မှန်ထောင်ကဝေမ အပိုင်း(၂)



သူခေါ်တဲ့နောက်ကို လိုက်သွားတော့ ညောင်ပင်ကြီး
တစ်ပင်အောက်မှာ တဲတစ်လုံး တွေ့တယ်တဲ့။
ဒီတောထဲမှာ ဒီတဲရှိတာကို သူတို့ရွာမှာ သိတဲ့လူ
တစ်ယောက်မှ မရှိဘူးတဲ့ကွ။ အဲဒါနဲ့ တဲကိုရောက်တော့
ပေါက်တူးတစ်လက်ပေးပြီး မောင်အုန်းကို
လူတစ်ရပ်စာလောက်နက်တဲ့ မြေကျင်းတစ်ကျင်း
တူးခိုင်းတယ်ဆိုပဲ။မောင်အုန်းလည်း ကြောက်တာပေါ့ကွာ။
သူ့ကိုများသတ်ပြီး ဒီကျင်းထဲမှာ မြှုပ်မလားလို့
တွေးတယ်ဆိုပဲ။

"အေး ရပြီ။ ဟောဒီမှာကြည့်ဆိုပြီး တဲထဲဝင်သွားသတဲ့။
တဲထဲက ပြန်ထွက်လာတော့ ကြေးလင်ပန်းတစ်ချပ်နဲ့
ကြက်ဖကြီးတစ်ကောင် ယူလာတယ်ကွ။ လက်ထဲမှာလည်း
စက္ကူအထုပ်တစ်ထုပ်ပါသေးသတဲ့။

"ကောင်လေး ငါပြောတာ သေသေချာချာ နားထောင်"

ပြောပြောဆိုဆိုနဲ့ မိန်းမကြီးက ကြေးလင်ပန်းကိုခင်းပြီး
လက်ထဲက စက္ကူထုပ်ကို ဖြည်လိုက်တော့ 
အရိုးခေါင်းဖြူဖြူကြီးတဲ့ဗျာ။မိန်းမကြီးက 
ကြေးလင်ပန်းထဲမှာ အရိုးခေါင်းထည့်ပြီး
ကြက်ဖကြီးကို လည်ပင်းလှီးပြီး ကြက်သွေးတွေနဲ့
အရိုးခေါင်းကို ဖြန်းလိုက်ရောတဲ့။ပြီးတော့
ဆေးမှုန့်တွေနဲ့ အရိုးခေါင်းပေါ်မှာ ရွှဲစိုနေတဲ့
သွေးရဲရဲတွေထဲကို ဖြူးလိုက်သတဲ့ဟေ့။
ပြီးတော့မှ မောင်အုန်းဘက်ကိုလှည့်ပြီး…

"ဟဲ့ကောင်လေး ရော့ ဒီဆေးထုပ်ကို နင်ယူထား။
ငါ မြေကျင်းထဲကိုဝင်ပြီး ထိုင်လိုက်မယ်။
နင်က အပေါ်က မြေကြီးတွေ အမြန်သာ ဖုန်းလိုက်ပေတော့။
ပြီးရင် ဟောဒီခေါင်းခွံကို သေသေချာချာ ကြည့်နေ။
ငါက မြေကျင်းထဲကနေ မန္တာန်တွေရွတ်မှာ။
ဒီအရိုးခေါင်းရဲ့ မျက်လုံးပေါက်တွေ နှာခေါင်းပေါက်တွေ
ပါးစပ်ပေါက်ကနေ မီးတောက်တွေ ထွက်လာလိမ့်မယ်။
နင်မကြောက်နဲ့ ကြားလား။ နင့်ကို ငါ ပေးခဲ့တဲ့
ဆေးထုပ်ထဲက ဆေးမှုန့်ကိုယူပြီး အဲဒီမီးတောက်ထဲကို
ပေါက်လိုက်ပေတော့။ ဝုန်းခနဲ မီးငြိမ်းသွားလိမ့်မယ်
ငါလည်း ကျင်းထဲက ထွက်လာလိမ့်မယ်။
ငါ့ကို မြေကျင်းထဲမှာ ထားခဲ့ပြီး ထွက်ပြေးဖို့တော့
မစဉ်းစားနဲ့ ။ နင်တို့ သိမ်ကုန်းရွာ တစ်ရွာလုံးကို
မီးလောင်တိုက်သွင်းပြီး သတ်ပစ်မယ် ကြားလား"

"ဟုတ် ဟုတ်ကဲ့ပါ အမေ ။ ကျုပ် မပြေးပါဘူး"

မိန်းမကြီးက မြေကျင်းထဲဝင်ပြီး ထိုင်လိုက်တော့
မောင်အုန်းက ကျင်းကြီးကို မြေဖို့ပေးလိုက်တာပေါ့ကွာ။
ပြီးတော့ အဲဒီမိန်းမကြီးမှာတဲ့အတိုင်း ကြေးလင်ပန်းထဲက
အရိုးခေါင်းကို စိုက်ကြည့်နေရတာပေါ့။

ဆယ့်ငါးမိနစ် ။ မိနစ်နှစ်ဆယ်လောက်ကြာတော့
အရိုးခေါင်းရဲ့ မျက်စိပေါက်တွေ ပါးစပ်ပေါက်တွေ
နှာခေါင်းပေါက်တွေကနေ မီးခိုးတွေအူပြီး 
ထွက်လာတယ်ဆိုပဲကွ။ခဏနေတော့ 
ဝုန်းဆိုတဲ့ အသံကြီးနဲ့ မီးတောက်တွေ ထွက်လာတယ်တဲ့။
မောင်အုန်းလည်း မိန်းမကြီးပေးထားတဲ့ ဆေးထုပ်ကိုဖြည်ပြီး
ဆေးမှုန့်တွေနဲ့ မီးတောက်ကို ပေါက်လိုက်တာ
ဝုန်း ဝုန်းဆို မြည်သွားပြီး မြေကျင်းထဲက မြေကြီးတွေ
ဖွားခနဲ လွင့်ထွက်လာပြီး မိန်းမကြီးပါ 
လွင့်ထွက်လာတာတဲ့ဟေ့။

