ကဝေပျိုရဲ့အချစ် အပိုင်း(၆)



"အေး အခု ငါလာတာ အဲဒီကိစ္စပဲကွ"

"ဗျာ ဘာကိစ္စတုံးဗျ"

"မနေ့က ညနေက ဘန့်ဘွေးကုန်းသုသာန်က ဇရပ်ပေါ်မှာ လွတ်အိတ်ကြီးတွေ လွယ်ထားတဲ့ လူနှစ်ယောက် ရောက်တာတွေ့တယ်လို့ ရွာထဲမှာ ပြောနေကြတယ်ကွ။ဒါနဲ့ငါ့ညီဝမ်းကွဲ တောကျော်နဲ့ ငါနဲ့ မသိမသာသွားပြီး အကဲခတ်တော့ ဟုတ်တယ်ကွ။နှုတ်ခမ်းမွေးကြီးတွေနဲ့ တစ်ယောက်ကသျှောင်ထုံးကြီးနဲ့ကွ၊ တစ်ယောက်ကတော့ရိုးရိုးဆံပင်ပါပဲ။ ဇရပ်ပေါ်မှာ ဖယောင်းတိုင်တွေ ထွန်းပြီး တစ်ခုခုလုပ်နေတာကွ၊ ဘာလုပ်နေတာလဲတော့ မသိဘူးကွ၊ ငါတို့ညီအစ်ကိုလည်း မသိမသာဘဲ ပြန်လာခဲ့တာပေါ့ကွာ၊ ရွာထဲမှာတော့ တိုးတိုးတိုးတိုးနဲ့ ဒီအကြောင်း ပြောနေကြတာပေါ့ကွာ။ မနက်လေးနာရီလောက်ကျတော့ ဘိုးအောင်စိန်တို့ ဝိုင်းထဲကမီးလုံးကြီးတစ်လုံး ပျံတက်သွားတယ်လို့ကင်းစောင့်တဲ့ ကောင်လေးတွေ လာပြောလို့ ငါလိုက်သွားပြီး ကြည့်တယ်ကွ"

"ဘယ်ကို သွားကြည့်တာတုံး ကိုကြီးစိန်မောင်ရ"

"ဟိုကောင်တွေက သင်္ချိုင်းကုန်းဘက်ကိုပျံထွက်သွားတယ်ဆိုလို့ သင်္ချိုင်းကုန်းဘက်ကိုလိုက်ကြည့်တာကွ"

"ဘာတွေ့တုံးဗျ"

"ဟာ တွေ့တာပေါ့ကွာ၊ မီးလုံးကြီး သစ်ပင်တွေပေါ်မှာ ဝဲနေတာကွ၊ မနေ့က ငါတွေ့ခဲ့တဲ့ လူနှစ်ယောက်က ဇရပ်နဲ့ သင်္ချိုင်းကြားကကွက်လပ်ကြီးမှာ တစ်ယောက်နဲ့တစ်ယောက်ဆယ်ပေလောက်ခွာပြီးရပ်နေကြတာကွ၊

မီးလုံးကြီးက အပေါ်မှာ ဝဲနေရာကနေ ထိုးဆင်းလာပြီး ဝင်းဝင်း ဝင်းဝင်းနဲ့ အလင်းတန်းတွေလွှတ်လိုက်တာကွ။ ဟိုလူနှစ်ယောက်ကလည်း ဝင်းဝင်း ဝင်းဝင်းနဲ့ အလင်းတန်းတွေနဲ့ ပြန်ပစ်တာပဲဟေ့၊ မီးလုံးကြီးက အပေါ်ကို ထိုးတက်သွားလိုက်၊ အောက်ကိုစိုက်ဆင်းလာပြီး အလင်းတန်းတွေ တဝင်းနဲ့ပစ် လိုက်၊ အောက်က လူနှစ်ယောက်ကလည်း အလင်း တန်းတွေနဲ့ ပြန်ပစ်လိုက်နဲ့ တော်တော်ကြာတယ်ကွ။

ခဏနေတော့ မီးလုံးကြီးက ပစ်လိုက်တဲ့အလင်း တန်းကြီးဟာ သျှောင်ထုံးမပါတဲ့လူရဲ့ ကိုယ်ထဲကို ဖောက်ဝင်သွားရောဟေ့၊ အဲဒီလူလည်း မြေကြီးပေါ်မှာလူးလှိမ့်ပြီး အသံနက်ကြီးနဲ့ 'အား'ခနဲ တစ်ချက် ကြုံးအော်လိုက်ပြီး ဆန့်ငင် ဆန့်ငင် ဖြစ်နေရောဟေ့။

သျှောင်ထုံးနဲ့ လူကြီးက သူ့လူကို ပြေးပွေ့ပြီး ပါးစပ်ထဲကို ဆေးတွေ ထိုးထည့်ပေးတယ်ကွ။ ဒါပေမဲ့ ဆေးမမီတော့ဘူးထင်တယ်ကွ၊ ငြိမ်ကျသွားရောဟေ့၊သျှောင်ထုံးနဲ့လူက 'တောက်'ခနဲနေအောင်တောက်ခေါက်လိုက်ပြီး မော့ကြည့်တယ်။ဒါပေမဲ့ မီးလုံးကြီးက မရှိတော့ဘူးကွ"

"ဟာ ဟိုလူ သေသွားတာပေါ့ ဟုတ်လားကိုကြီး"

