ခေါ်၍ လိုက်လာရပါသည် (အပိုင်း ၃)
၃။
အဲသည့်နေ့က သူ နဲ့ ထွန်းကျော် သစ်ခုတ်ပြီး မပြန်ခင်မှာ ပါလာသည့် အရက်ဘူးတွေကို ထုတ်၍ သောက်ကြ၏။
အမြည်းက နေ့လယ်စာ စားရင်း ကျန်နေသော ကြွက်ကြော်လက်ကျန် ဖြစ်၏။
ထွန်းကျော်ဆိုတာက နေရာတကာ ဆရာကြီး လုပ်တတ်သူ။ တတ်ယောင်ကား ဆရာကြီးပေါ့ ။ ဟိုနေရာ စပ်စပ် ၊ သည်နေရာ စပ်စပ်နဲ့ သူမသိတာ မရှိသည့်အပေါက်မျိုး ။
ထုံးစံအတိုင်း သောက်တော့ မူး၏။ မူးလာတော့ ထွန်းကျော်က ဟောင်ဖွာဖွာ ။ ဖိုးလုံးကလည်း ပေကပ်ကပ် ။ နှစ်ယောက်သား တွေ့ကြပြီ။
ထွန်းကျော်က စကားစ၏။
" ငပွားသေတာလည်း မပြောနဲ့ ။ ဒီကောင်က ငတ်လို့ လုပ်စားတာ ၊ သစ်တောရဲ့ အထာကို ဘာမှ သိတာမဟုတ်ဘူး ။ ဒါခုတ်ဆို ခုတ်တဲ့ကောင်။ သစ်ပင်ရဲ့ အကြောကို ငါ့လောက် မသိရှာဘူးလေ။ ငါတို့ သစ်ခုတ်နေတာ ကြာပြီ ၊ ဘာများ ကြီးကြီးကျယ်ကျယ် ဖြစ်ဖူးလို့လဲ ။ အဲ့ဒါ လုပ်ငန်းကျွမ်းကျင်မှု ၊ သမ္ဘာရင့်မှု တွေ အများကြီးလိုတာကို ပြောပြတာပဲကွ "
ထွန်းကျော် ပြောတာကို ဖိုးလုံးက လက်သင့်မခံ။
" မဆိုင်ပါဘူး ထွန်းကျော်ရာ ၊ ငပွားဆိုတာလည်း မင်းတို့ငါတို့လို သစ်ခုတ်စားနေတာ ကြာပါပြီကွာ ၊ အဲ့ဒီနေ့က ငပွားက နေ့ခင်းဘက် အလုပ်ချိန်မှာ သောက်ထားတာ များတယ်လို့ ပြောတယ်။ ဒီကောင် မူးနေလို့ ဖြစ်သွားတာပါ ၊ သေသွားတဲ့သူကို မနှိမ့်ချချင်စမ်းပါနဲ့ "
" ဟ ... ငါက နှိမ်တာမဟုတ်ဘူး ဖိုးလုံး ။ မင့်ကောင် ငပွားက ဘာမှ အဖြစ်ရှိတာမဟုတ်ဘူး ။ ဘယ်ဟာမှ မကြည့်နဲ့ သစ်ခုတ်တဲ့ အဖွဲ့တွေ ဒီကောင်နဲ့ဆို အလုပ် မလုပ်ချင်ကြဘူး ။ အဲ့တာ ဒီကောင် လုပ်ငန်း မကျွမ်းကျင်လို့ပေါ့ ..."
