ပင်လယ်စုန်း အပိုင်း(၁)



တာတေတို့နေတဲ့ ထနောင်းကုန်းမှာ ကိုသိန်းလို့ခေါ်တဲ့လူ တစ်ယောက်ရှိတယ်ဗျ။

တာတေတို့ထက်တော့ ကြီးတာပေါ့ဗျာ။ကျုပ်တို့ အရွယ်တွေက ကိုသိန်းကို ကိုကြီးသိန်းလို့ခေါ်ရတာဗျ။

လွှတ်သဘောကောင်းတဲ့လူပါဗျာ။တစ်ရွာလုံးမှာ ကိုကြီးသိန်းကို မခင်တဲ့သူဆိုတာမရှိဘူးဗျ။

အဲ ပြောစရာဆိုလို့ တစ်ခုပဲ ရှိတယ်ဗျို့။ကိုကြီးသိန်းက ဘိတ်သားဗျ။

သူပြောတဲ့စကားကို ကျုပ်တို့ အညာသားတွေနားလည်းဖို့ ခက်သားဗျ။

ဘိတ်သံဝဲဝဲကြီးနဲ့ပြောတာလေဗျာ။သတ္တဝါဆိုတာက ကံဦးစီးတဲ့အမျိုးမဟုတ်လားဗျ။ကိုကြီးသိန်းလည်းကံစီမံတဲ့အတိုင်းလိုပဲပြောရတော့မပေါ့ဗျာ။

ကျုပ်တို့ ရွာက မဆိတ်မနဲ့ အကြောင်းပါပြီဘိတ်သားဘဝကနေ ထနောင်းသားကုန်းဘဝကိုရောက်လာတာပေါ့ဗျာ။

ကျုပ်တို့ ရွာကလူတွေကသဘောကောင်းတဲ့ ဘိတ်သားကိုသိန်းကိုသူ့မိန်းမ မဆိတ်မကို အကြောင်းပြုပြီးတော့ဘိတ်သား ဆိတ်ဖွားလို့ ချစ်စနိုးခေါ်ကြတယ်ဗျ။

ခေါ်ရင်း ခေါ်ရင်းနဲ့ ကိုကြီးသိန်းရဲ့ နာမည်အရင်း
ပျောက်သွားပြီး ကိုဆတ်ဖွား ဆိုတဲ့ နာမည်တွင်ပါရောလားဗျာ။

ဒီနောက်ပိုင်းမှာ မွေးလာတဲ့ ကလေးတွေဆိုရင်
ကိုကြီးသိန်းရဲ့ နာမည်ရင်းကိုတောင် သိပ်မသိတော့ဘူးလေဗျာ။ကိုဆိတ်ဖွါးနဲ့ မဆိတ်မ ဆိုပြီးတော့ပဲ သိကြတာ။

အလှူဖိတ်စာ မင်္ဂလာဆောင် ဖိတ်စာတွေမှာရေးတဲ့အခါမျိုးမှာတောင် ကိုကြီးသိန်းရဲ့နာမည်ရင်းကို မေ့နေကြပြီး…

"တာတေ ရွာလယ်ပိုင်းက ဆိတ်မရဲ့ ယောင်္ကျားဆိတ်ဖွားရဲ့ နာမည်ရင်းက ဘယ်သူတဲ့ကွ။ပါးစပ်ဖျားတင် မေ့နေလို့ "

အဲဒီလိုကို ဖြစ်တော့တာဗျို့

"ဘိုးညီလေးကလည်းဗျာ ကိုသိန်းလေဗျာ"

"အေး ဟုတ်သားပဲ ငသိန်း အေးဟေ့တစ်ရွာလုံးက သူ့ကို ဆိတ်ဖွားချည်း ခေါ်နေတော့သူ့နာမည်ရင်းကို ဖော်လို့ကို မရတာဟေ့ တာတေရေ"

