ပင်လယ်စုန်း အပိုင်း(၃)



"ဘယ်လိုပဲ ခေါ်,ခေါ်ပါကွယ် အမည်နာမဆိုတာခေါ်စရာ တစ်ခုပါကွယ် ဘယ်လိုခေါ်,ခေါ် မထူးပါဘူးလေကိုဆိတ် အဲ ဘယ်သူ"

"ရပါတယ်ဗျာ ကျုပ်ကို ရွာကလူတွေခေါ်ကြသလို
ဆိတ်ဖွားလို့ပဲ ခေါ်ပါ"

"နို့ ဒီ သူငယ်လေးကရော'"

"သူ့နာမည်က တာတေလို့ ခေါ်တယ်ဗျ'

"သြော် တာတေတဲ့လား အင်း အင်း မောင်တာတေကကျုပ်တို့ အရပ်ကို အလည်လာတဲ့ ဧည့်သည်ကိုး။
ကျုပ်နာမည်က စံမောင်လို့ခေါ်တယ်။ဟိုတုန်းကတော့လှေပဲ့ နင်းကြီးပေါ့ကွာ လှေပဲ့နင်းဆိုတာ ကျုပ်တို့ခေတ်ကတော့ ရွက်လှေကြီးတွေကိုး မောင်တာတေရဲ့ခုခေတ်လို စက်တပ်လှေတွေ ခေတ်မစားသေးဘူးလေကွယ်"

ဦးစံမောင်လို့ ခေါ်တဲ့ ရှေးခေတ်က လှေပဲ့နင်းကြီးကစကားပြောရင်း ပင်လယ်ထဲကို လှမ်းမျှော်ကြည့်တယ်။တစ်ခု,ခုကို သတိရနေတဲ့ပုံဗျ။

"ဒီပင်လယ်ကြီးက အဘ သွားလာနေကြပင်လယ်ကြီးပေါ့နော်"

ကျုပ်က အဘဦးစံမောင်ကို မေးကြည့်လိုက်တယ်။

"ဟုတ်တာပေါ့ မောင်တာတေရယ် ဒီပင်လယ်ကြီးထဲမှာပဲသွားရင်း လာရင်းနဲ့ လူ့လောကကြီးရဲ့ အထူးအဆန်းတွေကို ကြုံခဲ့ရတာပေါ့ကွယ်"

"ဗျာ …အထူးအဆန်းတွေ …ဟုတ်လား အဘ"

တစ်ခု,ခုကို သတိရပြီး မျက်နှာမကောင်းသလို
ဖြစ်နေတဲ့ အဘဦးစံမောင်က ကျုပ်ရဲ့အမေးကို
ခေါင်းညိတ်ပြီးဖြစ်တယ်။

"ကျုပ်ဖြင့် အဲဒီမျိုးတွေ ကြားချင်လိုက်ပါဘိတော့ဗျာ"

"ဒီလိုကွဲ့ မောင်တာတေရဲ့ ကျုပ်တို့ ဘိတ် ထားဝယ်
ဘက်မှာက ကုန်ပစ္စည်းတွေ သယ်ဖို့နဲ့ လူတွေသွားဖို့ လာဖို့ဆိုတာ ဟိုး အရင်က လှေကြီးတွေပဲရှိတာလေကွယ် ရွက်လှေကြီးတွေကွဲ့ မောင်တာတေရဲ့
အဲဒီလှေကြီးတွေထဲမှာ ကုန်အပြည့်တင်ပြီး ရွက်စုံဖွင့်ပြီးသွားကြရတာပေါ့ကွာ။ ဒီတုန်းက"ငွေပင်လယ်" ဆိုတဲ့လှေကြီးရဲ့ ပဲ့နင်းကြီးပေါ့ကွယ်။ ပဲနင်းဆိုတာကိုတော့ပြောပြီးပြီနော်။ တက်မကိုင်တဲ့လူပေါ့ကွာ။လှေတစ်စီးလုံးမှာ သူ အခရာပဲကွ ။ လှိုင်းနဲ့လေနဲ့တွေ့ရင် သူတော်မှ ဖြစ်တာ။သူမတော်ရင် လှေမြုပ်ဖို့ပဲ ရှိတာပေါ့"

