အဆောင်သရဲ အပိုင်း(၁)
ကျွန်တော်က ဆယ်တန်းကျောင်းသားတစ်ယောက်ပါ။ အဖြူအစိမ်းမ၀တ်ရတဲ့ကိုယ်ပိုင်ကျောင်းတစ်ကျောင်းရဲ့ကျောင်းသားတစ်ေယာက်ပေါ့။ ဒီေကျာင်းကိုပြောင်းလာတာတစ်လလောက်ပဲရှိအုန်းမယ်။ သိတဲ့အတိုင်း ကိုယ်ပိုင်ကျောင်းဆိုတော့ ကိုယ်ပိုင်စည်းမျဉ်းတွေနဲ့ အစိုးရကျောင်းထက်ကို အနေရကျပ်သေးပါတယ်ဗျာ။ ကျုပ်ကအဖြူအစိမ်း၀တ်တဲ့ အစိုးရကျောင်းသားတစ်ယောက်ပဲဖြစ်ချင်ခဲ့တာရယ်။ အိမ်ကအတင်းလွှတ်လို့သာ ဒီကျောင်းကိုရောက်လာခဲ့ရတာ။ ကျောင်းသွားအပ်တဲ့နေ့မှာတင်စတွေ့ရတာက ပညာရေးကို စီးပွားရေးအဖြစ်ပြောင်းပြီး လုပ်စားနေတဲ့ ကျောင်းအုပ်ဦးကျော်ကျော်ဆိုတာပဲ။ ကျယ်လွန်းတဲ့နှဖူးရယ်၊ ၀ဖြိုးတဲ့ခန္တာကိုယ်ရယ်၊ စိတ်ဓာတ်နဲ့ထပ်တူကျတဲ့ အသားရောင်ရယ်။ အဆောင်လာအပ်တယ်ဆိုတော့ သိတဲ့အတိုင်း နေချင်အောင် ပြုံးဖြီးပြီး ကျောင်းကောင်းကြောင်းတွေရွှီးတာပေါ့ဗျာ။ ကျွန်တော်ကတော့စိတ်မ၀င်စားပါဘူးလေ။ ကျောင်းမှာအဆိုးဆုံးအချက်က ကျောင်းသားနဲ့ကျောင်းသူတွေကိုထိတွေ့ခွင့်မပေးတာပဲ။ အဲ့အချက်က သူတို့ဆီေကျာင်းပြီးသွားတဲ့သူေတွကို လူမှုဆက်ဆံရေးမှာ ညံ့ဖျင်းအောင်လုပ်ခြင်းတစ်မျိုးပဲ။ ပြီးရင် အဲ့ကျောင်းထဲရောက်လို့ကတော့ ကိုယ့်ဆရာရေ နေအိမ်အကျယ်ချုပ်ကျနေသလိုပဲ။ ဘာမှမလွတ်လပ်။ ကိုယ်ပိုင်ကျောင်းဆိုတာ ကျောင်းအုပ်ကြီးရဲ့ ကိုယ်ပိုင်စည်းမျဉ်းတွေနဲ့ကျောင်းဆိုပြီး အဲ့ရောက်မှသိရတယ်။ ကျန်တာနောက်မှဆက်ပြောမယ်ဗျာ။ ဒါနဲ့ ကျွန်တော့်နာမည် ၀ဏ္ဏပါ။
ကျွန်တော်တို့အိပ်ဆောင်အေပါ်ဆုံးထပ်မှာမဖွင့်ခိုင်းတဲ့အခန်းတစ်ခုရှိတယ်ဗျ။ ဘာလို့ရယ်မှန်းတော့ ဘယ်ကျောင်းသားမှသေသေချာချာမသိကြဘူး။ ပါးစပါရာဇ၀င်တွေအရ သရဲရှိတယ်ဆိုလားဘာဆိုလားပဲ။ ကျုပ်ကသရဲဆိုအယုံအကြည်ရှိတဲ့ကောင်လည်းမဟုတ်ဘူး။ အဲ့တံခါးကြီးကိုဖွင့်ချင်တာတော့အမှန်။ ကျွန်တော်တို့အိပ်ကြရတာက နှစ်ထပ်ကုတင်ကိုမှ ကပ်လျက်၊ အတန်းလိုက်အိပ်ရတယ်ပေါ့ဗျာ။ ကျွန်တော့်ဘေးမှာက မင်းခန့်ရှိတယ်၊ အောက်မှာကျ ကောင်းထက်နဲ့ ကောင်းမြတ်ကအိပ်တယ်။ ကျွန်တော့်ဘေးကကောင်ကတော့ဗျာ ကျွန်တော့်ထက်ကိုသရဲမကြောက်ဘူးထင်ပါဘိ။ ညဆိုလည်းများလိုက်တဲ့စကား။ အပေါ်ဆုံးထပ်တံခါးကိုလည်း ဖွင့်မယ်တကဲကဲ။