" မဟုတ်ဘူး ထွန်းကျော်။ အရင်က ငပွားက ဒီလိုမဟုတ်ဘူး ။ သိပ်တက်ကြွတဲ့အကောင် ၊ လာဘ်မြင်တဲ့ကောင် ။ သူ့မိန်းမ မြရင် ၊ လင်ငယ်နောက်လိုက်သွားပြီးကတည်းက အရက်ပဲ ဖိသောက်နေလို့ လူတွေက မတွဲချင်တော့တာပါကွာ ။ ငါတို့သစ်ခုတ်အလုပ်က မူးနေလို့ မဖြစ်ဘူးလေ။ မြရင်ကလည်း တနှာကို ရူးလွန်းပါတယ် ။ ကလေးနှစ်ယောက်ကို ငပွားနဲ့ ထားသွားတယ် ။အဲ့ကောင်မ ခွေးထက်တောင် မိုက်သေး "
ဒီလိုနဲ့ သူတို့ နှစ်ယောက်ဟာ ငပွားအကြောင်း ဟိုပြောသည်ပြောနဲ့ ငြင်းကြခုန်ကြသောက်ကြပေါ့ ။
သူတို့ နှစ်ယောက်အလယ်မှာ လယ်ကြွက် အစပ်ကြော်နဲ့ အရက်ဘူး ချထားကြ၏။ အရက်က သူတို့တွေ ရေသန့်ဘူးနဲ့ ထည့်ယူလာကြတာ။ ရေမရောရသေးတဲ့ ချက်အရက်စစ်စစ်တွေ။
သူတို့ ထိုင်ပြီးပြောနေတဲ့ သောက်နေတဲ့ နေရာက ၊ ငပွား သစ်လုံး ပိသေထားတဲ့ နေရာနဲ့က သိပ်မဝေးဘူး ။ ခပ်လှမ်းလှမ်းက ခုတ်လှဲထားတဲ့ သစ်တွေ စုပုံထားတဲ့နေရာမှာ ငပွားက သစ်လုံး ပိသေထားတာ။ သေတာက တစ်လကျော် ကြာပြီဆိုတော့ အားလုံးက မေ့မေ့ပျောက်ပျောက်ပါပဲ ။ ဒီလိုပဲ သွားကြလာကြနဲ့ ။ စားကြသောက်ကြပေါ့။ လူကြမ်းစိတ်ကြမ်းတွေဆိုတော့ ကြောက်လည်း မကြောက်ကြပါဘူး။
မှတ်မှတ်ရရ ငပွားဆီက ငယ်သံပါအောင် အော်သံကြီး ကြားရတဲ့ အချိန် အနီးအနားက သစ်ခုတ်လုပ်သားတွေ ငပွား ရှိရာကို အပြေးအလွှား သွားကူကြ၏။ဒါပေမယ့် သစ်လုံးက ငပွားရဲ့ ခေါင်းတခြမ်းကို ကြေမွသွားစေတာကြောင့် ဘယ်သူမှ မကယ်လိုက်နိုင်ကြဘူး ။ အရက်ကြိုက်တဲ့ ငပွားဟာ အရက်ကြောင့်ပဲ လုပ်ငန်းခွင် မတော်တဆ ဖြစ်ပြီး ပွဲချင်းပြီး ဆုံးပါးသွားရှာသည်။
နှစ်ယောက်သား အတူတူ သောက်နေရင်းနဲ့ ထွန်းကျော်ဟာ ဘာထကြောင်လဲ မသိပါဘူး ။ အရက်ခွက်ကို ယူကာ သစ်လုံးတွေ စီထားရာကို ဒယိမ်းဒယိုင်နဲ့ လျှောက်သွား၏။လူက မူးနေပြီဆိုတာ သူ လမ်းလျှောက်ပုံကို ကြည့်ပြီး သိနိုင်၏။
သစ်လုံးပုံကြီး ရောက်သည့်အခါ ထွန်းကျော်က မူးမူးရူးရူးဖြင့် ...၊
" သူငယ်ချင်း ငပွား ၊ မင်းအတွက် ငါ စိတ်မကောင်းဘူး ။ ငါတို့ သောက်နေကျ ၃ယောက်မှာ မင်း တစ်ယောက် မပါတော့ ... ငါ ဝမ်းနည်းမိတယ် ။ ဒါကြောင့် မင်းကို ငါ အရက်လာတိုက်တာ သူငယ်ချင်း ၊ ချကွာ ... သောက် သောက် မင်းအကြိုက် ရေမရော ချက်အရက်စစ်စစ်လေး ... "
ထွန်းကျော်က သူ ယူလာတဲ့ အရက်ခွက်ထဲက အရက်တွေကို ငပွား သစ်လုံးပိသေခဲ့တဲ့ နေရာမှာ မူးမူးနဲ့ လျှောက်ဖြန်း၏။
ပါးစပ်ကလည်း ' ငပွားရေ ... လာဟေ့ ၊ ငါတို့ အတူတူ သောက်ကြရအောင် ' ဟုဖိတ်ခေါ်လိုက်၏။
ဘာထူးလဲ ။ ဖိုးလုံးကလည်း မူးနေတော့ လယ်ကြွက်ကြော်ပန်းကန်ကို ယူလာပြီး အသားဖတ် ... တစ်ဖတ်စ နှစ်ဖတ်စကို ရှေ့က ထွန်းကျော် အရက်တွေ ဖျန်းသလိုပဲ မြေပေါ်ကို ကြဲချပေးရင်း ...
