ခေါ်၍ လိုက်လာရပါသည် (အပိုင်း ၄)


၄။

နောက်တစ်နေ့ နံနက်မှာ ဖိုးလုံးအိမ်သို့ ထွန်းကျော်နဲ့ သူ့မိန်းမ မရင်ထွေး မျက်စိမျက်နှာပျက်ပျက်ဖြင့် ရောက်လာကြသည်။

ဦးစွာ မရင်ထွေးက စကားကို ပလ္လင်မခံပဲ ပြောချလိုက်သည်။မရင်ထွေးက ထွန်းကျော်ထက် ၅နှစ်ခန့်ကြီးသူ ဖြစ်သည်။ သူမယောက်ကျားကို ထွန်းကျော်ဟုသာ ခေါ်လေ့ရှိသည်။

" ဖိုးလုံး နင်နဲ့ထွန်းကျော် မနေ့က တောထဲမှာ ဘာတွေ လုပ်လာကြလဲ ၊ မနေ့ညက ငါတို့ တစ်အိမ်လုံး ဗြောင်းဆန်နေအောင် သရဲ အခြောက်ခံရတယ် ၊ အိုးတွေ ခွက်တွေလည်း ရစရာ မရှိတော့ဘူး ။ အကုန်လုံး အပြင်ဘက် လွင့်လို့ ။ ဆူညံနေတာ တရေးမှကို မအိပ်ရဘူး "

" ဗျာ ... သရဲ ခြောက်ခံရတယ် "

" အေး ... ဒီမနက် နောက်ဖေးက အုပ်ဆောင်းအောက် ထည့်ထားတဲ့ ကြက်မကြီးလည်း လည်ကျိုး သေနေတယ်။ ရင်ဘတ်ကလည်း ရင်ခွဲမီးမြိုက်ထားသလို မည်းနက်ပြီး ဟောင်းလောင်းပေါက်ကြီး ဖြစ်လို့ ...။ မီးဖိုချောင်မှာလည်း ကြက်လည်ဆံမွှေးတွေ ပွစာခတ်လို့ဟာ ။ အိုးတွေခွက်တွေလည်း မှောက်တဲ့ဟာက မှောက် ၊ အောက်ကျတဲ့ဟာက ကျလို့ "

ဖိုးလုံးက ဘာမှ မပြောပဲ ၊ သရဲ အကိုက်ခံရသော သူ့ ကြက်ဖကြီးကို ယူပြလိုက်သည်။ မရင်ထွေးရော ထွန်းကျော်ပါ အံအားသင့်ကုန်ကြသည်။

" ဟင် ! နင်တို့အိမ်လည်း သရဲ အခြောက်ခံရတယ်ပေါ့ ၊ တိုက်ဆိုင်လှချီလား "

ထိုအခိုက် မျက်တွင်းဟောက်ပက်နှင့် ဖိုးလုံး၏မိန်းမ မခင်စန်းက ထွက်လာကာ ၊ 

" တိုက်ဆိုင်မနေနဲ့ အစ်မရင်ထွေးရေ ၊ အဲ့ဒါ တော့်ယောက်ကျားကိုထွန်းကျော်နဲ့ ကျမယောက်ကျား ကိုဖိုးလုံးတို့ အမူးလွန်ပြီး ဂြိုလ်မွှေလို့ ဖြစ်ရတာ "

မခင်စန်းက ကိုဖိုးလုံးထံမှ သိရသော ဇာတ်ကြောင်းကို အကုန်အစင် ပြန်ပြောပြလိုက်သည်။ 

မရင်ထွေးခမျာ သူမယောက်ကျားက အစိမ်းသေ ငပွား ခေါ် ပွားကြီးကို အိမ်ပင့်လာသူမှန်း သိသွားသည့်အခါ ..
ယောက်ကျားအား တဖုန်းဖုန်းနဲ့ ထုလေ၏။ရိုက်လေ၏။ 

" ကဲ အဲ့ဒါဆို ဘယ်လို လုပ်ကြမတုန်း ထွန်းကျော်၊ နင့်ယောက်ဖ နင် ချစ်လို့ ခေါ်လာတာဆိုရင်လည်း နင်နဲ့သာနေ ။ ငါ့အိမ် ခေါ်မလာနဲ့ ။ အခု ကလေးတွေကို အမေ့အိမ်ပို့ထားရတယ်။မနေ့ညက သရဲခြောက်တော့ ကလေးတွေလည်း မအိပ်ရဘူး။ အဲ့ဒါ ဟောဒီက ငမူးကြောင့် "

သူတို့ လင်မယားတွေ တဖုန်းဖုန်း ထုနှက်နေချိန် ၊ ဘဒွေး တင်သောင်း ခြံထဲ ဝင်လာသည်။ ဘဒွေးက ရွာအရှေ့ဖျားက ဓာတ်ဗိန္နောဆရာကြီး ဦးဘိုချမ်းကိုပါ တစ်ခါတည်း ပင့်လာခဲ့တာ ဖြစ်၏။

ဆရာကြီး ဦးဘိုချမ်းသည် တိုင်းရင်း ဆေးပညာသာမက လောကီရေးရာ အဖြာဖြာကိုလည်း နားလည်တတ်ကျွမ်းသူ ဖြစ်သည်။ 

ဆရာကြီး ဦးဘိုချမ်းက ...

