာ။

လေပြင်းပြင်းတိုက်ရင် အိမ်ကြီးက လေထဲမှာလှုပ်စိ လှုပ်စိနဲ့ ယမ်းနေတယ်၊ ဆယ်အိမ်ခေါင်းတွေကရွာထဲမှာ ညထဲက ကင်းချထားလိုက်တယ်ထူးတာတွေ့ရင် သံချောင်းခေါက်ဖို့လည်းမှာထားကြတယ်။ ခေါင်းမသွင်းခင် အလောင်းကိုဘယ်သူမှ ကြည့်ခွင့် မပေးတော့ဘူး။

ဟုတ်တော့ ဟုတ်တယ်ဗျ။ ဝိုင်းနောက်မှာရေချိုးနေတုန်းကတည်းက ကျုပ်ကြည့်နေတာ။ကြည့်ရင်းနဲ့ကို ကြောက်စရာကောင်းလာတာဗျ

ကိုအာလူးက နဂိုကတည်းက သွားလည်းနည်းနည်းခေါတော့မျက်လုံးကြီးတွေ ပြူးထွက်နေပြီး ပါးစပ်ကြီးကကြောက်လွန်းလို့ အော်နေတဲ့ ပါးစပ်ကြီးဗျ။ဟလို့။ ပြီးတော့ လူဆိုတာ သေပြီးသွားရင် နှုတ်ခမ်းတွေဘာတွေ တိုတက်သွားတာလေဗျာ။

ဒီတော့ ကိုအာလူးရဲ့ ခေါနေတဲ့ သွားတွေက ပိုခေါထွက်လာတော့ ဗြန်းစားကြီး မြင်လိုက်ရရင်လူတိုင်း လန့်သွားမယ်ပုံပဲဗျို့။ ဒါကြောင့်လည်းဆယ်အိမ်ခေါင်းတွေက အလောင်းကိုကြည့်ခွင့်မပေးတော့တာဗျ။

နောက်တစ်နေ့ရောက်တော့ ဆယ်အိမ်ခေါင်းတွေက
လူစုပြီး အိမ်ကို ပြန်ဆွဲချဖို့ လုပ်ကြတယ်။

အိမ်ကို ကြိုးလုံးကြီးကြီးနှစ်ချောင်းနဲ့ အိမ်ထဲကနေပြီးသိုင်းလိုက်တယ်။ ပြီးတာနဲ့ လူစုပြီး အောက်ကို
ဆွဲချကြရောဗျို့။ ဟာ အိမ်ကြီးကို ဟိုဘက် ဒီဘက်
တအားကို ယမ်းခါနေတော့တာဗျို့။

"ဟေ့ တော်ကြတော့၊ မဆွဲကြနဲ့တော့ ၊ဟာ ဟာမြင့်တက်သွားပြီဟေ့၊ ရပ်တော့ ရပ်တော့ ၊ထပ်တက်သွားပြီ "

ကြောက်လန့်တကြားနဲ့ ဝိုင်းအော်ကြတာဗျ။ဟုတ်တော့လည်း ဟုတ်တယ်ဗျို့။ အိမ်ကြီးကိုကြိုးနဲ့သိုင်းပြီး ဆွဲချကြတာ။ အောက်ကို နိမ့်မလာဘဲအပေါ်ကိုသာ တပ်ထပ်သွားတယ်ဗျ။

"တာတေ ၊ဒါ ဘယ်လို ဖြစ်တာတုံး"

ဆယ်အိမ်ခေါင်းတွေ ကျုပ်ကို မေးတာဗျ။

"လေးလေးတို့ ဘာမှထပ်ပြီး မလုပ်နဲ့တော့ဗျ။ဒီအ်ိမ်ကို နောက်ထပ် အောက်ဆွဲချရင် အပေါ်ကိုထပ်တင်ပေးလိုက်လိမ့်မယ် "

"ဟေ ဟုတ်လား ၊ဒါဆိုရင် ဒီအိမ်ကိုတစ်ယောက်ယောက်ကအပေါ်ကို ဆွဲထားတာလားကွ ၊ တာတေရ"

"ဟုတ်တယ်ဗျ၊ ဒါပေမဲ့ ဘယ်သူလုပ်ထားတာတုံး
ဆိုတာတော့ ကျုပ်လည်း မသိနိုင်သေးဘူး။လေးလေးတို့ကို ကျုပ် တစ်ခုမေးမယ်ဗျာ။ဒီလိုအိမ်အကြီးကြီးတစ်လုံးကို အခုလို လေထဲမှာချိတ်ဆွဲထားတာသလို လုပ်ထားတာ အရင်တုန်းကလေးလေးတို့ မြင်ဖူးကြသလား"

"ဟာ …ဘယ်မြင်ဖူးမှာတုံး ၊ တာတေရ"

"ဒါ မဖြစ်နိုင်တာကို လုပ်ထားတာဗျ။ ဘယ်သူမှ
မလုပ်နိုင်တာမျိုးကို လုပ်ထားနိုင်တဲ့သူရဲ့ အစွမ်းဟာနည်းနည်းနောနော ဟုတ်ပါ့မလားဗျာ"

"အေးကွ၊ တာတေပြောတာ ဟုတ်တယ်၊ဒါဆိုရင် ငါတို့ ဘာဆက်လုပ်တုန်း"

"ဘာမှမလုပ်ဘဲ ဒီအတိုင်းထားဗျာ ၊ကိုအာလူးအလောင်းကိုသာ မြေအမြန်ကျအောင် လုပ်ပေတော့ လေးလေးရေ"

"အေး ညက ညဦးကတည်းက ဆုံးတာဆိုတော့
ဒီနေ့ဆိုရင် နှစ်ရက်ရပြီပေါ့ကွာ၊ မနက်ဖြန် သုံးရက်ဆိုသင်္ဂြိုဟ်မှာပဲလေကွာ"

အပိုင်း(၅)ဆက်ရန်...
မူရင်းရေးသားသူအား လေးစားစွာ creditပေးပါသည်။

Comments

Popular posts from this blog

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၃)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၅)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၆)