" ငပွား ... အမြည်းကတော့ သိပ် ဖောဖောသီသီ မရှိဘူးကွာ ၊ ကြွက်ကြော်လေးပဲ အာသာပြေ မြည်းလိုက်တော့ ။ ငါတို့လည်း ဒါပဲ ပါခဲ့တယ် "
အဲ့ဒီမှာ မူးနေတဲ့ ထွန်းကျော်က ကွန့်တယ်။ အမှန်တော့ ထွန်းကျော်က ဖိုးလုံးကို စလိုက်ခြင်း ဖြစ်၏။
" ဟေ့ကောင် ဖိုးလုံး ၊ မင်းပဲ ငပွား မသေခင်က မင်းအိမ်က ကြက်တစ်ကောင်ကို ကာလသားဟင်း ချက်ကျွေးမယ်လို့ ကတိပေးထားတယ်လေ ။ အခု ငပွားက ကာလသားဟင်း စားချင်တာတဲ့ ၊ မင်း အိမ်ခေါ်သွားလိုက် ဟေ့ကောင်။ အိမ်ရောက်ရင် ငပွားကို ကြက်သားကာလသားဟင်း ချက်ကျွေးလိုက် ။ ငပွားက အမြစ်အသဲ သိပ်ကြိုက်တာ မင်းသိတယ်နော် ဟားဟား "
ဖိုးလုံးက ဘယ်ခံမလဲ ။ သူကလည်း ထွန်းကျော်ကို ပြန်ငေါ့၏။
" အောင်မာ ငါ့တော့ ပြောနေ ၊ မင်းလည်း ဘာထူးလဲ ထွန်းကျော် ။ မင်းအိမ်က ကြက်ဖကြီး ရိုက်ချက်ကျွေးမယ်လို့ ငပွားကို ပြောထားတာပဲလေ ။ ငပွားရေ ... လိုက်သွားလိုက်ဟေ့ ၊ ဒီကောင် ထွန်းကျော်က မင်းကို ကျွေးချင် မွေးချင်နေတာဟ ...ဟားဟား "
အဲ့ဒီမှာ မူးနေကြသူခြင်း မခံချင်စိတ်နဲ့
အချေအတင် စကားများကြလေရဲ့။
" ဘာလဲ ဖိုးလုံး ၊ မင်းက မင်းအိမ်ကို ငပွား လိုက်လာမှာ ကြောက်နေတာလား ၊ ဒါကြောင့် ငါ့ဘက်ကို လွှဲပို့နေတာပေါ့လေ "
" ထွီ ... ဟေ့ကောင် ထွန်းကျော် ၊ ဖိုးလုံးရဲ့ ရာဇဝင်မှာ ဘာကိုမှ မကြောက်ဖူးဘူးကွ ။ မင်းကောင် ငပွားကိုသာ ပြောလိုက် ဘယ်ချိန် လိုက်လိုက် ငါက ခေါ်တယ်လို့ "
" အိုးဟိုး မင်းက ဒီလိုလား ။ ဒါဆိုရင် မင်းလည်း ပြောလိုက်စမ်းပါ ။ ငပွားရေ ငါ့အိမ်က ကြက်ဖကြီး မင်းစားချင်ရင် လိုက်ခဲ့ဟေ့ လို့..."
ဖိုးလုံး နဲ့ ထွန်းကျော်ဟာ မူးနေကြတော့ မဆင်မခြင်နဲ့ ငပွားကို သူ့အိမ်လိုက်ခဲ့ပါ ၊ ငါ့အိမ်လိုက်ခဲ့ပါဟု တစ်ယောက်နဲ့တစ်ယောက် မခံစိတ် အပြိုင်အဆိုင်နဲ့ ခေါ်ခဲ့မိကြသည်။ အချိန်က အပုပ်ချိန်။ နေဝင်ရီတရော် အချိန် ။ အရက်တွေ အညှီအဟောက်ဖြစ်တဲ့ အသားကြော်တွေ ချကျွေးပြီး ခေါ်ခဲ့မိကြသည်။
သူတို့နှစ်ဦး ရွာပြန်တော့ မှောင်ပြီ။အပြန်ခရီးမှာ သူတို့ နှစ်ယောက် ကောင်းစွာ သတိထားမိကြတာ တစ်ခု ရှိသည်။။
အဲ့တာကတော့ သူတို့နှစ်ယောက်ရဲ့ ခြေသံအပြင် အနောက်က တတိယခြေသံ တရှပ်ရှပ်ကိုလည်း သူတို့နားဖြင့် ဆက်ဆက် ကြားလိုက်ရခြင်း ဖြစ်သည်။
သူတို့ ရင်ခုန်စွာ လှည့်ကြည့်ကြသည်။သူတို့နောက်တွင် ဘာကိုမှ မတွေ့ရ။ ဒါနဲ့ ရှေ့ဆက် လျှောက်ကြသည်။
တတိယ ခြေသံကတော့ သူတို့အနောက်က ကပ်ပါလာမြဲ ဖြစ်လေသည်။
ဖိုးလုံး နဲ့ ထွန်းကျော် တစ်ဦးမျက်နှာကို တစ်ဦး မတိုင်ပင်ပဲ ကြည့်မိကြသည်။ သူတို့မျက်နှာတွေက မအီမလည် အပြုံးတုတွေကိုယ်စီနဲ့ ...။
Comments
Post a Comment