" ခေါ်လာမှတော့ ပြန်ပို့ရတော့မှာပေါ့ ။
ခေါ်လာသူတွေကပဲ ပြန်ပို့ပေးကြရမှာပဲ ။ ဘယ်လို ပြန်ပို့ရမလဲ ဆိုတော့ ...
အိမ်ရှေ့က တမာကိုင်း အနေတော်ကို ချိုးယူလာခဲ့ ။ တစ်အိမ်လုံးကို အဲ့ဒီ တမာကိုင်းနဲ့ နေရာအနှံ့ လိုက်ရိုက် ။ ပါးစပ်ကလည်း ငပွားရေ မင်းနေရာ ပြန်ကြစို့ ။ မင်းအတွက် ကြက်သားဟင်းနဲ့ အရက် ငါတို့ ယူလာတယ်ဟေ့လို့ အဆက်မပြတ် ပြောပေး ။ 
   သူ့ နေရာကိုရောက်သည်အထိ တမာကိုင်းနဲ့အတူ မင်းတို့က ပြန်ခေါ်သွား ။ဟို ရောက်ရင် တမာကိုင်းကို ငပွား အဖြစ် ပြန်ထားခဲ့ရမယ်။ ပြီးရင် ငပွားအကြိုက် အရက်နဲ့ ကြက်သားကာလသားဟင်းကို ငပွားအတွက် ခေါစာသဘောမျိုး ပစ်ပေး ကျွေးပေး ။ ဒါဆိုရင် ငပွား သူ့နေရာ သူ ပြန်ရောက်သွားလိမ့်မယ် ၊ အဆုံးသတ်က ... ငပွား မင်းနဲ့ ငါတို့က ဘဝခြားသွားပြီ ၊ မင်းနေရာ မင်းနေခဲ့တော့လို့ ပြော ၊ ဒါမှ ငပွားက သူ့ဘဝ သူသိ၊ သူ့နေရာ သူ နေခဲ့မှာ "

ဆရာကြီး ဦးဘိုချမ်းက အိမ်တွင်း အိမ်ပြင် ချမ်းသာရာ ရအောင် ပရိတ်သဲ ၊ ပရိတ်ရေတို့ ဖျန်းပက်ပေး၏။ ပရိတ်ကြိုးတို့ကို အရံအတားအဖြစ် အိမ်သားများ လည်ပင်း၌ ဆွဲစေသည်။ 

နေမွန်းတည့်ချိန်လောက်မှာ ကြက်သား ကာလသားဟင်း ကျက်သည်နှင့် ဆရာကြီး ဦးဘိုချမ်း ခိုင်းသလို လုပ်ကြသည်။ 
တမာကိုင်းဖြင့် အိမ်ထဲ အိမ်ပြင်သာမက ၊ ကြက်ခြံတဲ နေရာအနှံ့ပါ တဖုန်းဖုန်း ရိုက်ပြီး ငပွားကို ပြန်ခေါ်ရသည်။

ကျေနပ်လောက်အောင် ရိုက်ပြီးသည်နှင့် တမာကိုင်းကို ယူ၍ ငပွားအား သူ့နေရာသို့ ပြန်ပို့ပေးကြသည်။ 

ငပွား သစ်လုံးပိသေသည့် နေရာသို့ ရောက်သည့်အခါ တမာကိုင်းကို မြေပေါ်သို့ ချ၍ အရက်နဲ့ကြက်သားကာလသားဟင်းကို တည်ခင်းကာ...။

" ငပွားရေ ... လူ့ဘဝတုန်းက မကျွေးလိုက်ရတဲ့ ကြက်သားကာလသားဟင်းနဲ့ မင်းအကြိုက်ဆုံး ချက်အရက်ကို စိတ်တိုင်းကျ သုံးဆောင်ပါကွာ ။ 
  မင်းနဲ့ ငါတို့က ဘဝတွေ ခြားသွားကြပြီ သူငယ်ချင်းရေ ။ ဒါကြောင့် ငါ့တို့ နောက်ကို မလိုက်ခဲ့ပါနဲ့တော့ ။ 
    မင်းနေရာမှာ မင်း နေရစ်ပြီး ၊ ငါတို့ ကျွေးမွေးထားတာတွေသာ အားပါးတရ သုံးဆောင်ပါနော် ...။ နေရစ်ခဲ့တော့ ငပွားရေ ။ နေရစ်ခဲ့တော့ ။"

လေတိုက်သည်ကြောင့်လား မသိ။ ငပွား ကိုယ်စား ခေါ်လာခဲ့သော တမာကိုင်းလေးသည် သူတို့ပြောသော စကားကို နားလည်သည့်အလား ညင်သာစွာ လှုပ်ခတ်သွားလေသည်။ 

ဘဝခြားသွားတာကို ငပွားတစ်ယောက် သိရှိ လက်ခံသွားဟန်တူပါသည်။တိုက်ခတ်လာသော လေညှင်းသွဲ့သွဲ့တွင် ရှိုက်သံလေး သဲ့သဲ့ပင် ပျံ့လွင့်လာသည်ဟု ဖိုးလုံး နှင့် ထွန်းကျော်တို့ ထင်လိုက်မိလေသည်။

ပြီးပါပြီ

ပီပီ (မန္တလေး)
လေးစားစွာဖြင့်
#credit

Comments

Popular posts from this blog

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၃)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၅)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၆)