ကဝေပျိုရဲ့အချစ် အပိုင်း(၃)



"ဟာ ကိုကြီးစိန်မောင်ကလည်း ဒေါ်ဆုံကြီးက ရှိမှ မရှိတော့တာ။ ပြီးတော့ ဘွားဆုံကြီးရှိတုန်းကရော ဘယ်သူ့ကို ပြုစားလိုက်တယ်လို့ ရှိခဲ့လို့လားဗျ၊ မီးဖွားမယ့်သူတွေ မီးမဖွားနိုင်ဖြစ်နေရင် ဘွားဆုံကြီးကို လှည်းနဲ့ ပြေးပင့်ကြရတာပဲမို့လား ကိုကြီးစိန်မောင်ရဲ့"

"အေးပေါ့ တာတေရ၊ အဲဒါကြောင့် လူတွေက ဘွားဆုံကြီးကို ပိုကြောက်ကြတာပေါ့ကွ"

"အလိုဗျာ၊ မီးမဖွားနိုင်တဲ့သူကိုလည်းကယ်ပေးရသေးတယ်၊ ဘာကို ပိုကြောက်ကြတာတုံးဗျ"

"ဟကောင် တာတေ၊ မင်း ဒီအကြောင်းတွေမကြားဖူးဘူးထင်တယ်"

"ဘာအကြောင်းတုန်း ကိုကြီးစိန်မောင်ရဲ့၊ဟဲ့ ဟိုကောင်ကြီး ငနီ မှန်မှန်သွားလေ၊ဘာဖြစ်လို့ အပြေးသွားနေတာတုံး၊ ရှေ့က ကုန်းတက်ကျရင် ရုန်းရဦးမှာ၊ ဟင်းမှန်မှန်လျှောက်လေ၊ ဘယ်ကိုတုန်း ဟိုကောင် ငညို တောက်၊ ဟင်း"

ကျုပ်က နွားငေါက်နေရတာနဲ့ စကားတောင် ရပ်သွားတယ်ဗျ

"ဘွားဆုံကြီးက မီးမဖွားနိုင်လို့ အသက်ဘေးကြုံတော့မယ့် မီးနေသည်အိမ်ကိုရောက်တာနဲ့ အိမ်ပေါ်ကလူတွေကိုအိမ်အောက်ကို ဆင်းခိုင်းတာဟေ့၊ပြီးရင် ထွန်းထားသမျှ မီးတွေ သူ့အလိုလို ငြိမ်းသွားရောတဲ့ကွ၊ သူ့ပါးစပ်ကလည်း ဘာတွေရွတ်မှန်း မသိဘူးတဲ့၊ မီးနေသည်ရဲ့ဗိုက်ကို ပွတ်ပြီး ရွတ်တော့တာတဲ့ဟေ့။

မီးနေသည်က လှစ်ခနဲ အိပ်ပျော်သွားသလိုဖြစ်သွားရောတဲ့ဗျာ၊ အဲဒီမှာ ဘယ်လို လုပ်လိုက်တယ် မသိဘူးတဲ့ဟေ့၊ ကလေး အပြင်ရောက်နေရောဗျာ၊ ဒီတော့မှ မီးဖွားတဲ့သူကလန့်နိုးသလို ဖြစ်သွားပြီး နာတာ ကျဉ်တာတွေ အားလုံးပျောက်သွားပြီး ဘာမှကို မသိလိုက်ဘဲ ကလေးမွေးပြီး သွားရောတဲ့ဟေ့၊ ကလေးငိုသံကြားမှ အိမ်က လူတွေလည်း အိမ်ပေါ်ပြန်တက်လာပြီး မီးတွေထွန်းကြရတာပေါ့ကွာ။

အဲ ဒါပေမဲ့ သူ့ကို ဘာကျွေးကျွေး မစားဘူးတဲ့၊ ရေတောင် တိုက်လို့ မရဘူးတဲ့ဗျာ။ ကန်တော့ရင်လည်း လုံးဝလက်မခံဘူးတဲ့ဟေ့။ ပြီးတော့ သူက ပြောသေးသဗျာ။ ငါ့ကို မကန်တော့ကြနဲ့၊ကန်တော့ချင်ရင် မဂျမ်းကြီးကို ကန်တော့တဲ့ဗျာ"

"မဂျမ်းကြီး ဟုတ်လား ကိုကြီးစိန်မောင်၊မဂျမ်းကြီး ဆိုတာ ဘယ်သူတုံးဗျ"

"မသိဘူးလေကွာ၊ မသိလို့ သူ့ကို မေးရင်လည်း ပြန်မပြောဘူးတဲ့ဟေ့၊ လူတွေကလည်း ဘွားဆုံကြီးကိုကြောက်လို့ သိပ်မမေးရဲဘူးပေါ့ကွာ"

"လူတွေက ဘွားဆုံကြီးကို ဘာဖြစ်လို့ဒီလောက် ကြောက်ကြတာတုံးဗျ ကိုကြီးစိန်မောင်ရ "

"ဟကောင် တာတေရ၊ လပြည့် လကွယ်တိုင်း သူတို့ဝိုင်းထဲက သပိတ်လုံးလောက်ရှိတဲ့ မီးလုံးကြီး ပျံထွက်သွားတတ်တာကိုဘန့်ဘွေးကုန်းတစ်ရွာလုံး ကလေးကစပြီး မြင်ဖူးနေတာကွ"

"ကိုကြီးစိန်မောင်ရာ ကျုပ်ကို ကပ်ဖဲ့လုပ်ပြီး မေးနေတယ်လို့တော့ မထင်ပါနဲ့ဗျာ၊ ကျုပ် တကယ်မသိတာပါဗျာ၊ ဘွားဆုံကြီးက ဘယ်လိုလုပ်ပြီး မီးလုံးကြီးဖြစ်သွားတာတုံးဗျ"

