" စကားပြောသော သရဲ " အပိုင်း (၁)
လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးဆယ်ကျော်လောက်ကအဖြစ်အပျက်တစ်ခုပါ ။ အဲဒီအချိန်က ကျွန်တော့်အသက် ဆယ်နှစ်ကျော်ပဲရှိပါသေးတယ် ။
ကျွန်တော် ယနေ့အထိ မေမေ့နိုင်သေးတဲ့ အကြောင်းလို့လည်း ပြောလို့ရပါတယ် ။ ပရလောကသား ( သရဲ ) ကို သရဲမှန်းမသိခဲ့တဲ့အကြောင်း ကျွန်တော့်ဆွေမျိုးတွေ ယနေ့အထိ ပြောဆိုနေကြတုန်းပါ ။ သရဲဆိုတာ လျှာကြီး တစ်တောင်လောက်ထွက် ၊ မျက်လုံးကြီးပြူးပြပြီး တစ်ကိုယ်လုံးအမွေးတွေနဲ့လို့ ကြားခဲ့ဖူးပေမယ့် အဲဒီအချိန်က နာနာဘာဝကတော့ ထူးထူးခြားခြား လူသားလိုပါပဲ ။ ထူးဆန်းဖွယ်ရာအကြောင်းလေးကို စိတ်ဝင်စားကြမယ်ထင်လို့ ပြန်ပြီး ဖောက်သည် ချလိုက်ပါတယ် ။ ကြောက်စရာ လန့်စရာတော့ မဟုတ်ပါ ။
၁၉၈၆ ခုနှစ် မေလအလယ်လောက်မှာ ကျွန်တော့်ရဲ့ အဒေါ်ငယ်လေး ရုတ်တရက် ဆေးရုံတက်ရပါတယ် ။ ဆေးရုံကတော့ မြောက်ဥက္ကလာပ ဆေးရုံကြီးပါ ။
အဒေါ်ငယ်လေး ဆေးရုံ အမြန်တင်လိုက်ရချိန်မှာ ကျွန်တော်ရယ် ကျွန်တာ့်အစ်မဝမ်းကွဲရယ် အဘွားလေးရယ်ပဲ အိမ်မှာရှိကြပါတယ် ။ ကျွန်တော်တို့ သုံးယောက်ပဲ ဆေးရုံလိုက်သွားကြတာပါ ။ ကားမောင်းတဲ့သူက ကျွန်တော့်အစ်မဝမ်းကွဲ ။ သူလည်း အသက်ဆယ့်ကိုးနှစ်ပဲ ရှိပါသေးတယ် ။
ဆေးရုံရောက်တော့ ညဆယ့်တစ်နာရီကျော်နေပါပြီ ။ အရေးပေါ်ရောက်တော့ တာဝန်ကျ ဆရာဝန်တွေက လိုအပ်တာတွေ စစ်ဆေးကြပါတယ် ။ ဓာတ်မှန်ရိုက်ဖို့ကလည်း အချိန်မရှိတော့ မရိုက်ရပါဘူး ။ ဒါနဲ့ စစ်ဆေးရုံကို ပြေးကြမယ်ဆိုပြန်တော့ အဒေါ်ငယ်လေးက မလိုက်နိုင်တော့ပါဘူး ။
လက်ကိုင်ဖုန်း မပေါ်သေးတဲ့အချိန်ဆိုတော့ ဆက်သွယ်ရေး အခက်အခဲရှိနေပါတယ် ။ ကျန်တဲ့ ဆွေမျိုးတွေကို အသိပေးအကြောင်းကြားဖို့ ဆေးရုံကဖုန်းကို အကူအညီတောင်းပြီး ဆက်ရပါတယ် ။ ဆက်သွယ်လို့ရတဲ့သူကရ ၊ ဆက်သွယ်လို့မရတဲ့သူက မရဆိုတော့ အဘွားလေးလည်း အတော်စိတ်သောက ရောက်နေပုံရပါတယ် ။ ကျွန်တော့်အသက်က ဆယ့်နှစ်နှစ်သာရှိသေးပေမယ့် နုံနုံအအတော့ မဟုတ်ပါဘူး ။ အဘွားလေးကလည်း သူ့မိတ်ဆွေ ဆရာဝန်ကြီးတစ်ဦးဆီကို ဖုန်းဆက်ပါတယ် ။ အဘွားလေး ဖုန်းဆက်ပြီး မိနစ်လေးဆယ်လောက်အကြာမှာ ဆရာဝန်ကြီး ရောက်လာပါတယ် ။
ဆရာဝန်ကြီးက အဒေါ်ငယ်လေးကို အသေအချာစစ်ဆေးပြီး အူအတက်ပုပ်တယ်ဆိုတာ သိတာနဲ့ ချက်ချင်းခွဲစိတ်ဖို့ စီစဉ်ပါတော့တယ် ။ လက်ဗလာ ခြေဗလာနဲ့ ထွက်လာကြရတော့ အသုံးအဆောင်ပစ္စည်းတွေလည်း ပါမလာခဲ့ကြပါဘူး ။ လိုအပ်တဲ့ပစ္စည်းတွေ ဝယ်ဖို့ နာရီကြည့်လိုက်တော့ ညဆယ့်တစ်နာရီကျော်နေပါပြီ ။ သို့ပေမယ့် မဖြစ်မနေဝယ်ရတော့မှာမို့ အစ်မနဲ့ ကျွန်တော်တို့နှစ်ယောက် ဆေးရုံအရှေ့က ဆေးဆိုင်တွေဘက်ကို ထွက်ခဲ့ကြပါတယ် ။