ပြောသာ ပြောရတာပါဗျာ ကျုပ်ကိုယ်တိုင်လည်း
ကိုကြီးသိန်းကို ကိုကြီးဆိတ်ဖွားလို့ပဲ ခေါ်နေတာကြာပါပြီ။ကိုဆိတ်ဖွားနဲ့ မဆိတ်မမှာ သမီးတစ်ယောက်မွေးတယ်ဗျ။

ကလေးမလေးက ချစ်စရာလေးပါဗျာ။ဖြူဖြူကလေးပဲ။

နာမည်ကလေးကလည်းချစ်စရာလေးဗျ။ ဆောင်းနှင်းဝေတဲ့။ဒါပေမယ့် ရွာထဲက လူတွေက ကိုဆိတ်ဖွားနဲ့မဆိတ်မတို့နဲ့ ကလေးကို 'ပဲပဲ'လို့ ပဲ ခေါ်ကြတာဗျို့။သူ့အဖေလိုပဲ နာမည်ရင်းပျောက်ပြီ 'ပဲပဲ'လို့ပဲတွင်ရောဗျို့။

cကျုပ်တို့ အညာသားတွေက အကြည်စားကလည်း
သန်ပါ့ဗျာ။ ကျုပ် မှတ်မိနေတယ်ဗျ။နွေဦးပေါက်ကလေးပါဗျာ။

ကျုပ်တို့အိမ်မှာကဆီကြိတ်ဆုံ ရှိတယ်ဗျ။ အဘခိုင်းလို့ ကျုပ်ဆီကြိတ်နေတာ။ဆီကြိတ်ပြီဆိုလျှင်တော့အဘရဲ့ နွားနီကြီးတွေက လွှတ်လိမ္မာတာဗျ။

'ဟဲ'လို့ တစ်ချက် မငေါက်ရဘူးဗျို့။အဲဒီနေ့ကကျုပ် ဆီကြိတ်တာကိုအဘနဲ့ အမေက ဘေးကနေ လိုတာလုပ်ပေးနေတာပေါ့ဗျာ။

"တာတေရေ …တာတေ"

ကျုပ်နာမည်ကို ဝိုင်းဝက လှမ်းခေါ်တဲ့အသံဗျ။ကျုပ်လည်း ဆတ်ကနဲ ခေါင်းထောင်ပြီးနားစင့်လိုက်တယ်။

"ဟဲ့ တာတေ ဒါ ဘယ်သူတုံး"

"ကျုပ်လည်း မသိဘူး အမေရေ အမေပဲသွားကြည့်လိုက်ပါဗျာ"

"အေး အေး ငါသွားမယ်"

အမေက ခပ်သုတ်သုတ် လျှောက်သွားတယ်။အမေ ပြန်လာတော့ အမေ့နောက်က ကပ်ပါလာတာဘယ်သူတုန်းမှတ်တယ် ကိုဆိတ်ဖွါးဗျာ။

"ဟာ ကိုကြီးဆိတ်ဖွါး ဘယ်က လှည့်လာတာတုံးဗျ"

ကျုပ်က နှုတ်ဆက်ရင်း မေးလိုက်တယ်။

"ဟာ ဆိတ်ဖွားပါလား လာကွ ဒီမှာထိုင်"

အဘကလည်း ကိုဆိတ်ဖွါးကို ခရီးဦးကြိုပြုကြပါတယ်ဆီဆုံကြိုးနဲ့ မလှမ်းမကမ်းမှာ အဘနဲ့ အမေက
စားပွဲခုံချပြီး ရေနွေးကရားနဲ့ လက်ဖက်သုပ် စားနေတယ်ဗျ။

"ဆိတ်ဖွား စား လက်ဖက် ပြီးရင် အကြမ်းသောက်
ဒီလက်ဖက်ခြောက် တော်တော်ကောင်းတာနင်ဦးကြီး ဟို့နေ့က မြို့သွားလို့ ဝယ်လာတာစော်ဘွားနှုတ်ခမ်းမွှေးအစစ်ဟဲ့ မွှေးလိုက်တာမှကြိုင်နေတာ သောက် သောက်"

