မှန်ထောင်ကဝေမ အပိုင်း(၆)



တာတေက လေသံကလေးနဲ့ ပြောလိုက်တာဗျ။
ဆရာကြီးရော ဆရာနွံဖပါ တာတေ လက်ညှိုးထိုးပြတဲ့နေရာကို ကြည့်ကြတာပေါ့ဗျာ။

"အေး ဟုတ်တယ်ဟေ့ မောင်တာတေရေ။
အဆင်သင့်ပြင်ပေတော့ဟေ့ ။ နွံဖက အင်းတွေ
ပြင်ထားပေးတော့"

ဆရာကောင်းတပည့် ပီသလှတဲ့ ဆရာနွံဖကတော့
ဘာမဆို တစ်ခွန်းပါပဲ။ အလွန်စိတ်ချရတဲ့ ဆရာကြီးရဲ့တပည့်ပါပဲဗျာ။ ဟော ဟော ကဝေမီးလုံးကြီးက
သစ်ပင်တွေအပေါ်မှာ မြူးတူးပြီး ဝဲနေတာဗျို့။

နိမ့်ဆင်းလိုက် ။ အပေါ်ကို မြင့်တက်သွားလိုက်
အနောက်ဘက်ကို ပျံထွက်သွားလိုက် ။ အရှေ့ဘက်ကိုပျံထွက်သွားလိုက်နဲ့ဗျ။

တာတေဆိုတဲ့ ကျုပ်ကလည်း အရေးပေါ်ပြီဆိုရင်
ကြက်သီးက တဖျန်းဖျန်းပဲဗျို့။ဟာ ဟာ ကဝေမီးလုံးကြီးကျုပ်တို့ဘက်ကို ပျံလာပြီဗျို့။

ဆရာကြီးရော ကျုပ်တို့အားလုံး သရက်ပင်ကြီးတွေနောက်မှာငြိမ်နေကြရတာဗျို့။ဟော ပျံထွက်သွားပြီဗျ။ဟာ ဒီတစ်ခါတော့ တဲခေါင်မိုးပေါ်မှာကပ်ပြီး ဝဲနေတာဗျို့။ဟော ငြိမ်သွားပြီ ။ ငြိမ်သွားပြီ။ ခေါင်မိုးပေါ်မှာကပ်ပြီး ငြိမ်နေတယ်ဗျို့။

ဟာ တဲထဲကို ခေါင်မိုးဖောက်ပြီး ဝင်သွားပြီဗျို့။

"ဝုန်း ဂလွမ်း ဒုန်း "

ဟာ ပြသာနာတော့ စပြီဗျို့။
ကဝေမကြီး တဲထဲမှာ ခုန်ပေါက်နေပြီ ထင်တယ်ဗျ။
ဆရာကြီး ချထားတဲ့အင်းတွေကြောင့် သူ့ကိုယ်ထဲကိုပြန်ဝင်လို့ မရတော့ဘူးဗျို့။

"ဝုန်း  ဝုန်း "

ဟာ တဲထဲမှာ ဝုန်းဒိုင်းကြဲနေပြီဗျို့။ဟော ဟော
ထွက်လာပြီ ။ ထွက်လာပြီဗျို့။

"ဆရာကြီး ကဝေမကြီး တဲရှေ့ကို ထွက်လာပြီဗျ။
ဆံပင်ဖားလျားကြီးနဲ့ ။ထဘီက ပေါင်လယ်လောက်အထိတိုတိုကြီး ဝတ်လို့ဗျ။ ဟာ မျက်လုံးနီနီကြီးတွေနဲ့လိုက်ကြည့်နေပြီဗျို့"

"အေး ဟုတ်ပါပြီ မောင်တာတေ။ မင်းမြင်သမျှကို
တစ်ခုမကျန် မြန်မြန်ပြောပေတော့ကွဲ့"