"ဟကောင် တာတေရ၊ မီးလုံးဆိုပေမယ့် မီးရောင်လို လင်းနေတဲ့ အလုံးကြီးကွ။မီးတောက်မီးလျှံကြီးကို ပြောတာမဟုတ်ဘူးဟ၊ အဲဒီလို မီးလုံးကြီး ပျံသွားပြီဆိုရင် ဘွားဆုံကြီးက သူ့အိပ်ရာပေါ်က တောင့်တောင့်ကြီး ဖြစ်နေရောတဲ့ဟေ့၊ အိပ်ပျော်နေတာတဲ့ကွ၊အဲဒီမီးလုံးကြီး ပြန်ရောက်လာမှ ပြန်လှုပ်ပြီး နိုးလာတာတဲ့ဟေ့"

"ဟင် ကိုကြီးစိန်မောင် ဒါတွေကိုဘယ်လိုသိတုံး"

"ဟာ ဒီကောင်နှယ် လှယဉ်တို့အဖေ ဘိုးအောင်စိန်နဲ့ လှယဉ်အမေ အရီးမယ်မတို့ အိမ်ထောင်ကျတော့ ဘယ်သူမှ သဘောမတူကြဘူးလေ၊ ဆွေတွေမျိုးတွေ အားလုံးဝိုင်းဖျက်တဲ့ကြားကနေ ဘိုးအောင်စိန်ကဇွတ်ယူတာတဲ့ဟေ့၊ ငါ့အဖေနဲ့ ဘိုးအောင်စိန်နဲ့က သူငယ်ချင်းတွေလေကွာ၊ ငါ့အဖေပြောပြလို့ ဒါတွေကို ငါသိတာပေါ့ကွာ၊ဒီတုန်းက ဘိုးအောင်စိန်ကို တွေ့ရင်အဖေတို့က ဝိုင်းစကြတာတဲ့ကွ"

"ဟင် ဘယ်လိုစကြတာတုံး"

"ဟေ့ကောင် အောင်စိန်၊ မင်းဗိုက်ထဲမှာအူတွေ၊ အသည်းတွေရော ရှိသေးရဲ့ကွာ။မင်းယောက္ခမ ဒေါ်ဆုံ နှုတ်စားသွားပြီလား၊မင်း ညဘက်အိပ်ရင် ဗိုက်ကို စောင်နဲ့ပတ်ပြီး အိပ်နော်၊ ဒါထက် နေပါဦး အောင်စိန်ရဲ့၊မင်းယောက္ခမ ဒေါ်ဆုံကြီးက လပြည့် လကွယ် မီးလုံးကြီးလို ပျံတက်သွားရင် သူ့ကိုယ်လုံးကြီးရော ကျန်ခဲ့သလား၊ ပါသွားသလား" အဲဒီလိုပေါ့ကွာ၊ ဝိုင်းပြီး စကြနောက်ကြ ၊ ဝိုင်းပြီး မေးကြ မြန်းကြပေါ့ကွာ"

"အဲဒီတော့ ဘိုးအောင်စိန်ကြီးက ဘာပြန်ပြောတုန်းဗျ။ ဟဲ့နွား ၊တယ် ငညို ပေကပ်ကပ်နဲ့ကွာ၊တောက်၊ ဟဲ့ ဆွဲလေ၊ ဟဲ့ "

ကျုပ်ကလည်း လှည်းမောင်းရင်း စကားပြောရတာကိုးဗျ။ စကားက ပြတ်ပြတ်သွားတာပေါ့လေ။

" သူငယ်ချင်းတွေဆိုတော့ ပြောတာပေါ့ကွာ၊ ဘိုးအောင်စိန်ပြောတာက ဒီလိုကွ

'ဟာကွာ၊ အောင်စိန်ပါဆိုမှ၊ ဘယ်မှာဖာသိဖာသာ နေလိမ့်မတုံးကွာ၊ ငါ့ ယောက္ခမ ဒေါ်ဆုံက စုန်းတွေ ကဝေတွေ တောက်စားတဲ့ အချိန်ဆိုရင် မီးလုံးကြီးပျံထွက်သွားရောကွ၊ ငါ သူ့အခန်းကို သွားဖွင့်ပြီး ကြည့်တာပေါ့ကွာ၊ စန့်စန့်ကြီးဟေ့၊ ဒီတော့ အသက်မှ ရှူရဲ့လားဆိုပြီး ကြက်တောင်ကလေးယူပြီးအဘွားကြီးရဲ့နှာခေါင်းဝကိုတေ့ကြည့်တာပေါ့ ။ ဟာ ရှူတယ်ဟေ့၊အသက်မှန်မှန်ရှူပြီး အိပ်နေတာကွ၊ ကိုယ်ကြီးကတော့ အလောင်းကောင်ကြီးလို တောင့်တောင့်ကြီး ဖြစ်နေတာကွ၊ဝိုင်းထဲကိုအဲဒီမီးလုံးကြီး ပြန်ဝင်လာမှ လှုပ်လာတာဟေ့'

'နေပါဦး အောင်စိန်ရဲ့၊ မင်း အဲဒီလိုထချောင်းတာကို ကဝေမကြီး မယ်ဆုံက မသိဘူးလားကြ'

' ဟာ ဘယ်သိလိမ့်မတုံးကွာ'

အပိုင်း(၄)ဆက်ရန်...

မူရင်းရေးသားသူအား လေးစားစွာ  credit ပေးပါသည်။

Comments