မှန်ထောင်ကဝေမ အပိုင်း(၄)



ဟော ဟော ခေါင်မိုးနှင့် တစ်တောင်လောက်အကွာမှာနိမ့်လိုက် မြင့်လိုက် လုပ်နေတယ်ဗျို့။ ပျံတက်သွားပြီဗျို့။သစ်ပင်တွေအပေါ်မှာ ဝဲနေတာဗျ။ သိပ်အမြင့်ကြီးမဟုတ်ဘူးဗျ။

"ငြိမ်ငြိမ်နေကြနော် ။ အဲဒါ ရန်သူရှာနေတာကွ။
သူ့နေရာမှာ ရန်သူ ကင်းရဲ့လားလို့ ရှာနေတာ ။
ဘာဖြစ်လို့လဲဆိုတော့ တဲထဲမှာ သူ့ခန္ဓာကိုယ်ကို
ထားခဲ့ရတာလေ။ ရန်သူကိုသာ တွေ့လိုကတော့
အသေသတ်တော့မှာဟေ့"

ဆရာကြီးစကား ဆုံးတဲ့အချိန်မှာပဲ မီးလုံးကြီးက
တောအုပ်အပေါ်မှာ ဝဲပျံနေရာကနေ  အနောက်ဘက်ကိုပျံသွားတယ်ဗျို့။ ဟာ ပျံလာပြန်ပြီဗျို့။ ဟော
သူ့တဲပေါ်ကို နိမ့်ဆင်းလာပြန်ပြီဗျ။အောင်မယ်
တဲကို တစ်ပါတ်ပတ်ပြီး ပျံနေတာဗျို့။

ဟော ပျံတက်သွားပြီ။ ဒီတစ်ခါတော့ စိတ်ချသွားပြီ
ထင်တယ်ဗျ။ ဟော သစ်ပင်တွေပေါ်မှာ ဝဲနေရင်းကနေပျံသွားပြီဗျို့။ ဒီတစ်ခါတော့ အရှေ့ဘက်ကို
ပျံသွားတာဗျို့။ ကျုပ်တို့ ဆရာတပည့်တွေ
လှုပ်တောင် မလှုပ်ကြဘဲ စောင့်ကြည့်နေတာဗျို့။

ဒီတစ်ခါတော့ ကဝေမီးလုံးကြီး ပြန်မလာတော့ဘူးဗျ။နာရီဝက်လောက်တောင် ရှိပြီဗျို့။

"ကဲ သွားကြစို့ဟေ့ ။ တဲထဲမှာ မောင်အုန်းတော့
ကဝေကိုယ်စောင့် လုပ်နေရပြီပေါ့"

လို့ပြောပြီး ဆရာကြီးက ရှေ့ကသွားတယ်။
ကျုပ်တို့က ဆရာကြီးနောက်က လိုက်ခဲ့ကြတယ်ဗျ။
တဲက အတော်ကလေးတော့ ကျယ်သားပဲဗျ။

အိမ်လယ်ခန်းမှာ ကဝေမကြီးရဲ့ကိုယ်ကစန့်စန့်ကြီးဗျ။ဘေးမှာတော့ မောင်အုန်းကဓါးရှည်တစ်ချောင်းကိုင်ပြီး စောင့်နေလို့ပေါ့ဗျာ။

"ဘယ်လိုလဲကွ မောင်အုန်းရဲ့။မင်း တော်တော်ကြောက်နေပြီလား"

လို့ ကိုကံပိုင်က မေးတယ်ဗျ ။ မောင်အုန်းက စိတ်ပျက်နေတဲ့ ပုံစံနဲ့ …

"မပြောပါနဲ့တော့ ဆရာကိုကံပိုင်ရယ် စိတ်ပျက်ရုံတင်ဘယ်ကမလဲဗျာ။ကြောက်လိုက်တာလည်း မပြောနဲ့တော့"

