" စကားပြောသော သရဲ " အပိုင်း (၂)



မတွေ့တော့ပါဘူး ။

" ကိုလေး ၊ ဟိုကြီးကြီးရော  "

" မသိဘူးလေ ၊ ငါတို့နောက်က လိုက်လာတာ တံခါးနားရောက်တော့ မရှိတော့ဘူးလေ  "

" ကောင်းတယ် ။ သူလိုက်လာမှာ စိုးရိမ်နေတာ  "

" ဟုတ်တယ် ။ ငါလည်း သူ့ကို ကြောက်နေတာ ။ ဒါပေမဲ့ သူ့ကြည့်ရတာ ရိုးသားမယ့်ပုံပဲဟ ။ ချမ်းသာတဲ့ အသိုင်းအဝိုင်းကဖြစ်မယ်  "

" လူရိုးက သင်္ချိုင်းမှာပဲရှိတယ် ။ ဘယ်သူ့မှ မယုံနဲ့  "

" ပိုက်ဆံအိတ် ငါ့ကို ပေးထားမလား မကြီး  "

" ရတယ် ။ ငါ့ရင်ဘတ်ထဲ ထည့်ထားတယ်  "

" နင်မကြောက်နဲ့ မကြီး ။ တစ်ခုခုဆို နင်လွတ်အောင်ပြေး ။ သူ့ကို ငါဖိုက်မယ်  "

" သမီးလေး...... "

" အမလေးဗျ...... "

" အမလေး....... "

      ဘေးကနေ ရုတ်တရက် ရောက်လာပြီး ခေါ်လိုက်တဲ့အသံကြောင့် ကျွန်တော်တို့ မောင်နှမနှစ်ယောက် ထခုန်ပြီး အသံကုန်အော်လိုက်ကြပါတယ် ။

" ဘယ်လိုဖြစ်ကြတာလဲ  "

" လန့်.......လန့်သွားလို့ပါ  "

" အို....။ ကြီးကြီးက အနားရောက်မှ ခေါ်လိုက်သလို ဖြစ်သွားတာကိုး  "

" ကြီးကြီးက ဘယ်ကနေ ထွက်လာတာလဲဗျ  ။ တံခါးနားရောက်တော့ ကြီးကြီးကို မတွေ့တော့ဘူး  "

" ကြီးကြီးက အခြားအပေါက်ကနေ ထွက်လာတာ  "

" သြော်......... "

          အမျိုးသမီးကြီးပြောသမျှကို မယုံကြည်ပေမယ့် ယုံကြည်ချင်ယောင်ဆောင်ပြီး ကျွန်တော်တို့မောင်နှမနှစ်ယောက်သတိနဲ့ သွားနေရပါတယ် ။

" ဆိုင်တစ်ဆိုင်တော့ ဖွင့်တယ် သမီး  "

         ဆေးရုံဝင်းထဲကနေ လှမ်းမြင်နေရတဲ့ ဆေးဆိုင်လေးကို တွေ့တော့ ကျွန်တော်တို့ မောင်နှမနှစ်ယောက် ပျော်ရွှင်သွားကြတယ် ။ ခွေးတွေကလည်း ကျွန်တော်တို့ မောင်နှမနှစ်ယာက်ကိုတွေ့တာနဲ့ ဖင်သီပြီး ထွက်ပြေးကုန်ကြလို့ အစ်မက ကျွန်တော့်ကို နောက်ပါတယ် ။

" ကိုလေး ၊ နင့်ကိုမြင်တာနဲ့ ခွေးတွေဖင်သီပြီး ပြေးလိုက်ကြတာ တန်းနေတာပဲ  "

" ဟုတ်မှာပေါ့ မကြီးရယ် ။ ငါက အကောင်ကြီးတော့ ပြေးဆွဲမှာစိုးလို့နေမှာပေါ့  "

" ခွေးရူးပြန် ကူးမှာစိုးလို့နေမှာပေါ့ ဟဲ့  "

" နင်လည်း သတိထား ။ ဟိုနေ့က နင့်လိက်ကို ကိုက်ထားတာ မှတ်မိလား  "

" သမီးတို့ ၊ ဟိုက မြင်ရတဲ့ ဆေးဆိုင်ကို သွားနော် ။ ကြီးကြီး ဒီကနေ စောင့်ပေးမယ် ။ ကြီးကြီးရှိတယ် ။ ဘာမှ မကြောက်နဲ့  "

" ဟုတ်ကဲ့ ကြီးကြီး  "

     အမျိုးသမီးကြီးက ဆေးရုံပေါက်အဝမှာ ရပ်ပြီး ကျန်နေခဲ့တာကြောင့် ကျွန်တော်တို့ မောင်နှမနှစ်ယောက် ဆေးဆိုင်ရှိရာ ထွက်လာခဲ့ပါတယ် ။ လူချေကလည်း ပြတ်နေပါပြီ ။ ဆေးဆိုင်ကလည်း ပိတ်ဖို့ ပြင်ဆင်နေပါတယ် ။

      ကျွန်တော်တို့ မောင်နှမနှစ်ယောက် အပြေးအလွှားသွားပြီး လိုအပ်တဲ့ပစ္စည်းတွေကို အမြန်ဝယ်ရပါတယ် ။ ဆေးရုံပေါက်ဝကို ကြည့်လိုက်တော့ အမျိုးသမီးကြီး ရပ်စောင့်နေတာ မြင်တွေ့ရပါတယ် ။

