" စကားပြောသော သရဲ " အပိုင်း (၃)
အမျိုးသမီးကြီးက ဆေးရုံဝင်းအပြင်ကို ပြန်ထွက်ပြီး လမ်းဆုံဘက်ကို လျှောက်သွားတာကြောင့် ကျွန်တော်တို့ နှစ်ယောက် နောက်ပြန်လှည့်ဖို့ ပြင်လိုက်ပါတယ် ။
" မကြောက်နဲ့ သမီးတို့ ။ ဟိုဘက်မှာ အပေါက်တစ်ခုရှိတယ် ။ အဲဒီဘက်မှာ ဝန်ထမ်းတွေနေကြတယ် ။ ကြီးကြီးကို ယုံပါ "
ကျွန်တော်တို့ ယုံကြည်လို့ မဖြစ်တော့ပါဘူး ။ သူပြောတဲ့နေရာကိုလည်း မသိပါဘူး ။
" နေပါစေတော့ ကြီးကြီး ။ သမီးတို့ ဝင်ပေါက်ကပဲ ဝင်တော့မယ် "
" ရပါတယ် သမီးရယ် ။ ကြီးကြီးကို မယုံကြည်တော့လည်း ဘယ်တတ်နိုင်ပါ့မလဲ။ ကြီးကြီးကသမီးတို့ အဆင်ပြေအောင် ကူညီပေးတာပါ ။ ကြီးကြီးက ဟိုဘက်အပေါက်ကပဲ ဝင်ခဲ့မယ် "
" ကြီးကြီးက လူနာစောင့်လား "
" မဟုတ်ဘူးသား ။ ကြီးကြီးလည်း လူနာပါပဲ "
" ဗျာ ၊ ကြီးကြီးက လူနာဆိုပြီး ဘာဖြစ်လို့ အပြင်လျှောက်သွားနေရတာလဲ "
" ကြီးကြီးက ဆေးရုံတက်နေတာ ကြာပြီလေ။ ပျင်းတော့ လျှောက်သွားနေတာပေါ့ "
" အော...ဒါကြောင့် တံခါးစောင့်တွေ့မှာစိုးလို့ ကြီးကြီးက အခြားနေရာကနေ ထွက်လာတာပေါ့လေ "
" သားက သဘောပေါက်သားပဲ ။ ကဲ....သမီးတို့လည်း သွားကြတော့ ။ သမီးဒေါ်လေးလည်း ခွဲခန်းထဲက ထွက်လာတော့မယ် "
" ဟုတ်ကဲ့ ကြီးကြီး "
ကျွန်တော်တို့ မောင်နှမနှစ်ယောက် အဘွားလေးဆီပြန်ရောက်တဲ့အချိန်မှာပဲ အဘွားလေးက ဆီးပြီးပြောပါတယ် ။
" ပစ္စည်းတွေ ဝယ်လို့ရတယ်ဆို ။ ဆိုင်ဖွင့်လို့ တော်သေးတာပေါ့ "
" ဟင် ၊ ဘွားလေးကို ဘယ်သူပြောတာလဲ "
" ခုနကတင် မိန်းမတစ်ယောက် လာပြောသွားတာ ။ သမီးတို့ကို သူကူညီပေးခဲ့တယ်တဲ့ "
" ရှင်...... "
" ဗျာ....... "
" ဘွားလေး ၊ အဲဒီအမျိုးသမီးပုံစံက ဘယ်လို ပုံစံလဲ "
" ဝဝဖိုင့်ဖိုင့်နဲ့ ။ ရုပ်ရည်တော်တော်သန့်တယ် ။ ပါတိတ်ထဘီ အနီဝတ်ထားတယ် "
" ဟာ........ "
" ကိုလေး......... "
" မကြီး.......... "
" တစ်ခုခုတော့ မှားနေပြီ "
" ဟုတ်တယ် မကြီး "
" ဒီနှစ်ယောက်က ဘာဖြစ်နေကြတာလဲ "
" ဘာမှမဖြစ်ပါဘူး ဘွားလေး "
အဘွားလေးကို ရှင်းမပြချင်တာနဲ့ ရှင်းပြမနေတော့ပါဘူး ။ ရှင်းပြရင်လည်း ပိုရှုပ်ကုန်ပါလိမ့်မယ် ။ မကြာခင်မှာပဲ အဒေါ်ငယ်လေးလည်း ခွဲစိတ်ခန်းထဲက ထွက်လာပါတယ် ။ ကျွန်တော်တို့လည်း ခုနက ကိစ္စကို မေ့မေ့ပျောက်ပျောက်ဖြစ်သွားကြပါတယ် ။
အဒေါ်ငယ်လေး ခွဲစိတ်ပြီးလို့ တစ်နာရီကျော်ကြာတဲ့အချိန်မှာ ဦးလေး ရောက်ချလာပါတယ် ။