"ဟော ဟော တဲဟိုဘက်ကို ထွက်သွားပြီဗျ။
ဟာ ပြန်လာပြန်ပြီဗျို့။လိုက်ရှာနေတာ ဆရာကြီးရေ။ကျုပ်တို့ဘက်ကို ခါးကြီးထောက်ပြီး ကြည့်နေတာဗျ။ဆရာကြီးရော မြင်ရလား"

"ဟာ …ဘယ်မြင်ရမလဲ မောင်တာတေရဲ့။
သူကိုယ်ထဲကို ပြန်ဝင်လို့ မရတော့ ဝိညာဉ်အနေနဲ့ပဲ
လျှောက်သွားနေတာလေ။မင်းက မျက်ကွင်းဆေးတော်ကြောင့်မြင်ရတာပေါ့။ ကဲ ကဲ မြင်သမျှသာ ပြောပေး"

"ဟုတ်ကဲ့ ဟုတ်ကဲ့ ဟာ လာနေပြီ ဆရာကြီးရေ
ကျုပ်တို့ဘက်ကို လာနေပြီဗျို့။ မြက်ခင်းအလယ်
ရောက်နေပြီဗျ"

"အေး ဟုတ်ပြီ ကျုပ်တို့ ထွက်ကြမယ်ဆယ်ပေလောက်အကွာရောက်ရင် ရပ်လို့ပြော။ မောင်တာတေကမြင်ရတော့ ရပ်ရမယ့်နေရာကိုသေသေချာချာ ပြနော် ။ ကဲ လာ ထွက်စို့"

ပြောပြောဆိုဆို ဆရာကြီးက ရှေ့က ထွက်တယ်
ကျုပ်က ကဝေမကြီး ရပ်နေတဲ့နေရာကိုလက်ညှိုးထိုးပြတယ်ဟုတ်ပြီ ။ သွား သွား ရောက်ပြီ

"ရပ်တော့ ဆရာကြီး"

ဆယ်ပေလောက်အကွာမှာ ကျုပ်က ရပ်ခိုင်းလိုက်တယ်။ပြီးတော့ ကဝေမကြီးကို တည့်တည့်လက်ညှိုးထိုးပြလိုက်တယ်ဒေါသ အရမ်းထွက်နေတဲ့ ကဝေမကြီးက မျက်လုံးနီကြီးနဲ့ကြည့်နေတယ်ဗျ။

"လက်နှစ်ဘက်ကို ကြက်ခြေခတ်ယှက်ထားတယ်ဗျ။ပါးစပ်ကလည်း မန္တန်တွေ ရွတ်နေတယ်။ ဟာ လက်နှစ်ဘက်ယှက်ထားတဲ့ နေရာက ကဝေစက်တွေ ထွက်လာပြီဗျို့"

"မြင်ရတယ် မောင်တာတေရဲ့ ။ အဲဒီစက်တွေကိုတော့ဆရာကြီး မြင်ရတယ် ။ မင်း အသာနောက်ဆုတ်နေတော့"

ဆရာကြီးက ပြောပြောဆိုဆိုနဲ့ သူ့လက်နှစ်ဖက်ကို
ကြက်ခြေခတ်ယှက်လိုက်တယ်ဗျ။လက်ကောက်ဝတ်နေရာမှာလက်နှစ်ဘက်ယှက်ထားတာ။ ပြီးတော့ မန္တန်ရွတ်တယ်ဗျို့။ဟာ ဆရာကြီးရဲ့ လက်ကလည်း တလက်လက်နဲ့အရောင်တွေ ထွက်လာတယ်ဗျို့။

အလို ကဝေစက်တွေနဲ့ ဆရာကြီးရဲ့ အလင်းရောင်တွေတွေ့တော့မယ်ဗျို့။ဟာ တွေ့ပြီဗျို့။တွေ့ပြီ။

"ဝုန်း ဝုန်း "

