မဖဲဝါစီးတဲ့ကျား အပိုင်း(၃)



"ဟာ နယ်ကျွံလာရင်လည်း တခြားကို
သွားရောပေါ့ကွ၊ အခုဟာက ညတိုင်း
သန်းခေါင်ကျော်ရင် ရောက်လာပြီး
တဝုန်းဝုန်းနဲ့ ဟိန်းပြီး ရွာကို တစ်ပတ်
ပြီး တစ်ပတ် ပတ်နေတာကွ"

"နို့ အခုဆိုရင် ဘယ်နှယ်ည ရှိပြီတုံး"

"ညကနဲ့ပါဆိုရင် လေးညတောင်
ရှိပြီကွ"

"ဟင် လေးညတောင် ရှိပြီဟုတ်လား၊
ဒါဆိုရင်တော့ ခရီးလွန်လာတဲ့ကျား
ဟုတ်ဟန်မတူဘူးဗျ"

ကျုပ်လည်း တွေးနေမိတာပေါ့ဗျာ။

"နေဦး တာတေရ၊ ထူးခြားတာတစ်ခု
လည်း မင်းကို ပြောရဦးမယ်"

"ဟင် ဘာတုံး ကိုအောင်ဘကျော်"

"ငါတို့ ငွေတွင်းကုန်းက သင်္ချိုင်းကုန်း
ဇရပ်ထဲမှာ လူတစ်ယောက် ရောက်နေ
တယ်ကွ၊ နှုတ်ခမ်းမွေးကားကားကြီးနဲ့၊
သျှောင်တစောင်းကြီး ထုံးလို့ကွ၊ လွယ်
အိတ်စုတ်ကြီးတစ်လုံးလည်း လွယ်ထား
သေးတယ်၊ ရွာက နွားကျောင်းတဲ့ ကောင်
လေးတွေပြောလို့ ငါ မယောင်မလည်နဲ့
သွားကြည့်တာ၊ အဲဒီလူ ရွာသင်္ချိုင်းက
ဇရပ်ကို ရောက်လာပြီး နောက်နေ့မှာ
ပဲ ဒီကျားကိစ္စပေါ်လာတာကွ"

"ရွာထဲမှာကော ဘာထူးခြားမှု ရှိတုံးဗျ"

ကိုအောင်ဘကျော်က မျက်မှောင်ကြီး
ကြုတ်ပြီး ပြောတယ်။

"ရွာထဲမှာတော့ ဘာမှမထူးခြားဘူးကွ
တာတေရ"

"နို့ ကိုအောင်ဘကျော် ကျုပ်ဆီကို
လာတာ ဒီကိစ္စ ပြောပြချင်လို့လား"

"ဟာ ပြောချင်လို့ မဟုတ်ဘူးကွ၊ မင်းကို
ခေါ်ချင်လို့ ငွေတွင်းကုန်းက လူငယ်တွေ
အားလုံးက မင်းကို သွားခေါ်ပေးပါဆိုလို့
ငါ လာခဲ့တာကြ"

" အင်း ခက်တော့ ခက်သားလား
ကိုအောင်ဘကျော်ရဲ့ ကျုပ်ကလည်း
ဆရာ မဟုတ်ဘူးလေဗျာ၊ သရဲလေး၊
တစ္ဆေလေးကိစ္စလောက်သာ လုပ်ဖူး
တာဗျ၊ အခုလို ကျားနက်တွေ ဘာ
တွေကျတော့ ကျုပ်လည်း နားမလည်
ဘူး ကိုအောင်ဘကျော်ရဲ့"

"တာတေရာ၊ မင်းက ဆရာ မဟုတ်
ပေမဲ့ ဆရာတွေနဲ့ သွားဖူး လာဖူးတဲ့
သူလေကွာ၊ မင်း လာပြီး အကဲလေး
ဘာလေ ခတ်ကြည့်ပါကွာ၊ ငါတို့က
တော့ ကြောက်တာပဲ သိတာကွ၊ ဘာ
မှနားမလည်တာ မဟုတ်ဘူး"

ကျုပ် တွေပြီးစဉ်းစားနေတယ်။ဒါ ဘာ
ဖြစ်နိုင်သလဲဆိုတာ ကျားနက်ကြီး။ည
သန်းခေါင်ကျော်ရင် ပုံမှန်ရောက်လာ
ပြီး ရွာကို ပတ်ပြီး တဝုန်းဝုန်းနဲ့ ဟိန်း
နေတာ။ ကျားက ဆယ့်နှစ်တောင်
လောက်တောင် ရှိမယ်ဆိုပဲ။တွေးသာ
တွေးရတာပါဗျာ။ ဒါမျိုး ကျုပ် တစ်ခါမှ
ကြားဖူးတာ မဟုတ်ဘူးဗျ။ ရွာပြင်သု
သာန်ထဲက သျှောင်ထုံးနဲ့နှုတ်ခမ်းမွေး
ကားကားကြီးနဲ့ ဒီလူ ရောက်မှ ဒီကျား
ရောက်လာဆိုတော့ ဒီလူကရောဘာတုံး။
ကျားနက်ကြီးနဲ့ ဒီလူနဲ့က ဘယ်လိုပတ်
သက်နေတုံး။ဘယ်လိုပဲတွေးတွေး အ
ဖြေကတော့ မပေါ်ဘူးဗျ။

ဘာပဲဖြစ်ဖြစ် ငွေတွင်းကုန်းကို လိုက်သွား
မယ်လို့ ဆုံးဖြတ်လိုက်တယ်။အမေနဲ့အဘ
ကို အကျိုးအကြောင်းပြောပြီးအဝတ်အပို
တစ်စုံယူတယ်။ ပြီးတော့ ကျုပ်ရဲ့ဆေးလွယ်
အိတ်၊ သစ်စုန်းဆေးတော်၊ မျက်ကွင်းဆေး
ဘာမှမကျန်အောင် ကျုပ် ယူလာခဲ့တယ်။