ကျုပ်တို့အိပ်ဆောင်နဲ့ စာသင်ဆောင်က လမ်းတစ်လမ်းခြားတယ်ဗျ။ အိပ်ချိန်နဲ့ ရေချိုးချိန်ဆို အိပ်ဆောင်ပြန်ပြန်သွားရတာက အလုပ်တစ်လုပ်ပေါ့ဗျာ။ ကျောင်းမှာဆရာ၊ဆရာမတွေနဲ့ ဂိုက်တွေလည်းရှိကြတယ်ဗျ။ ဆရာတွေကတော့ ကျောင်းအိပ်ဆောင်မှာပဲနေကြတယ်ပေါ့။ ဆရာမတချို့ကျ အိပ်ပြန်ကြတယ်ရယ်။ ကျုပ်တို့နဲ့အတူနေတဲ့ဆရာတွေကတော့ အသားဖြူဖြူ ၊ အရပ်ရှည်ရှည်နဲ့ ဆရာမျိုးရယ်၊ ခန့်ညားတဲ့အသွင်ရှိတဲ့ ဆရာပေါရယ်၊ ကျွန်တော်တို့နဲ့ညီအစ်ကိုလိုပေါင်းတဲ့ ဆရာသက်ရယ်ဆိုပြီး သုံးယောက်ရှိတယ်ဗျ။ ဆရာသက်ကတော့ ဒီနှစ်မှရောက်လာတယ်ထင်တယ်၊ ကျောင်းအကြောင်းဘာမှတောင်သိပ်မသိသေးဘူးရယ်။ ကျောင်းမယ်လည်းတစ်ပတ်တစ်ခါသန့်ရှင်းရေးလုပ်ရတယ်ဗျ။ အိပ်ဆောင်ဘက်ရှင်းရတဲ့အဖွဲ့တွေကိုဆို ဆရာတွေကအမြဲမှာတယ် အဲ့ဒီပိတ်ထားတဲ့အခန်းဘက်မသွားဖို့ကို။ ကျုပ်နဲ့မင်းခန့်ကတော့ မှာတဲ့ကြားထဲကကို သွားစပ်စုတာရယ်။ အဲ့နားရောက်ရင်ဖွင့်လိုစိတ်ကထိန်းမရ။ ထူးဆန်းသည်က အဲ့အခန်းရှေ့မှာ ပရိတ်ကြိုးတွေပတ်ထားတာပဲ၊ တွေးထင်မိတာက သူများတွေပြောသလို သရဲတကယ်ရှိတာလားဘာလားပေါ့…။
ဒီလိုနဲ့ည စာကျက်ပြီး အိပ်ဆောင်ဘက်ကူးတဲ့ချိန်ကျ မင်းခန့်က ကျွန်တော့်ကိုတိုးတိုးစကားဆိုတယ်…
" ဟျောင့်… မင်းနဲ့ငါသန်းခေါင်လောက်ကျ ဟိုပိတ်ထားတဲ့အခန်းကိုသွားဖွင့်ကြမလား… "
" အဲ့တာကသောက်ပြဿနာအကြီးကြီးဟ… မင်းဘိုးတော်သမီးကို ချစ်တယ်ကြိုက်တယ်ဆိုရင်တောင် အဲ့လောက်သောက်ပြဿနာရှိမှာမဟုတ်ဘူး… " ဆိုပြီး ကျုပ်ကစကားပြန်ဆိုတယ်။
" မင်းလည်းအဲ့လောက်ဝှေးစေ့သေးစရာလားဟ… လုပ်စမ်းပါ အဲ့တံခါးကိုသန်းခေါင်ကျသွားဖွင့်ကြည့်ရအောင်… "
" ငါတော့ဝှေးေစ့တောင်မလိုက်ဘူးဟေ့… ဘိုးတော်သိရင် သောက်ခွက်စုတ်အောင် ဘောက်ချာဆုတ်ခံရမှာ… "
ဒီလိုနဲ့နှစ်ယောက်သားပြောဆိုကြရင်း အိပ်ဆောင်ရောက်တော့ ကိုယ်လက်သန့်ရှင်းရေးလုပ်ကြပြီး အိပ်ကုန်တာပဲ။ ဒါပေမဲ့ မင်းခန့်ကတော့…
" ဟျောင့် ငါတကယ်သွားမှာနော်… "
" မင်းဖာသာမင်းလုပ်ချင်တာလုပ်ကွာ… ငါတော့အိပ်ပြီ… " ဆိုပြီး ကျွန်တော်ကပြောပြောဆိုဆိုနဲ့အိပ်ပျော်သွားတာပဲ။
ဒီလိုနဲ့ သန်းခေါင်လောက်ကြီး တရေးနိုးလာတော့ ကျွန်တော့်ဘေးမှာ မင်းခန့်မရှိတော့ဘူး။
" ဒီမြေနိုးတော့သောက်ပြဿနာကို မီးခွက်ထွန်းရှာပြီ… " ဆိုပြီး စိတ်ထဲကရည်ရွတ်ကာ ပိတ်ထားတဲ့အခန်းဘက်ကိုထွက်လာခဲ့တယ်။ ကျွန်တော်တို့အိပ်ဆောင်က လေးထပ်တိုက်ရယ်။ အောက်ဆုံးထပ်ကတော့ ငါးတန်းတွေစာသင်ဖို့ပေါ့။ အလယ်နှစ်ထပ်ကအိပ်ဆောင်။ အပေါ်ဆုံးထပ်ကျ အခမ်းအနားဘာညာလုပ်ရင်သုံးဖို့ကြံထားပေမဲ့ ခုတော့ပိတ်လိုက်ပြီ။ အဲ့ဒီပိတ်ထားတဲ့အခန်းဘက်ကို ဘယ်သူမှခြေဦးမလှည့်ကြဘူး။
အပိုင်း(၂)ဆက်ရန်...
မူရင်းရေးသားသူအား လေးစားစွာ credit ပေးပါသည်။

Comments
Post a Comment