" သမီး.....၊ ဘယ်နှစ်နာရီ ထိုးပြီလဲ "
အဘွားလေးကို ထားခဲ့ပြီး ကျွန်တော်တို့မောင်နှမနှစ်ယောက် ကော်ရစ်ဒါအတိုင်း လျှောက်လာကြတဲ့အချိန်မှာ အမျိုးသမီးကြီးတစ်ယောက် အမျိုးသားလူနာဆောင်ဘက်ကနေ လျှောက်လာပြီးမေးနေတာကြောင့် အစ်မကလက်ပတ်နာရီကိုကြည့်ပြီး ပြန်ဖြေလိုက်ပါတယ် ။
" ဆယ့်နှစ်နာရီနဲ့ ဆယ်မိနစ်ပါ ကြီးကြီး "
" သန်းခေါင်တောင်ကျော်ပြီပဲ ။ ကျေးဇူးပါ သမီးလေး ။ သမီးတို့က လူနာစောင့်တွေလား "
" မဟုတ်ပါဘူး ကြီးကြီး ။ အဒေါ် အရေးပေါ်ဖြစ်လို့ ဆေးရုံလာပို့တာပါ "
" ဆေးရုံတင်ထားရတာပေါ့ "
" အခု ခွဲခန်းထဲ ဝင်နေပြီ ကြီးကြီး ။ လိုအပ်တာတွေ ဝယ်မလို့ သမီးတို့ မောင်နှမနှစ်ယောက် ထွက်လာတာပါ "
" အချိန်မတော်ကြီး ဘာတွေဝယ်မလို့လဲ "
" အိမ်က ဘာမှ ပါမလာဘူး ကြီးကြီး "
" မဖြစ်သေးပါဘူး ။ ကြီးကြီး လိုက်ခဲ့ပေးမယ် ။ သမီးတို့ချည်းပဲဆို မသင့်တော်ဘူး "
အစ်မက ကျွန်တော့်ကိုကြည့်ပြီး ဘယ်လိုလဲဆိုတဲ့သဘောနဲ့ မေးငေါ့ပြပါတယ် ။ ကျွန်တော်က မသိမသာ ခေါင်းခါပြလိုက်တော့ အစ်မက ယဉ်ယဉ်ကျေးကျေးနဲ့ ပြန်ပြောပါတယ် ။
" ရပါတယ် ကြီးကြီး ။ သမီးတို့ မောင်နှမနှစ်ယောက်ပဲ သွားပါ့မယ် "
" ကြီးကြီးကို မယုံကြည်လို့ထင်တယ် "
အမှန်ပြောရရင် ကျွန်တော်တို့ မောင်နှမနှစ်ယောက်စလုံး မယုံကြပါဘူး ။ လူလိမ်ဆိုတာ နှဖူးမှာ စာရေးထားတာမဟုတ်တာ ။
" ကြီးကြီးကို မယုံလို့မဟုတ်ပါဘူး ။ သမီးမှာ မောင်လေး အဖော်ရှိပါတယ် "
" အခုအချိန်က ဆိုင်တွေ ပိတ်ကုန်ပြီ သမီးရဲ့ ။ ဆေးရုံရှေ့ကဆိုင်တွေလည်း ပိတ်နေပြီ ။ သမီးတို့က ဘာဝယ်ကြမှာလဲ "
" လူနာအတွက် လိုအပ်တာလေးတွေ ဝယ်မလို့ပါ ကြီးကြီး "
" ကြီးကြီးကို ယုံပါ ။ ကြီးကြီး လိုက်ပို့ပေးမယ် "
အမျိုးသမီးကြီးက လိုက်ပို့ပေးမယ်ဆိုတော့ အစ်မနဲ့ ကျွန်တော်လည်း မငြင်းတော့ပါဘူး ။ အမျိုးသမီးကြီးက အသက် ငါးဆယ်ကျော်လောက်တော့ရှိမယ်ထင်ပါတယ် ။ ဖြူဖြူဖွေးဖွေးနဲ့ ဝဝဖိုင့်ဖိုင့် ခန့်ခန့်ကြီးပါ ။
အမျိုးသမီးကြီးက ကျွန်တော်တို့နဲ့တော့ ယှဉ်ပြီးမသွားပါဘူး ။ သူက ကျွန်တော်တို့အနောက်က လိုက်လာပါတယ် ။ ဆေးရုံ တံခါးပေါက်ဝရောက်တော့ တံခါးစောင့်တဲ့ ဦးလေးကြီးက ကျွန်တော်တို့ မောင်နှမနှစ်ယောက်ကို သံဘာဂျာတံခါးဆွဲဖွင့်ပေးပြီး ပြန်ပိတ်လိုက်လို့ နောက်က ပါလာတဲ့ အမျိုးသမီးကြီး ကျန်သေးတယ်ဆိုတာ တံခါးစောင့် ဦးလေးကြီးကို ပြောဖို့ လှည့်ကြည့်လိုက်တော့ အမျိုးသမီးကြီးကို
အပိုင်း(၂)ဆက်ရန်...
မူရင်းရေးသားသူအား လေးစားစွာ creditပေးပါသည်။

Comments
Post a Comment