"လဲကျသွားပြီဗျို့။ ကဝေမကြီး ဖင်ထိုင်ရက်ကြီး
ကျသွားပြီဗျ။ ဟော ပြန်ထလာပြီ ။ ဆရာကြီးရေ
ဟာ သူ့ပါးစပ်ကို အကျယ်ကြီး ဟထားတယ်ဗျို့"

"ဟင် ဟုတ်လား ။ ဒါဆို ကဝေမီးတောက်နဲ့မှုတ်တော့မှာကွဲ့။ နွံဖ ပေးစမ်း ဆရာ့ကို ပထမံရေစင်အင်း"

ဆရာနွံဖက လွယ်အိတ်ထဲက အင်းတစ်ချပ်ကိုကပျာကယာ ထုတ်ပေးလိုက်တယ်ဗျ။ဟာ ဟုတ်ပါရဲ့ဗျာ။ကဝေမကြီးရဲ့ ပါးစပ်ထဲကမီးတောက်ကြီး ထွက်လာတယ်ဗျို့။

"ဟာ ဆရာကြီး မီးတောက်ကြီး"

"အေး တွေ့ရတယ် တွေ့ရတယ် မောင်တာတေ
မကြောက်နဲ့ဟေ့"

ဆရာကြီးက ပထမံရေစင်အင်းကို လက်ထဲမှာ
ဆလိုက်ရင်း ပတ်လိုက်ပြီဗျို့။ဟာ အင်းက
မီးတောက်တည့်တည့်ကို ဝင်သွားတာဗျာ။

"ဝုန်း ဝုန်း ဝီး ဝီး"

ဟာ ရေတွေ ပန်းထွက်လာတာဗျို့။ဆရာကြီး
ပစ်တဲ့အင်းက ထင်တယ်။ ရေတွေ ပန်းထွက်လာတာဗျ။ဟော ကဝေမီးတောက်ကြီးနောက်ကို လွင့်ထွက်သွားပြီဗျို့။ကဝေမကြီးက နောက်ဘက်ကို ခြေတစ်လှမ်းစာလောက်ခုန်ထွက်သွားတယ်ဗျို့။ပြီးတော့ ကောင်းကင်ကိုမော့ကြည့်ပြီး မန္တန်ရွတ်တယ်ဗျို့။

"ဟာ ဆရာကြီးရေ ။ သူထဘီကြီးကိုဖြည်ပြီးဖြန့်ချလိုက်ပြီဗျို့။ဟာ ခြုံလိုက်ပြီဗျို့။ပါးစပ်ကလည်း မန္တန်တွေ ရွတ်နေတာဗျ"

"ဟေ ဟုတ်လား မောင်တာတေ ။ နွံဖ ဒီကောင်မကြီးဠင်းတလုပ်ပြီး ပြေးတော့မှာကွ။ အိတ်ထဲကို
မြန်မြန်နှိုက်စမ်း ။ မှော်ဝင်လေးနဲ့ မြားပါတယ်တွေ့လား"

"တွေ့တယ် ဆရာ ။ ဒီမှာ ရော့ ရော့ "

ဟင် ကျုပ်ဖြင့် တော်တော်ကို အံ့သြသွားတာဗျာ။
စိတ်လည်း တော်တော်ပျက်သွားတယ်ဗျို့။တကယ်ပါ။ ဆရာနွံဖ ထုတ်ပေးလိုက်တဲ့လေးဆိုတာက တစ်ထွာလောက်ရှိတဲ့ လေးကလေးဗျ။

မြားဆိုတာကလည်း ခြောက်လက်မလောက်ရှည်တဲ့
မြားကလေးဗျ။ဒါကလေးနဲ့ ဒီကဝေမကြီးကို
ဘယ်လိုပစ်မှာတုံးဗျာ။

"ကြည့်ထား မောင်တာတေ ။ မျက်ခြည်မပြတ်
ကြည့်ထားကွဲ့"

အပိုင်း(၇)ဆက်ရန်..

မူရင်းရေးသားသူ = တာတေ

Comments

Popular posts from this blog

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၃)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၅)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၆)