သွားနှုတ်တဲ့ တစ္ဆေ အပိုင်း(၅)


"ဘာဖြစ်ရမတုံး ကောင်လေးရာ၊
ရင်ဘတ်ပေါ်မှာ ယှက်ပြီးတင်ထားတဲ့
ကျင်ဟုတ်ရဲ့ လက်ကြီးနှစ်ဖက်က'ဝုန်း'
ကနဲ မြောက်တက်ပြီး ငါ့ရင်ဘတ်ကို
ဆောင့်တွန်းလိုက်တာဟေ့၊ ငါဆိုတာ၊
နောက်ကို လန်ပြီး ပြုတ်ကျတော့တာ
ပေါ့ကွာ။ ဒါပေမဲ့ ကွဲပြဲတော့မသွားပါ
ဘူးကွာ၊ လက်တွေတော့ နည်းနည်း
ပွန်းသွားတာပေါ့။

ငါလည်း အောက်ပြုတ်ကျသွားတဲ့
ရွှေသွားငါးချောင်းကို လိုက်ကောက်
ပြီး ပလယာလေးကိုပါ ကောက်လိုက်
တယ်။ တရုတ်ကျင်ဟုတ်ရဲ့အလောင်း
ကို ကြည့်လိုက်တော့ ဒီအတိုင်းပဲကွ။
ရင်ဘတ်ပေါ်မှာ လက်ကြီးနှစ်ဖက်
ယှက်လျက်သားပဲ။ငါလည်း ဘာမှ
ပြောမနေနဲ့ သုတ်ခြေတင်တော့
တာပေါ့ကွာ"

ကိုမိုးသီးရဲ့ စကားဆုံးတော့ ကျုပ်က
ပြောတယ်။

"ကိုမိုးသီး အခု ခင်ဗျား သွားနှုတ်ခဲ့တဲ့
တရုတ်ကျင်ဟုတ်က မကျွတ်ဘူးဗျ
ဒီဆေးရုံကို ရွှေသွားပါတဲ့လူ လာတက်
ရင် သွားလာလာနှုတ်တယ်၊ လူတွေ
လန့်ကုန်ကြပြီဗျ"

ကိုမိုးသီးက ခေါင်းကြီးငိုက်စိုက်ချပြီး
ပြောသဗျ။

"ငါကြားတယ် ကောင်လေး၊ အဲဒီသွား
နှုတ်တဲ့ တစ္ဆေဟာ တရုတ်ကျင်ဟုတ်
ဆိုတာလည်း ငါ သိတယ်ကွ၊ ငါစိတ်
မကောင်းပါဘူးကွာ၊ ဒါပေမဲ့ ငါလည်း
ဘာမှမတတ်နိုင်ဘူး ကောင်လေးရာ၊
သူ့ရွှေသွားတွေလည်း ငါရောင်းပြီး
ဘိန်းဝယ်စားလိုက်တာ ကြာပေါ့ကွာ"

"ကျုပ် လုပ်ပေးမှာပါ ကိုမိုးသီး၊ အကျိုး
အကြောင်း သိချင်လို့ ကိုမိုးသီးကို မေး
တာပါဗျာ၊ ကျန်တာ ကျုပ်လုပ်မှာပါ"

ကျုပ် ကိုဖိုးကင်းနဲ့ တိုင်ပင်ပြီး ချက်ချင်း
စီစဉ်လိုက်တယ်။ မြို့ထဲက သွားစိုက်
ဆရာကြီးတစ်ယောက်ကို ကိုဖိုးကင်
ခေါ်လာတယ်။ တရုတ်အဘိုးကြီးဗျ။
နာမည်က ရာပိုချီတဲ့။ ရွှေသွားစိုက်တဲ့
နေရာမှာ လွှတ်တော်တယ်ဆိုပဲ။