" ဟာ  …ဒါဆိုရင် အဘခေတ်က ပင်လယ်ထဲမှာလှေခဏ ခဏ မြုပ်တတ်သလားဗျ"

"ခဏ ခဏတော့ မမြုပ်ပါဘူး မောင်တာတေ ။တစ်ခါ တစ်ရံ ဖြစ်တတ်တာပေါ့။ အင်မတန်မှဖြစ်ခဲပါတယ်ကွယ်"

"သြော်… ဒါဆိုရင် တော်သေးတာပေါ့နော်"

"အေး…ဒါပေမဲ့ ပင်လယ်ကြီးထဲမှာ ငါတို့နားမလည်တဲ့ ကိစ္စတွေလည်း ရှိတယ်ကွဲ့မောင်တာတေရဲ့"

"ဟင် ဘယ်လိုကိစ္စတွေတုံးဗျ"

"ပင်လယ်စုန်းလို ဟာမျိုးပေါ့ကွာ"

"ဗျာ ပင်လယ်စုန်း ဟုတ်လား အဘ ။  ဟင်ဒီပင်လယ်ကြီးထဲမှာ စုန်းမကြီးတွေ ရှိလို့လားဗျ"

ကျုပ်က တအံတသြနဲ့မေးတော့ ပဲ့နင်းကြီးဦးစံမောင်က ခေါင်းကလေးညိတ်ပြပြီး စက်လှေကြီးရဲ့လက်ရမ်းပေါ်က ကျော်ပြီး ကွမ်းတံတွေး ပစ်ကနဲ
ထွေးလိုက်တယ်။

"အဲဒီလို စုန်းမကို ပြောတာမဟုတ်ဘူးကွ တာတေရ
ပင်လယ်စုန်းဆိုတာ ပင်လယ်ထဲမှာ ဘယ်ကပေါ်လာမှန်းမသိတဲ့ မီးလုံးကြီးတွေကို ပြောတာကွ"

ကိုဆိတ်ဖွါးက ဝင်ပြီးပြောတာဗျ။

"သြော်…ဒီလိုလားဗျ ကိုကြီးဆိတ်ဖွားရဲ့"

"အေး ငါက ဘိတ်ဇာတိဆိုတော့ ဒါမျိုးတွေကိုငယ်ငယ်ကတည်းက ကြားဖူးနေတာပေါ့ကွာဒါပေမယ့် ကိုယ်တိုင် မြင်ဖူးတာတော့ မဟုတ်ပါဘူး"

"အင်း ကျုပ်ကတော့ ကိုယ်တိုင်ကို မြင်ဖူးတာပါ
မောင်တာတေ ကျုပ်ကို လှေပဲ့နင်းအလုပ်ကနေ
ရာသက်ပန် ရပ်တန့်သွားစေတာလည်းအဲဒီပင်လယ် စုန်းကြောင့်ပဲလေ။ကျုပ်ဖြင့်ဒီပင်လယ်ကြီးထဲကို အခုလို ရောက်လေတိုင်းအဲဒီအဖြစ်အပျက်တွေကို မနေ့တစ်နေ့က ဖြစ်ခဲ့သလိုကို ခံစားနေရတုန်းပါကွာ"

"ဟင် ဘယ်လိုတွေများ ဖြစ်လို့တုန်း အဘရဲ့"

ပဲနင်းကြီး အဘဦးစံမောင်က ပင်လယ်ကြီးကို ငေးပြီးကြည့်နေတယ်ဗျ။ ကျုပ် မေးတာကို ချက်ချင်းမဖြေဘူး။ခဏကြာမှ ကျုပ်ဘက်ကို လှည့်မေးတယ်။

"မောင်တာတေ တစ္ဆေသင်္ဘောဆိုတာ ကြားဖူးလား"