"အေး သေတာပေါ့ကွာ၊ သေလိုက်တာမှစန့်စန့်ကြီးဟေ့၊ ပါးစပ်ကလည်း သွေးတွေ တပွက်ပွက်နဲ့ အန်တာကွာ၊ မြင်လို့ကို မကောင်းပါဘူး"

"အဲဒီမီးလုံးကြီးက လှယဉ်တို့ဝိုင်းထဲကထွက်လာတာပေါ့ ဟုတ်လား ကိုကြီးစိန်မောင်"

"အေး ဟုတ်တယ် တာတေ၊ ကင်းစောင့်တဲ့ သာကျော်နဲ့ ကျားကြီးက သေသေချာချာကို တွေ့ခဲ့တာပါဆိုကွာ"

"ဒါဆိုရင် ဒီမီးလုံးကြီးက ကျုပ်ယောက္ခမလောင်း ဆယ့်နှစ်ကြိုးကဝေမကြီးအရီးမယ်မ ဖြစ်မှာပေါ့ဗျာ"

ကျုပ်စကားကိုကြားတော့ ကိုကြီးစိန်မောင်က ခေါင်းခါပြတယ်ဗျ။ ပြီးတော့မှ မျက်နှာပျက်ပျက်နဲ့ ပြောတယ်။

"မနေ့က ရွာမှာ အရီးမယ်မ မရှိဘူးကွ၊မြို့ကိုသွားတယ်။ ဘိုးအောင်စိန်လည်းပါသွားတယ်။ အရီးမယ်မတို့ အဒေါ်တစ်ယောက် ဆုံးလို့တဲ့၊ နောက်နှစ်ရက်လောက်ကြာမှ ပြန်လာမှာတဲ့ "

"ဗျာ ဒါဆိုရင် ဒီ ဒီ မီးလုံးကြီးက…"

ကျုပ် ကိုကြီးစိန်မောင်ရဲ့ မျက်နှာကိုအကဲခတ်လိုက်တယ်။

"ငါ အတိအကျတော့ မသိဘူး တာတေ၊ဒါပေမဲ့ အိမ်မှာက လှယဉ်နဲ့ သူ့မောင်နှစ်ယောက်ပဲရှိတာ"

"ဗျာ"

"မဗျာနဲ့ လူလေး၊ အဲဒါ မင်းသူငယ်ချင်းမလှယဉ်ကွ"

ဘယ်တုန်းက နောက်မှာရောက်နေမှန်းမသိတဲ့ ကျုပ်အဘ ဝင်ပြောလိုက်တာဗျ။

"ဟင် အဘ၊ အဘသိတယ် ဟုတ်လား"

"သိပါပြီလား တာတေရယ်၊ အောင်စိန်ကငါ့သူငယ်ချင်းလေ၊ ငါတို့ဝိုင်းပြီးဖျက်နေတဲ့ကြားက မယ်မကို ဒီကောင် ဇွတ်ယူသွားတာ၊ သူ့ယောက္ခမ မယ်ဆုံကြီး မသေခင်မှာ သူ့ပညာတွေ မယ်မကို ပေးတာ မဟုတ်ဘူးကွ၊ သူ့မြေးမ လှယဉ်ကို ပေးခဲ့တာ။

သူတောက်စားချိန်မှာ ငုံထားတဲ့ ကွမ်းဖက်ကို လှယဉ်ကို ကျွေးလိုက်တာကွ၊ ဒီမိန်းမကြီးက နည်းတဲ့အဆင့် မဟုတ်ဘူး၊မောက်လုံးထက် သုံးဆင့်မြင့်တယ်တဲ့။

အစိမ်းရောင်စက်တွေ လွှတ်နိုင်တယ်တဲ့။ပညာပေးပေးချင်း လှယဉ်က အောင်သွားတယ်ဆိုပဲ။ ပညာပေးတဲ့ ဆရာထက် တစ်ဆင့်နိမ့်တဲ့ပညာသည် ဖြစ်လာတာလေ။အဲဒီဆရာ သေတော့မှ သူက အဲဒီဆရာရဲ့အဆင့်ကိုရတာ၊ အခု မယ်ဆုံမရှိတော့လှယဉ်က သူ့အဘွားမယ်ဆုံရဲ့ အဆင့်ကိုရသွားတာပေါ့။

အဲဒါ အောင်စိန်က သူ့သမီးဆီက ပညာကိုနှုတ်ပစ်ဖို့ အစွမ်းထက်တဲ့ ဆရာကို ကြိတ်ပြီးရှာနေတာ၊ ငါ့ကိုလည်း အကူအညီတောင်းလို့ ငါလည်း ကြိတ်ပြီး ဆရာစုံစမ်းနေတာကွ၊

မင်း သတိမထားမိလို့ပါ  လူလေး တာတေရာ၊သူတို့ အလှူလုပ်တုန်းက ကျောင်းကို မယ်မလိုက်လာပြီး ဘုန်းကြီးကို ရှိခိုးပြီး လှူကြတန်းကြတာလေ။ ကဝေဆိုရင် မယ်မက ဘုရားတို့ဘုန်းကြီးတို့ကို ဘယ်ရှိခိုးလိမ့်မတုံး၊ အဲဒီတုံးက မင်းသူငယ်ချင်းမ လှယဉ်က နေမကောင်းလို့ဆိုပြီး အိပ်ရာထဲက မထွက်ဘဲနေလို့ ဘုန်းကြီးကျောင်းကို ပါမှ မလာတာ"

အပိုင်း(၇)ဆက်ရန်...

မူရင်းရေးသားသူအား လေးစားစွာ credit ပေးပါသည်။

Comments