သွားနှုတ်တဲ့ တစ္ဆေ အပိုင်း(၂)



ဆရာဦးဋ္ဌေးဆွေတွေက ပျော်ပျော်ပါးပါး
နေတတ်တဲ့လူဗျ။ ဆရာပြောတာ ဟုတ်
တော့လည်း ဟုတ်သားဗျ။ ကျုပ်မှာ ဆေး
ထိုးရလောက်အောင် ဖျားတာ နာတာမျိုး
တစ်ခါမှ ရှိခဲ့ဖူးတာ မဟုတ်ဘူး။

"ထမင်းတို့၊ မုန့်တို့ ဘာမှမကျွေးနဲ့ အရီး
ရေ၊ ဂလူးကို့စ်ရည်လေး၊ ကြက်ပြုတ်ရည်
လေးပဲ တိုက်ဗျို့၊ ကျုပ်စိတ်ထဲမှာ တိုက်
ဖွိုက်ဖြစ်နေတယ်လို့ထင်တယ်"

" ဟုတ်ကဲ့ပါ ဆရာ၊ ဟုတ်ကဲ့ပါ"

"ကြက်ပြုတ်ရည် တိုက်ရင်လည်း
အဖတ်မကျွေးနဲ့နော်၊ အရည်လေးပဲ
တိုက်ရမှာ"

မှာစရာရှိတာတွေ မှာပြီးတော့ ဆရာ
ဦးဋ္ဌေးဆွေ ပြန်သွားတယ်။ အဘက
လှည်းနဲ့လိုက်ပို့ပါတယ်။ နောက်တစ်ရက်၊
နောက်တစ်ရက် သုံးလေးရက် ဆေးထိုး
ပေမဲ့ ကျုပ်အဖျားက မကျဘူးဗျ။ဆရာ
ဦးဋ္ဌေးဆွေက အဘနဲ့ အမေ့ကို ပြော
တော့တာဗျို့။

"အဘဥာဏ်နဲ့ အရီး၊ တာတေတော့
တိုက်ဖွိုက်ဖြစ်နေပြီ၊ ကြာရင် ဒီကောင်
အရိုးပဲ ကျန်လိမ့်မယ်၊ ကျနော် ပြောသ
လိုလုပ်ပါ၊ မနက်ဖြန် မြို့ကဆေးရုံမှာ
ဆေးရုံတက်ရမယ်၊ ကျနော်ကိုယ်တိုင်
လိုက်ပို့ပါ့မယ်၊ ဘာမှမစိုးရိမ်နဲ့၊ ဆေးရုံ
မှာ ကျတော့ ဆေးဝါးက စုံတယ်၊ ခဏ
နဲ့ ပျောက်သွားမှာပါ"

"ဟာ ဆရာပြောတဲ့အတိုင်း လုပ်ရ
မှာပေါ့ဗျာ"

အဘကလည်း သဘောတူတယ်ဗျ။
ဒါနဲ့ ကျုပ် မြို့က ဆေးရုံပေါ် ရောက်
လာတော့တာပေါ့ဗျာ။ မြို့မှာက အမေ့
အစ်ကို ကျုပ်ဘကြီး ရှိတယ်လေဗျာ။
ကျုပ်မြို့ကျောင်းတက်တုန်းက နေတဲ့
အိမ်ပေါ့ဗျာ။

ထနောင်းကုန်းက ကျုပ်တို့ဝိုင်းကို
အမေ့တူမတွေက စောင့်ခိုင်းရတာ
ပေါ့၊ အမေရောအဘရော ကျုပ်နဲ့
လိုက်ပြီးနေတယ်။ဘကြီးတို့အိမ်မှာ
နေတာပေါ့ဗျာ။