" မကြီး ၊ ဟိုမိန်းမကြီး ရပ်စောင့်နေတယ်ဟ  "

" ကြည့်ရတာ လိမ်မယ့်ပုံတော့ မပေါ်ဘူး  "

" ဟုတ်တယ် ။ ငါလည်း အဲဒီလိုပဲထင်တယ် ။ လိမ်မယ်ဆိုရင် ငါတို့နဲ့လိုက်ခဲ့မှာပေါ့  "

" ဟုတ်တယ် ကိုလေး  "

" ဟိုမိန်းမကြီးအတွက် မုန့်တစ်ခုခုလောက် ဝယ်သွားရရင် မကောင်းဘူးလား မကြီး  "

" ကိတ်မုန့်တစ်ခု ဝယ်လိုက်မယ်လေ  "

" အေး ၊ ကောင်းတယ်  "

          ကျွန်တော်တို့ မောင်နှမနှစ်ယောက် ဆေးရုံကြီးအဝင်ပေါက်ကို ပြန်ရောက်တော့ အမျိုးသမီးကြီးက ပြုံးပြုံးရွှင်ရွှင်နဲ့ ပြောပါတယ် ။

" သမီးတို့ရဲ့အဒေါ်လေးကို ခွဲစိတ်တာ ပြီးတော့မယ် ။ အခြေအနေကောင်းပါတယ်  "

" ရှင်.......... "

         အမျိုးသမီးကြီးပြောလိုက်တဲ့စကားကိုကြားရတော့ ကျွန်တော်တို့နှစ်ယောက်စလုံး အံ့အားသင့်သွားကြပါတယ် ။

" ကြီးကြီးက ဘယ်လိုလုပ်သိတာလဲ ဟင်  "

" ကြီးကြီးက အကြားအမြင်ရတယ် သမီးရဲ့ ။ သမီးတို့ ဆွေမျိုးလိပ်စာပေး ၊ ကြီးကြီး ခေါ်ပေးမယ်  "

" ရှင်......... "

" ကြီးကြီးကို ယုံပါ ။ သမီးတို့ကို ဘာမှ မလုပ်ပါဘူး  "

" ဟုတ်.....ဟုတ်......  "

" သမီးနာမည်က ဘယ်လိုခေါ်သလဲ ။ ဟိုက မေးရင် ကြီးကြီး ပြန်ဖြေလို့ရအောင်ပါ  "

" သမီးနာမည်က မေလေးပါ ။ သမီးမောင်လေးက ကိုလေးပါ ကြီးကြီး  "

        အစ်မက ကျွန်တော်တို့ ဦးလေးရဲ့ လိပ်စာနဲ့ ကျွန်တော်တို့ရဲ့နာမည်တွေ ပေးနေလို့ အစ်မရဲ့ တင်ပါးကို မသိမသာ လိမ်ဆွဲလိုက်ရပါသေးတယ် ။

" ရပြီ သမီး ။ ကြီးကြီး စိတ်နဲ့ လှမ်းခေါ်လိုက်မယ်နော်  "

        ကျွန်တော့်စိတ်ထဲမှာ သံသယတစ်ခုတော့ ရှိနေပါပြီ ။ အမျိုးသမီးကြီးက ယဉ်ယဉ်လေးရူးနေတာဖြစ်နိုင်ပါတယ် ။

" ရော့ ၊ ကြီးကြီး ။ ကြီးကြီးအတွက် ကိတ်မုန့်  "

" ကြီးကြီးအတွက် ဘာဖြစ်လို့ ဝယ်လာရတာလဲကွယ် ။ ကြီးကြီးက အဲဒါတွေ စားမှမစားတာ  "

" မစားလည်း ယူထားလိုက်ပါ ကြီးကြီးရယ်  "

" မယူပါဘူး သမီးရယ် ။ သမီးတို့ပဲ စားကြပါ  "

       အတင်းပေးပေမယ့် ငြင်းဆန်နေတာကြောင့် ကိတ်မုန့်ကို ပြန်ယူထားလိုက်ရပါတယ် ။

" လာ ၊ သမီး ။ အဝင်ပေါက်က မဝင်နဲ့ ။ အဲဒီတံခါးစောင့်က အပေါက်ဆိုးတယ် ။ လူနာချိန်မဟုတ်ရင် ပိုက်ဆံတောင်းတယ်  "

" လူနာအတွက် ပစ္စည်းထွက်ဝယ်တာပဲ ကြီးကြီးရယ် ။ ပြန်ဝင်လို့မရဘူးလား  "

" လူနာစောင့် လက်မှတ်မပါရင် ပေးမဝင်ဘူး သမီးရဲ့ ။ လူနာတွေ့ချိန်လည်း မဟုတ်ဘူးလေ  ။ ကြီးကြီးနောက်က လိုက်ခဲ့ကြ  "

အပိုင်း(၃) ဆက်ရန်...
မူရင်းရေးသားသူအား လေးစားစွာ credit ပေးပါသည်။

Comments

Popular posts from this blog

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၃)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၅)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၆)