"ဟား ဟား ဟား ဟား ငါအောင်ပြန်ပြီဟေ့။
နင် သိပ်တော်တယ် ကောင်လေး ။ နင်ကို ငါ 
သုံးဖို့ စားဖို့ပေးမယ်"

လို့ ပြောပြီး တဲထဲဝင်သွားတဲ့ကွ။ပြန်ထွက်လာတော့
မောင်အုန်းကို ရွှေဒင်္ဂါးငါးပြား ပေးတယ်တဲ့။
ပြီးတော့ ပြောသတဲ့။

"ငါက မီးထုံလည်း အောင်ပြီးပြီ။အခု မြေထုံလည်း
အောင်ပြီ။ ရေထုံလည်း အောင်ခဲ့ပြီ။ အဲဒီတော့ 
အာကာသထုံအောင်ဖို့ပဲ လိုတယ်ဟေ့။
ကောင်လေး အခုလာမယ့် လကွယ်ညမှာ
နင် ငါ့ကို ကူညီပါ။ နင့်ကို ငါ ရွှေဒင်္ဂါးတွေ
အများကြီး ထပ်ပေးမယ် ။ငါကို တစ်ညလုံး
စောင့်ပေးပါ။ ငါကိုယ်ထဲကို ပြန်ဝင်မလာမချင်း
နင်စောင့်နေရမယ်။အဲဒီအာကာသထုံ အောင်သွားရင်
ငါ့အသက်ဟာ နောက်ထပ်သုံးရာ ထပ်ရှည်မယ်။
နင့်ကို သူဋ္ဌေးဖြစ်အောင် ရွှေဒင်္ဂါးတွေပေးမယ်
နင်လာပြီး ကူညီမလား"

အဲဒီလို မေးပြီးတော့ သူ့မျက်လုံးပြူးပြူးကြီးနဲ့
မောင်အုန်းကို စိုက်ကြည့်လိုက်တာ။မောင်အုန်းဆိုတာ
တစ်ကိုယ်လုံး ကြက်သီးတွေ ဖျန်းခနဲ ထသွားဆိုပဲ။

ဒါနဲ့ လာပါမယ်လို့ ကတိပေးခဲ့ရတာပေါ့ကွာ။
အေးကွာ။တာတေရ။ နေဦး နေဦး အဲဒီကနေ
မပြန်ခင်မှာ မောင်အုန်းက မေးသတဲ့။

"အမေက ရွှေဒင်္ဂါးတွေ ဒီလောက်ချမ်းသာရဲ့သားနဲ့
ဒီတောကြီးထဲမှာ ဘာလို့လာနေရတာလဲ ဓါးမြတွေ
သတ်သွားမှာ မကြောက်ဘူးလား"

"ဟဲ့ကောင်လေးရဲ့ ငါက ကဝေဟဲ့။ငါ့ကို လူတွေ
သတ်လို့ မရဘူးဟဲ့။ငါ့ကိုသတ်ဖို့ နေနေသာသာ
ငါ့အိမ်နားကိုတောင် ကပ်လို့ မရဘူးသိလား"

"သြော် ဒီလိုလား ။ဒါထက် အမေ့မှာ ဒီရွှေဒင်္ဂါးတွေ
အများကြီး ဘယ်လိုရထားသလဲ"

"အေး ငါက ကဝေလေ။ငါ့မှာ ကဝေကြေးမုံလို့ခေါ်တဲ့
မှော်စီရင်ထားတဲ့ မှန်တစ်ချပ်ရှိတယ်ဟဲ့ ကောင်လေးရဲ့။
သူဋ္ဌေးတွေ အရာရှိတွေ တစ်ယောက်နဲ့တစ်ယောက်
စီးပွားပြိုင်တဲ့အခါ အာဏာပြိုင်ကြတဲ့အခါ  မနိုင်ရင်
တစ်ယောက်ကို တစ်ယောက် သတ်ပစ်ကြတယ်ဟဲ့။
အဲဒါအခါမှာ လူလူချင်းသတ်တော့ အမှုပေါ်မှာစိုးလို့
ငါ့ကို စုံစမ်းပြီး တိတ်တိတ်ကလေး လာကြတာ။
ပြီးတော့ ရွှေဒင်္ဂါးတွေပေးပြီး သူတို့သတ်ချင်တဲ့လူရဲ့
ဓါတ်ပုံပြပြီး ငါ့ကို ကဝေပညာနဲ့ သတ်ခိုင်းတာဟဲ့။
အဲဒီအကွက် ငါ့မှာ ရွှေဒင်္ဂါးတွေ ရှိနေတာပေါ့ 
ကောင်လေးရဲ့။အခု ထုံကူးတဲ့ ကိစ္စရှိလို့
ဒီမှာ လာနေတာ။ဒါတွေပြီးရင် ရန်ကုန်က
သူဋ္ဌေးတစ်ယောက်အတွက် သူ့ပြိုင်ဘက်
တစ်ယောက်ကို ငါသွားသတ်ပေးရဦးမှာဟဲ့"

"အမေ လူကို မှန်နဲ့ သတ်လို့ ရသလား"

အပိုင်း(၃)ဆက်ရန်...

မူရင်းရေးသူ =တာတေ

Comments

Popular posts from this blog

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၃)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၅)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၆)