ဆရာဦးဋ္ဌေးဆွေလည်း သုံးလေးရက်
တစ်ခါလောက် ကျုပ်ကိုလာကြည့်ပါ
တယ်။ မြို့မှာက ဆရာဦးဋ္ဌေးဆွေရဲ့
မိသားစုရှိတယ်လေဗျာ။ ဆရာပြော
တာ ဟုတ်သားဗျ။ ဆေးရုံတက်ပြီး
တစ်ပတ်ကြာတော့ ကျုပ်အပူမတက်
တော့ဘူး။ ကျုပ်လည်း တော်တော်
လေး ထူထူထောင်ထောင် ရှိလာ
ပြီဗျ။ ဆေးရုံထဲမှာ ဟိုလျှောက် ဒီ
လျှောက် လုပ်လာနိုင်ပြီပေါ့ဗျာ။

လူကတော့ တော်တော်ကို ပိန်သွား
တာဗျ။ ခုထိ ထမင်းမစားရသေးဘူး
လေဗျာ။ အရည်ပဲ သောက်ရသေး
တာ။ကြက်စွပ်ပြုတ်သောက် အဖတ်
မပါအောင်ပိတ်စနဲ့စစ်ပြီးမှ သောက်
ရတာ။ ခုတော့ ဒီလောက်မလုပ်ရ
တော့ပါဘူး။ ဗိုက်ထဲမှာ အစာမရှိ
တော့လည်း ညဆို အိပ်မပျော်ဘူးဗျ။
အစပိုင်းတော့ အဘတစ်လှည့်၊
ဘကြီးတစ်လှည့် စောင့်ပေးတယ်။

နှစ်ရက်လောက်ကြာတော့ ကျောက်
ခဲနဲ့ သံမဏိ လိုက်လာပြီး ကျုပ်ကို
စောင့်နေကြရောဗျို့။ ကျုပ်လည်း
ဒီကောင်တွေ ရောက်လာမှ အားပို
ရှိသွားတာဗျ။ ကျုပ်တက်တဲ့အခန်း
မှာက ကျုပ်တစ်ယောက်ပဲရှိတာ။
ဘေးက ကုတင်နှစ်လုံးစလုံး အလွတ်
တွေဗျ။ ညဆိုရင် ကျောက်ခဲနဲ့ သံမဏိ
က ကုတင်တစ်လုံးစီမှာ အိပ်ကြရတာ။

ကျုပ်လည်း တော်တော်နေကောင်း
ပြီလေဗျာ။ အိပ်တယ်သာ ပြောတာပါ။
ကျောက်ခဲနဲ့ သံမဏိက လွှတ်အအိပ်
ဆတ်တဲ့ကောင်လေးတွေဗျ။ ကျုပ်ဖြင့်
မလှုပ်လိုက်နဲ့၊ လှုပ်လိုက်တာနဲ့ ဒီကောင်
နှစ်ကောင် ခေါင်းထောင်ကြည့်ပြီးသား
ဗျ။ ဒီနေ့တော့ ကျုပ်ကို ထမင်းစကျွေး
ပြီဗျ။ ကျွေးတယ် ဆိုပေမဲ့ ခပ်ပျော့ပျော့
ချက်ပြီး နည်းနည်းစစားရတာပေါ့ဗျာ။

ဆရာဝန်၊ ဆရာမတွေက အပူပြန်တက်
လာမလားလို့ စောင့်ကြည့်တယ်။မတက်
ဘူးဗျို့။ အပူမတက်တော့ဘူး။ ဗိုက်ထဲကို
အစာလေးဝင်သွားလို့လား မသိဘူးဗျ၊ ည
ရောက်တာနဲ့ မျက်စိတွေ စဉ်းကျလာပြီး
အိပ်ချင်လာတော့တာဗျို့။ ကျုပ်စောစော
ပဲ အိပ်လိုက်တယ်။

"ကိုကြီးတာတေ၊ အိပ်သာအိပ်၊ ဒါမှ
အားရှိမှာဗျ"

ကျောက်ခဲက ပြောသဗျ။ ဒီကောင်ပြော
တာလည်း ဟုတ်တာပဲဆိုပြီး ကျုပ်အိပ်
ပစ်လိုက်တယ်။

"အား၊ အား၊ အောင်မယ်လေးဗျာ၊
ကျုပ်သွားကျုပ်သွား ပါသွားပြီ၊ လုပ်
ကြပါဦး သွေးတွေထွက်ကုန်ပြီဗျ"