ထနောင်းကုန်းကနေ နာရီပြန် နှစ်ချက်
တီးလောက်ထွက်ခဲ့တယ်။ ကိုအောင်ဘ
ကျော်က ကျုပ်တို့နယ်တကြောမှာ လှည်း
မောင်းချန်ပီယံဗျ။ လှည်းမောင်းပြိုင်ပွဲမှာ
မကြာမကြာဆုရတဲ့လူ။ ခုမှပဲ ကိုအောင်
ဘကျော်မောင်းတဲ့လှည်းကို ကျုပ်က စီး
ဖူးတာဗျ။လှည်းမောင်းတဲ့ နေရာမှာတော့
လွှတ်တော်တဲ့လူပါဗျ။ နွားငေါက်သံတောင်
သိပ်မကြားရဘူး။ ပြေးလိုက်တဲ့ နွားတွေ
ဗျာ။ သူ့နွားကြီးတွေကလည်း တကယ့်
နွားကောင်းတွေဗျာ။ နွားဖီးကြီးတွေဗျာ။
အဖြူတစ်ကောင်၊ အနီတစ်ကောင်ဗျ။
ညနေ ငါးနာရီလောက်ကျတော့ ငွေ
တွင်းကုန်းသင်္ချိုင်းကို ရောက်ပြီဗျ။

"တာတေ ငါ ဇရပ်နားက ဖြတ်မောင်း
ရမှာ၊ ဇရပ်ပေါ်က ဟိုလူကို မင်း မသိ
မသာ အကဲခတ်ကြည့်ကွ"

ကိုအောင်ဘကျော်က လှည်းကို သင်္ချိုင်း
ဇရပ်နဲ့ မနီးမဝေးက ဖြတ်မောင်းတယ်။
ကျုပ်က ဟိုကြည့်သလို၊ ဒီကြည့်သလိုနဲ့
သင်္ချိုင်းကုန်းထဲက ဇရပ်ပေါ်ကို ကြည့်
တယ်။ ဟော တွေ့ပြီ။ တွေ့ပြီ။ သျှောင်
တစ်စောင်းနဲ့၊ နှုတ်ခမ်းမွေးကားကားကြီး
ဗျ။ တစ်ခုခုကို တွေးနေတာဗျို့။ ကျုပ်
ကြည့်နေတာတောင် ဒီလူ မသိဘူး။
ကျုပ်တို့ သင်္ချိုင်းဇရပ်ကို ကျော်လာ
တော့မှ ကိုအောင်ဘကျော်က
ကျုပ်ကို မေးတယ်။

"ဘယ်လိုလဲ တာတေ၊ ဒီလူပုံစံက
မရိုးဘူး ထင်တယ်နော်"

"ဟုတ်တယ်ဗျ၊ ကိုအောင်ဘကျော်ရဲ့၊
ကျုပ်အတွေ့အကြုံအရ ပြောရရင်တော့
ဒီလူဟာ ကဝေလား၊ အောက်လမ်းလား
ပဲဗျ၊ ခင်ဗျားပြောတဲ့ ကျားနက်ကြီးနဲ့
ဒီလူနဲ့ဟာ တစ်နည်းနည်းတော့ ပတ်
သက်မှုရှိမှာ အမှန်ပဲဗျ"

"ဒီလူ ရောက်လာပြီးမှ ဒီကျားနက်ကြီး
ပေါ်လာတာကွ၊ ညတိုင်း ရွာကိုပတ်ပြီး
ဟိန်းနေတာ၊ ညရောက်ရင် မင်း တွေ့
ရမွာပါကြာ"

"ခင်ဗျားကျား ဒီည လာပါစေလို့ပဲ
ဆုတောင်းရတော့မှာပဲဗျာ"

"ဟာ လာမှာပေါ့ တာတေရဲ့၊ ညတိုင်း
လာနေတာ၊ လေးညဆက်တိုက် ရှိနေ
ပြီပဲကွ"

မိုးမချုပ်ခင် ကျုပ်တို့ရွာထဲ ရောက်ခဲ့
တယ်၊ရွာထဲက ကာလသားတွေက
ဝမ်းသာအားရနဲ့ ကျုပ်ကိုကြိုဆိုကြ
ပါရောလားဗျာ။

"ဟာ တာတေ ပါလာပြီဟေ့"

တစ်ယောက်က အော်ပြောလိုက်တာနဲ့
တစ်ယောက်ပြီး တစ်ယောက် ရောက်
လာတာဗျ။ ကျုပ်နဲ့ ကိုအောင်ဘကျော်
လည်း ကာလသား ဆယ့်လေးငါး
ယောက်နဲ့ အတူသွားရတော့တာပေါ့
ဗျာ။ ကိုအောင်ဘကျော်တို့ ဝိုင်းကြီး
က ကျယ်သားဗျ။မကျည်းပင်၊ တမာ
ပင်တွေနဲ့ အုံ့အုံ့ဆိုင်းဆိုင်းလေးဗျ။
ကျုပ်တို့အားလုံးကျွန်းလှေကားကြီး
ကနေ အိမ်ကြီးပေါ်ကို တက်ခဲ့တယ်။

"ဟေ့ လာဟေ့၊ မောင်တာတေ၊
ငါတို့လည်း မင်းကို တွေ့ချင်လို့
စောင့်နေတာကွ"

အပိုင်း(၄)ဆက်ရန်...

မူရင်းရေးသားသူအား လေးစားစွာ credit ပေးပါသည်။

Comments