"ဟာ  ကြားဖူးတာပေါ့ အဘရ။ ပင်လယ်ကြီးထဲမှာ
လူတစ်ယောက်မှ မပါဘဲ မျောနေတဲ့ သင်္ဘောကြီးတွေမဟုတ်လား"

"အေး ဟုတ်တယ် ဟုတ်တယ် အဲဒါကို တစ္ဆေသင်္ဘောလို့ခေါ်တာပေါ့ အဲဒီတစ္ဆေသင်္ဘောကြီးတွေဘယ်လိုဖြစ်လာတယ်ဆိုတာရော သိရဲ့လားကွဲ့"

"ဟာ ဒါတော့ မသိဘူး အဘရဲ့"

ကျုပ်နဲ့ အဘဦးစံမောင်ကို ပြောနေတဲ့ စကားတွေကို
ကိုဆိတ်ဖွါးက စိတ်ဝင်တစားနဲ့ နားထောင်နေတာဗျ။

"နို့ …မောင်ဆိတ်ဖွားရော တစ္ဆေသင်္ဘောအကြောင်း
ကြားဖူးသလားကွဲ့"

အဘဦးစံမောင်က ကိုဆိတ်ဖွါးကို လှမ်းမေးလိုက်တယ်။ကိုဆိတ်ဖွားက ချက်ချင်းပဲ ခေါင်းခါပြပြီး ပြောတယ်ဗျ။

"မကြားဖူးပါဘူး အဘရာ တစ္ဆေသင်္ဘောတွေ ပင်လယ်ကြီးထဲမှာ ရှိတယ်ဆိုတာလောက်ပဲကြားဖူးတာပါ"

"ဒါဆိုရင်တော့ ကျုပ်ပြောပြရတော့မှာပေါ့ ဒီလိုကွဲ့
မောင်တာတေရဲ့ စောစောကပြောတဲ့ ပင်လယ်စုန်းဆိုတာအင်မတန်မှ ကြောက်စရာကောင်းတဲ့ နာနာဘာဝတစ်မျိုးပဲကွဲ့"

"ဟင် ဟုတ်သားဗျ"

"ဟုတ်ပါသကောကွယ် ပင်လယ်စုန်းများ ရွက်တိုင်မှာလာပြီးကပ်ပြီဆိုရင် ကျုပ်တို့ လှေသမားတွေ
သေမတတ်ကြောက်ကြတာပေါ့ကွယ်"

"နေပါဦး အဘရဲ့ အဘပြောတဲ့ ပင်လယ်စုန်းဆိုတဲ့
မီးလုံးကြီးတွေက အဘတို့ လှေကြီးတွေပေါ်ကို
တက်လာတာလားဗျ"

"ရွက်တိုင်ထိပ်ဖျားမှာ လာကပ်တာကွဲ့ မောင်တာတေရဲ့စပြီးကပ်လာချင်းကတော့ အရွယ်က ခပ်သေးသေးပဲ။လက်ဖက်ရည်ပန်းကန်လောက်ပဲရှိတာတဖြည်းဖြည်းနဲ့ကြီး,ကြီးလာတာကွ။ ခြင်းလုံးအရွယ်ကနေ ဘောလုံးအရွယ်လောက်အထိ ရောက် လာတာ ပင်လယ်စုန်းကပ်ပြီဆိုတာနဲ့လှေသားတွေက သံပုံးတွေ တီးပြီးခြောက်လှန့်ထုတ်ကြတယ်။ ပရိတ်တွေ ဘုရားစာတွေရွတ်ကြဖတ်ကြပေါ့ကွယ် ။  အဲဒီလိုလုပ်ရင်းပင်လယ်စုန်းမီးလုံးကြီးက ပင်လယ်ထဲကို

အပိုင်း(၄)ဆက်ရန်...

မူရင်းရေးသားသူအား လေးစားစွာ credit ပေးပါသည်။

Comments

Popular posts from this blog

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၃)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၅)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၆)