လူတစ်ယောက် ငယ်သံပါအောင် အော်
လိုက်တဲ့အသံကြီးဗျို့။ နှစ်နှစ်ခြိုက်ခြိုက်
အိပ်ပျော်နေတဲ့ ကျုပ်ရော၊ ကောင်လေး
နှစ်ယောက်ရော လန့်နိုးသွားတယ်။

"ကျောက်ခဲ ဘာဖြစ်တာတုံးကွ"

"မသိဘူး ကိုကြီးတာတေ၊ ကျုပ် သွား
ကြည့်လိုက်ဦးမယ်ဗျ"

ကျုပ်လိုပဲဗျ။ ဒီကောင်ကျောက်ခဲက
လွှတ်စပ်စုတဲ့ကောင်။

"ဖျတ်၊ ဖျတ်၊ ဖျတ်၊ ဖျတ်"

ဆေးရုံထဲမှာ ပြေးလာတဲ့ခြေသံတွေ
ကြားရတယ်ဗျ။

"ဖြစ်ပြန်ပြီထင်တယ်၊ မဖြစ်တာ
ကြာနေမှဘယ်ကပြန်ပေါ်လာရ
ပြန်တုံး၊ မသိပါဘူးကွာ"

ဒီအသံက ဖိုးကင်းလို့ခေါ်တဲ့ ဆေးရုံ
ဝန်ထမ်းတစ်ယောက်ရဲ့အသံဗျ။

"ဘယ်ကပေါ်လာရမှာတုံး ဖိုးကင်းရဲ့၊
ရွှေသွားပါတဲ့လူ ဆေးရုံလာတက်လို့
ပေါ်လာတာ ဖြစ်မှာပေါ့"

ကိုဖိုးကင်းကို ပြောလိုက်တဲ့လူက
ကိုရှိန်မောင်တဲ့ဗျ။ သူလည်း ဆေးရုံ
ဝန်ထမ်းပဲဗျ။

ကျုပ်ကုတင်ဘေးက ဖြတ်သွားရင်းပြော
သွားတာဗျ။ သူတို့နှစ်ယောက် ပြောသွား
တာကို ကြားတော့ ကျုပ်တော်တော်အံ့
သြသွားတယ်ဗျ။ ရွှေသွားရှိတဲ့လူ ဆေး
ရုံလာတက်လို့ ပြန်ပေါ်လာတယ်ဆိုတာ
ဘာသဘောတုံးဗျ။ ခဏနေတော့ကျောက်
ခဲ ကျုပ်တို့ဆီကို ပြန်ရောက်လာတယ်။

"ဘယ်လိုဖြစ်တာတုံး ကျောက်ခဲရ၊
ဆေးရုံတစ်ရုံလုံးက လူတွေတော့
အားလုံးလန့်ကုန်ကြပြီကွ"

ကျောက်ခဲက လူတွေအုံနေတဲ့ ကုတင်
ဘက်ကို တစ်ချက်လှည့်ကြည့်တယ်။
ပြီးတော့မှ ပြောတာဗျ။

"ဒီလိုတဲ့ ကိုကြီးတာတေရေ…ဒီဆေးရုံ
မှာ ထူးဆန်းတဲ့အကြောင်းတစ်ခု ရှိတယ်
တဲ့ဗ်"

"ဟေ ဘာများတုံး ကျောက်ခဲရ"

"ဒီဆေးရုံကို ရွှေသွားပါတဲ့ လူတစ်ယောက်
ယောက် ဆေးရုံလာတက်ရင် ညဆို အိပ်
မက် မက်တာပဲတဲ့ဗျ"

"ဟင် အိပ်မက်၊ ဟုတ်လား ကျောက်ခဲ"

အပိုင်း(၃) ဆက်ရန်...

မူရင်းရေးသားသူအား လေးစားစွာ credit ပေးပါသည်။

Comments

Popular posts from this blog

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၃)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၅)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၆)