"မကြောက်ပါနဲ့တော့ကွာ ။ကဝေမကြီး သွားပါပြီကွ"

"ဟင် ဆရာတို့ တွေ့လိုက်လို့လား"

"ဟာ …တွေ့ပါပြီလား မောင်အုန်းရဲ့။မီးလုံးကြီး
ပျံထွက်သွားတာကွ။ တော်တော်နဲ့ သွားတာမဟုတ်ဘူးဒီအပေါ်မှာ ဝဲနေသေးတာကွ"

"ဟာ မီးလုံးကြီး ဟုတ်လား။ အခု ကျနော် ဘာလုပ်ရမှာလဲ ဆရာ။တော်တော်ကြာလို့ ကဝေမကြီး ပြန်လာရင် ကျုပ်ကိုသတ်မှာနော်"

ဆရာကြီးက မောင်အုန်းကို ကြည့်လိုက်ပြီး …

"ကဲ မောင်အုန်းနဲ့ မောင်ကံပိုင် ရွာပြန်ကြပေတော့။
မောင်ကံပိုင်က မောင်အုန်းကို သေသေချာချာ
စောင့်ရှောက်ပြီး အိမ်အရောက် ပို့ပေးလိုက်ပါကွာ။
အဲဒီဓါးကြီးပါ ယူသွားကြ။မောင်အုန်းရေ ဘာမှ
မကြောက်နဲ့ဟေ့။ မင်း ဘာမှမဖြစ်စေရဘူး။
ဆရာကြီး တာဝန်ယူတယ်"

ဆရာကြီး အမိန့်အတိုင်း ကိုကံပိုင်နဲ့ မောင်အုန်း
နှစ်ယောက်သား ဓါးတစ်လက်ထမ်းပြီး ပြန်သွားကြလေရဲ့။ဒီတော့မှ ဆရာကြီးက ပြောတယ်ဗျ။

"သေသေချာချာကြည့် နွံဖ ။မင်းတို့ ဒါမျိုးကို
တွေ့ရခဲတယ်ကွ။ဒါ ကဝေထုံကူးနေတာပေါ့။
သူ့ရုပ်ကြီးက ဒီမှာကျန်နေတာလေ။နာမ်က
တခြားမှရောက်နေတာကွ။အဲဒီနာမ်ကလည်း
သူ့ရဲ့ ဒီရုပ်အတိုင်းပဲ ရှိနေတာ။ ပညာစကားနဲ့
ပြောရရင်တော့ ဒါက ရုပ်ကြမ်းကြီးပေါ့ကွာ။အတွင်းက ရုပ်နုက နာမ်နဲ့အတူတူ ထွက်သွားပြီး
သူကိစ္စတွေပြီးလို့ ပြန်လာတော့မှ ဒီရုပ်ကြမ်းကြီးထဲကိုပြန်ဝင်လာမှာကွ"

"အဲဒီရုပ်နုက ပြန်လာတဲ့အခါ ကျနော်တို့အနေနဲ့တွေ့နိုင်မှာလား ဆရာကြီး"

ဆရာနွံဖက မေးတယ်ဗျ။ဒီတော့ ဆရာကြီးကပြောတယ်။

"ဟာ ဘယ်မြင်နိုင်မလဲ နွံဖရဲ့။ရုပ်နုဆိုတာ ရုပ်နုအချင်းချင်းပဲမြင်နိုင်တာကွ။ တို့လို ရုပ်ကြမ်းနဲ့နေတဲ့ သူတွေက သူတို့ကိုမမြင်နိုင်ဘူး ။ အေး ဒါပေမဲ့ ရုပ်နုတွေကတော့ တို့လိုရုပ်ကြမ်းတွေကို မြင်ရတယ်ကွ"

"ဆရာကြီး ကျုပ်တစ်ခု မေးပါရစေဗျာ"