" ဟဲ့ ၊ ရော်နီ ၊ နင့်ကို ဘယ်သူပြောလို့ သိတာလဲ "
ကျွန်တော်တို့ ဦးလေးမှာ ဖုန်းမရှိပါဘူး ။ ဒါကြောင့် အဘွားလေးက တအံ့တသြနဲ့ မေးတာပါ ။
" မိန်းမကြီးတစ်ယောက် လာပြောတာ ဒေါ်လေး ။ ကျွန်တော်အိပ်ပျော်နေတုန်းတုန်း အခန်းတံခါးခေါက်သံကြားလို့ ဖွင့်ကြည့်လိုက်တာ ဝဝဖိုင့်ဖိုင့်နဲ့ မိန်းမတစ်ယောက်ကို တွေ့တယ် ။ သူက ဟယ်လင် ဆေးရုံကိုအရေးပေါ်ရောက်နေတယ် အူအတက်ပေါက်လို့ ခွဲစိတ်နေတယ် ။ အမြန်လာခဲ့ဖို့ ခေါ်ခိုင်းလိုက်တယ်တဲ့ ။ ကျွန်တော်က သူပြောတာကို မယုံလို့ တံခါးပြန်ပိတ်မလို့လုပ်နေတုန်း ရှင့်တူမ မေလေးနဲ့ ကိုလေးတို့က ကျွန်မကို လိပ်စာပေးပြီး ခေါ်ခိုင်းလိုက်တာ လို့ပြောတယ် "
" ဟာ.........လေးလေး ။ သမီးရဲ့နာမည်ကိုပါ ပြောတယ်လား "
" အေးလေ ၊ ညည်းခေါ်ခိုင်းလိုက်တာဆို "
" ဟုတ်.......ဟုတ်တယ် "
" အဲဒီမိန်းမက ဒီဆေးရုံကလား "
" ဟုတ်.......ဟုတ်ကဲ့ "
" သူတော့ ဘယ်လိုပြန်သွားတယ်မသိဘူး ။ ငါ့မှာ ကားငှားမရလို့ ရတဲ့ကားကို ငှားစီးခဲ့ရတယ် "
" မကြီး........သေချာပြီဗျ "
" အေး......ကျောထဲတောင် စိမ့်တယ် "
အဒေါ်ငယ်လေးအတွက် ပြင်ဆင်ပေးနေရတာကြောင့် အဲဒီအကြောင်းတွေ ဆက်မပြောဖြစ်တော့ပါ ။အဒေါ်ငယ်လေး ဆေးရုံကဆင်းတဲ့အထိ ကျွန်တော်တို့လည်း မရောက်ဖြစ်တော့ပါဘူး ။ သို့ပေမယ့် ဝဝဖိုင့်ဖိုင့် အမျိုးသမီးကြီးနဲ့ အဘွားလေးကတော့ အဒေါ်ငယ်လေး ဆေးရုံတက်နေတဲ့ အတောအတွင်း ညတိုင်း စကားပြောဖော်ဖြစ်နေခဲ့ပါတယ် ။
" ဘွားလေး ။ အဲဒီမိန်းမကြီးက ဘယ်အချိန်တွေ ရောက်လာတတ်လဲ "
" ည ဆယ့်နှစ်နာရီကျော်ရင် ရောက်လာတယ် "
" ဘွားလေးတို့ စကားပြောနေတာကို လူနာစောင့်တွေ မမြင်ဘူးလားဟင် "
" လူနာစောင့်တွေ အိပ်မှ လာတာ ။ ဘွားလေးတို့က အပြင်မှာပဲ စကားပြောကြတာ "
" သူက ဘာတွေပြောသလဲ ဘွားလေး "
" သူက ဆေးရုံတက်နေတာ ကြာပြီတဲ့ ။ အခုထိ မဆင်းရသေးဘူးတဲ့ ။ စုံလို့ပါပဲ ။ ကျန်တာတော့ မမှတ်မိတော့ဘူး ။ ဘွားလေး အိမ်သာသွားရင်တောင် သူလိုက်စောင့်ပေးတာ "
" ဗျာ......။ ဘွားလေး သူ့ကို ဘယ်လိုထင်သလဲ ။ သားကတော့ သရဲလို့ပဲ ထင်တယ် "
" ဘွားလေး သိတာပေါ့ သားရယ် ။ ဘွားလေးလည်း မသင်္ကာလို့ စကားပြောဆိုရင်း သူ့လက်ကို မသိမသာကိုင်ကြည့်တာ သူ့လက်ကို ကိုင်လို့မှမရတာ ။ "
" ဟာ.....ဘွားလေး မကြောက်ဘူးလား "
အပိုင်း(၄)ဆက်ရန်...
မူရင်းရေးသားသူအား လေးစားစွာ creditပေးပါသည်။

Comments
Post a Comment