"ကိုကြီးဆိတ်ဖွါး ဆေးလိပ်သေတ္တာ ဘေးအံထဲမှာ
နဂါးဆေးပေါ့လိပ်တွေ ရှိတယ် ယူသောက်ဗျ"

'အေး အေး သောက်မယ် တာတေ"

ကိုကြီးဆိတ်ဖွားက လက်ဖက်လည်းစားရေနွေး ကြမ်းလည်း သောက်ပေါ့ဗျာပြီးတော့ ကျုပ်တည်တဲ့ နဂါးဆေးပေါ့လိပ်ကလေးလည်းထုတ်သောက်တယ်။

"အရီးတို့ ဒီနှစ် နှမ်းတော်,တော်ရတယ်ဆို"

"အေးဟဲ့ ဆိတ်ဖွါးရဲ့ ဒီနှစ် မဆိုးဘူး ပြောရမှာပဲ။
ရာသီဥတုကလည်းကောင်း နင့်ညီတာတေကလည်း
သူ့အဖေနဲ့လိုက်ပြီး ကူလုပ်ပေးတော့ ခါတိုင်းထက်
ပိုသွားတာပေါ့ဟာ"

"ဝမ်းသာပါတယ် အရီးရာ အခုလာတာ ဒီကိစ္စပါပဲ"

ကိုကြီးဆိတ်ဖွားက သူလာတဲ့ကိစ္စ စကားစတယ်ဗျ။

"အေး ပြောဟဲ့ ဆိတ်ဖွါးရဲ့ ။ နင်လာတာ ကိစ္စအထွေ
အထူးရှိလို့လား"

အမေက မေးတော့ ကိုဆိတ်ဖွားက နဂါးဆေးပေါ့ လိပ်ကလေးကို နှစ်ဖွာလောက် ဖွာလိုက်ပြီးမှချထားလိုက်တယ်။

"ဒီလိုဗျ ဦးကြီးနဲ့ အရီးရဲ့ ကျုပ်က ဒီလိုအချိန်ဆိုရင်ဘိတ်ပြန်ပြီး ငါးပိငါးခြောက်တွေ သယ်နေကြလေဗျာ"

"အေး ဟုတ်သားပဲ နင်က တစ်ခေါက်သွားကာနီးမှ
တစ်ခါ ငွေသိမ်းတာလေ ။ ငါတော့ နင့်ကိုပေးဖို့
ပိုက်ဆံကို သပ်သပ်ကိုဖယ်ထားတာ ဆိတ်ဖွါးရဲ့"

"ဟာဗျာ အရီးကလည်း ကျုပ်က ငါးပိဖိုးလာယူတာ မဟုတ်ပါဘူးဗျာ တခြားပြောစရာရှိလို့ပါ။ငါးပိဖိုးက ကျုပ်သွားကာနီးမှ လိုက်သိမ်းမှာပါထနောင်းကုန်းရွာသားတွေဆီမှာ ကျုပ်ဖြင့်တစ်ခါမှ ငါးပိဖိုး မဆုံးပါဘူးဗျာ"

"တခြားကိစ္စဆိုတာ ဘာတုံးဟဲ့ ဆိတ်ဖွားရဲ့"

အမေက ကိုဆိတ်ဖွားကို ထပ်မေးတယ်ဗျ။

အပိုင်း(၂)ဆက်ရန်...

မူရင်းရေးသားသူအား ​လေးစားစွာ creditပေးပါသည်။

Comments

Popular posts from this blog

ခေါ်၍ လိုက်လာရပါသည် (အပိုင်း ၂)

ခွေးနက်ကြီးနှင့်သိုက်စောင့်သရဲ အပိုင်း(၃) ဇာတ်သိမ်းပိုင်း

စုန်းထီး အပိုင်း(၁)