ကျုပ်က သူ့ကို ကြေးနဲ့ ရွှေသွားငါးချောင်း
အမြန်လုပ်ပေးဖို့ ပြောတယ်။ သွားတွေက
စိုက်မှာ မဟုတ်ဘူးဗျ။ စွပ်မှာ။ ကျုပ်သွား
မှာ စွပ်ထားမှာ။ သွားစိုက်ဆရာက ကျုပ်
ပြောတာကို သဘောပေါက်တယ်။ကျုပ်
သွားတွေကို ပလာစတာနဲ့ သေသေချာ
ချာ တိုင်းထွာပြီး ယူသွားတယ်။ ကျန်တာ
တွေကို ကိုဖိုးကင်းက တာဝန်ယူတယ်။
ကျသလောက် ငွေကို သူပေးမှာတဲ့ဗျ။

ညနေ ငါးနာရီလောက်ကျတော့ ကြေးနဲ့
လုပ်ထားတဲ့ ရွှေသွားလေးတွေ ရလာပြီ
ဗျို့။ ကိုဖိုးကင်း ယူလာတာ။ ကျုပ်လည်း
ရွှေသွားအတုလေးတွေကို ကျုပ်သွားမှာ
စွပ်လိုက်တယ်။ တော်လိုက်တဲ့ သွားစိုက်
ဆရာကြီး ရာပိုချီဗျာ။ ကွက်တိပဲ။

ကျုပ်ပါးစပ်ထဲမှာ ရွှေသွားငါးချောင်း
စိုက်လိုက်တဲ့အတိုင်းပါပဲဗျာ။ ညမိုး
ချုပ်တာနဲ့ ကျုပ်မျက်ကွင်းဆေး ကွင်း
ထားလိုက်တယ်။ ကျောက်ခဲနဲ့သံမဏိ
ကိုလည်း အမေတို့အဘတို့နဲ့ ပြန်
ထည့်ပေးလိုက်တယ်။ ကလေးတွေ
ထိတ်လန့်နေမှာ စိုးလို့ပေါ့ဗျာ။

"တာတေ နင်ဟာလေ နေမကောင်းလို့
ဆေးရုံလာတက်တာတောင် ကောင်း
ကောင်းမနေနိုင်ဘူး၊ နင်တော့ ငါ တော်
တော်အံ့သြတယ်"

လို့ ဘကြီးတို့ အိမ်မပြန်ခင် ကျုပ်ကို
ပြောသွားသဗျ။ ကျုပ်ကတော့ ရွှေသွား
ငါးချောင်း စိုက်ထားတဲ့ ပါးစပ်ကို ဟန်
ပါပါဖြဲပြီး ရယ်ပြလိုက်တယ်။ ပြီးတော့
ဆေးရုံထဲမှာ ရွှေသွားတွေ ပေါ်အောင်
သွားတဖြဲဖြဲလုပ်ပြီး လျှောက်သွားနေ
လိုက်တယ်။

တစ္ဆေကျင်ဟုတ် မြင်အောင်လေဗျာ။
ညရောက်တော့ ကျုပ်က ပါးစပ်ဟပြီး
အိပ်ချင်ယောင်ဆောင်နေတယ်၊ တစ်
ချက် တစ်ချက် ဟောက်သံတောင်ပေး
လိုက်သေးသဗျ။ သန်းခေါင်ကျော်
လောက်ကျတော့ ခြေသံကြားပြီဗျို့။

"ရှပ်၊ ရှပ်၊ ရှပ်၊ ရှပ်"

တမံသလင်းပေါ်မှာ ရှပ်တိုက်ပြီး
လျှောက်လာတဲ့ ခြေသံဗျ။ ကျုပ်
အခန်းရှေ့ကိုရောက်တော့ ခြေသံ
က ရပ်သွားတယ်။ ဟော အခန်းထဲ
ကို ဝင်လာပြီဗျ။

"ရှပ်၊ ရှပ်၊ ရှပ်၊ ရှပ်"