လို့ ကျုပ်ကလည်း သိချင်တာကို မြိုသိပ်မထားနိုင်တာနဲ့မေးလိုက်မိတာဗျ။

"ဟာ မေးပါ မောင်တာတေ ။ဘာများ သိချင်လို့တုံး"

"ဟို စောစောက ကျုပ်တို့မြင်လိုက်တဲ့ မီးလုံးကြီးက
ဘာများလဲ ဆရာကြီး"

"အဲဒါလေ မောင်တာတေရဲ့။ဒီကဝေမကြီးရဲ့ ဟောဒီရုပ်ကြမ်းကိုယ်ထဲက ထွက်သွားတဲ့ ရုပ်နုလေ။အဲဒီရုပ်နုနဲ့ အတူတူ ဝိညာဉ်ပါ ပါသွားတာပေါ့။
သူ့ရဲ့ ရုပ်နုကို အရွယ်သေးသေးလေး လုပ်ထားတာလေကွာ။ဒါမှ သွားချင်ရာကို လှစ်ခနဲ သွားလို့ရမှာပေါ့။ပြီးတော့ အပေါက်သေးသေးကလေးတွေကိုလည်းသူဝင်နိုင် ထွက်နိုင်တာပေါ့ကွ။ အဲဒီရုပ်နုရဲ့ဘေးမှာထွက်နေတဲ့ အလင်းရောင်က အနီရောင်လေ
မောင်တာတေရဲ့။ဆရာကြီးတို့က ကဝေမကြီးရဲ့
ရုပ်နုကို မတွေ့ရပေမယ့် သူ့ဘေးမှာ ဖြာထွက်နေတဲ့
အနီရောင်ကိုတော့ မြင်နေရတယ်လေ။ ဒါကိုတွေ့တော့လူတွေက မီးလုံးကြီးလို့ ထင်ကြတာပေါ့ကွာ။
တကယ်တော့ ဒါဟာ စုန်းတွေ ကဝေတွေရဲ့
ကိုယ်ထဲက ခွါထွက်လာတဲ့ ရုပ်နုပေါ့"

"သြော် ဒီလိုကိုး။ကျုပ်ဖြင့် ဒါတွေ အခုမှပဲကြားဖူးတော့တယ်ဗျာ"

လို့ ကျုပ်က တအံ့တသြ ပြောလိုက်တယ်ဗျ။

"ဟာ ဟိုမှာ ဆရာကြီး ဟိုမှာ"

ဆရာနွံဖက အလန့်တကြားပြောပြီး တဲရဲ့အရှေ့ခန်းကနံရံကို ထိုးပြတယ်ဗျ။

"ဘာတုံး နွံဖရဲ့ "

"မှန်လေ ဆရာကြီး ။ မှန် မှန်"

ဆရာကြီးရော ကျုပ်ရော ဆရာနွံဖပြောတဲ့ နေရာကို
လှမ်းကြည့်လိုက်မိတယ်ဗျို့။ဟာ ဟုတ်ပါရဲ့ဗျာ။
စောစောက ဒါကို ကျုပ်တို့ မတွေ့ဘူးဗျ။
လူတစ်ရပ်လောက်မြင့်တဲ့ မှန်ချပ်ကြီးဗျို့။
ဘေးမှာ ကနုတ်ပန်းတွေ ဖော်ထားတဲ့ ဘောင်ခွေနဲ့ဗျ။ကြည့်ရတာတော့ တော်တော်ကို ရှေးကျတဲ့ လက်ရာလို့တာတေ ထင်တယ်။မှန်ပေါ်မှာ ပိတ်စအနက်တစ်စနဲ့ဖုံးထားတာဗျ။မှန်ရဲ့ဗျက်ကတော့ ၂ပေလောက်။၂ပေခွဲလောက် ရှိမယ် ထင်တယ်။

အပိုင်း(၅)ဆက်ရန်..

မူရင်းရေးသားသူ = တာတေ

Comments

Popular posts from this blog

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၃)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၅)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၆)