ဟော ကျုပ်ကုတင်ဘေးမှာ ရပ်သွားပြီ။
ကျုပ်က ပက်လက်အိပ်နေရာကနေ
မျက်စိကို မသိမသာ မှေးမှေးကလေး
ဖွင့်ကြည့်တယ်။ ဟာ တရုတ်ကြီးတစ်
ယောက်ဗျ။ အင်္ကျီဟကွဲကြီးနဲ့ ကြယ်
သီးတပ်မထားတဲ့ ရှပ်အင်္ကျီပေါ့ဗျာ။

ဗိုက်မှာ ချုပ်ရာကြီးနဲ့ဗျို့။ ဗိုက်ကို အပ်
ချည်ကြိုး အနက်ကြီးနဲ့ ချုပ်ထားတာဗျာ။
တရုတ်ကြီးက ကျုပ်ပါးစပ်ထဲက ရွှေသွား
တွေကို စိုက်ကြည့်နေတာဗျ။ ပြီးတော့
ပါးစပ်ကြီးဖြဲပြီး ရယ်နေတယ်။

ဟာ ဟုတ်သားဗျ။ ပါးစပ်ထဲမှာ သွားတွေ
နှုတ်ထားတာဗျ။ ဟောင်းလောင်းကြီး။
ဒါဟာ ဘိန်းစားမိုးသီးကြီးရဲ့ လက်ချက်
ဖြစ်မှာပေါ့ဗျာ။ ဟာ ဟာ ကျုပ်ကုတင်
ပေါ်ကို တက်လာပြီဗျို့။ ဘုရား၊ ဘုရား
ကျုပ်ရင်ဘတ်ပေါ်မှာ ကားယားကြီးခွ
ပြီး ထိုင်ချလိုက်တယ်။

အလေးချိန်တော့ မရှိဘူးဗျ။ ပေါ့ပေါ့ကြီးဗျ။
ဟော ဟော ကျုပ်ပါးစပ်ထဲက ရွှေသွားတွေ
ကို သူ့လက်ညှိုးနဲ့ ပွတ်ကြည့်နေတယ်။
ဟော ကိုင်ပြီဗျို့၊ ကိုင်ပြီ။ ဟာ နှုတ်ပြီဗျို့။
ဆွဲနှုတ်လိုက်ပြီ။ သူ့လက်ထဲ ပါသွားတဲ့
ရွှေသွားကို ငုံ့ကြည့်ပြီး ပြုံးနေတယ်။

ဟော ထပ်နှုတ်ပြီဗျို့၊ ထပ်နှုတ်ပြီ။
တစ်ချောင်း၊ နောက်တစ်ချောင်း၊ ပြီးတော့
နောက်တစ်ချောင်း၊ နောက်တစ်ချောင်း
ပြည့်သွားပြီဗျို့။ ငါးချောင်းပြည့်သွားပြီ။

ခေလာ ခေလာ ခေလာ

ကျုပ်က အိပ်ချင်ယောင် ဆက်ပြီး
ဆောင်နေရတာပေါ့ဗျာ။ဟော သူ့ပါးစပ်
ထဲမှာ ရွှေသွားတွေ ပြန်စိုက်နေပြီဗျာ၊
တစ်ချောင်း၊ နောက်တစ်ချောင်း၊နောက်
တစ်ချောင်း၊ နောက်တစ်ချောင်း၊နောက်
တစ်ချောင်း ငါးချောင်းလုံး စိုက်လိုက်ပြီ။
ဟာ တရုတ်ကျင်ဟုတ်ကြီး ကျေနပ်
သွားပြီဗျို့။ ပြုံးပြုံးကြီး လုပ်နေတယ်။

"ခ ​လော၊ ခ ​လော၊ ခ ​လော"

အပိုင်း( ၆) ဆက်ရန်...

မူရင်းရေးသားသူအား လေးစားစွာ creditပေးပါသည်။

Comments

Popular posts from this blog

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၃)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၅)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၆)