စုန်းကိုး မှော်ကိုး ကဝေကိုး အပိုင်း(၁)
ပုဗ္ဗာရုံကျောင်း ကထိန်မှာဗျာ။ပုဗ္ဗာရုံဆိုတာက ကျုပ်ဆရာတော်ရဲ့ကျောင်း
လေဗျာ။ခင်ဗျားမှတ်မိတယ်မို့လား။ ဦးဂုဏလေ။
ကျုပ်တို့ရွာမှာက ဘုန်းကြီးကျောင်း သုံးကျောင်း ရှိတာဗျ။ရွာဦးကျောင်း၊ ပုဗ္ဗာရုံကျောင်း၊ ပြီးတော့ ဒဏ္ခိဏာရုံကျောင်းဗျ။ကထိန်ခင်းပြီဆိုရင် ဒီကျောင်းသုံးကျောင်းစလုံး လွှတ်စည်တာဗျို့။ ကျောင်းသုံးကျောင်းစလုံးရဲ့ ဘောစကံက
ကျယ်သားဗျ။
ကျုပ်တို့ရွာ ထနောင်းကုန်းတင်မဟုတ်ဘူး၊ အနီးအနားက
ဘန့်ဘွေးကုန်း၊မီးလောင်ကုန်း၊ငွေတွင်းကုန်း၊ဆပ်သမြောင်၊သံခနောက်၊
ကျားကုန်း၊ ထိန်ကုန်း၊ကပ္ပလီစု၊ ညောင်ဝိုင်းတို့၊ ဗိုလ်ကုန်းတို့ပါ
ကိုးကွယ်ကြတာ။ဆရာတော် သုံးပါးစလုံးကလည်း ပညာတတ်တွေချည်းပဲဗျ။
သုံးပါးလုံး စာချတန်းအောင်ပြီးသား၊ဓမ္မာစရိယကိုယ်တော်ကြီးတွေဗျို့။
ဒီအထဲမှာမှ ကျုပ်ဆရာတော် ဦးဂုဏက လောကီကြောင်းရော၊ လော
ကုတ္တရာကြောင်းရော ဝါသနာရှိတာဗျ။ ပုဗ္ဗာရုံကျောင်း ကထိန်ဆိုရင်
ကျုပ်တို့ရွာက လူကြီးတွေနဲ့ တခြားရွာက လူကြီးတွေ ဆုံကြပြီး ရှေးဟောင်းနှောင်းဖြစ်တွေ ပြောကြ၊သူတို့ ငယ်ငယ်က အတွေ့အကြုံတွေ ပြောကြနဲ့ လွှတ်နားထောင်ကောင်းတာလားဗျာ။
သူ့ဝိုင်းနဲ့သူ သူ့အုပ်စုနဲ့သူဗျ။ လူကြီးတွေ ပြောသမျှကို ကျုပ်တို့လိုလူငယ်
တွေက နားထောင်ကြတာပေါ့ဗျာ။လက်ဖက်၊ ဂျင်းသုတ် လိုက်တဲ့သူ
ကလိုက်၊ ရေနွေးကြမ်း လိုက်တဲ့လူကလိုက်ပေါ့ဗျာ။
ကျုပ်က သံခနောက်က ဘိုးတော်ကြီးတွေဝိုင်းမှာထိုင်လို့ဗျ။ သံခနောက်ဆို
တာက ကျုပ်တို့တောင်ရွာလေဗျာ။ထနောင်းကုန်းတောင်ဘက်က ရွာပေါ့။
ကျုပ်တို့ရွာက ဘိုးညီပုတို့ ဘိုးရုံတို့လည်း ဒီဝိုင်းမှာ ပါသဗျ။ သံခနောက်
က ဘိုးတော်ကြီးက ဆံပင်နက်နက်ကလေးကို သျှောင်တစောင်းထုံးလို့ဗျ။ နှုတ်ခမ်းမွေးကလည်း အပြားကြီးကြီးဗျ။ သူ့အသားဖြူဖြူမှာ သူ့မျက်
လုံးတွေကလည်း တောက်နေတာပဲဗျ။ စကားပြောကလည်း ကောင်း
လိုက်ပါဘိဗျာ။
စကားပြောကောင်းတယ်ဆိုတာကဘဝအတွေ့အကြုံတွေ စုံလို့ပေါ့ဗျ။
ဒီဘိုးတော်ကြီးရဲ့ နာမည်က ဦးအုပ်တဲ့။ သူ့ကို ဘိုးအုပ်လို့ခေါ်ကြတယ်။
အသက်က ခုနှစ်ဆယ်ကျော်လို့ ရှစ်ဆယ်နားကပ်နေပြီ။ ကျုပ်တို့ရွာကဘိုးညီပုနဲ့မှ ရွယ်တူတွေဗျ။
"မောင်အုပ်ရဲ့ မင်းအသက်ရှစ်ဆယ်ပဲ ကပ်နေပေါ့၊ ခုထိဆံပင်တစ်ချောင်း
မှ မဖြူပါလားကွဲ့၊ ဘယ်လိုကြောင့်တုံး"
ဘိုးညီပုက ဘိုးအုပ်က
မေးလိုက်တော့ပြုံးပြီးပြောသဗျ။
"ဟ…ကိုညီပုရဲ့ မဖြူဆို ကျုပ်က
လူပျိုအရွယ်ကတည်းက ဆေးကောင်းရထားတာကိုးဗျ"
"ဟေ…ဟုတ်လား၊ ဘာဆေးကောင်းများ
တုံး မောင်အုပ်ရဲ့"
"ကျုပ်တို့ရွာကို ကြွလာတဲ့ဆေးဆရာတစ်ယောက်ပြောသွားတာပဲဗျ။ဖန်ခါး
သီးရယ်၊ လက်ဖက်ပုပ်ရယ်၊ ထောလပတ်ရွက်ရယ် ဆတူထောင်းရတယ်တဲ့ဗျ။ ပထမတော့ တစ်မျိုးချင်းထောင်းရတာပေါ့ဗျာ၊ ပြီးတော့ သုံးမျိုးပြန်ပေါင်းပြီး ထောင်းရတယ်။အဲဒီသုံးမျိုးထောင်းထားတာကိုအုန်းဆီနဲ့ပုလင်းထဲမှာထည့်စိမ်ထားပြီးလိမ်းပေးရင် ဆံပင်မဖြူဘူးဆိုလို့ ကျုပ် သားသမီးတွေလည်း အဲဒါပဲ လိမ်းကြတာ၊ ဆံပင်မဖြူကြဘူးဗျ"
ကျုပ်တို့ ထနောင်းကုန်းက လူငယ်တွေက ဘိုးအုပ်ပြောတဲ့ ဆေးနည်းကို ခေါင်းလေးတွေ တညိတ်ညိတ်လုပ်ပြီး မှတ်နေကြတယ်ဗျို့။ နောက်တော့ စကားတွေရောက်တတ်ရာရာ ပြောရင်းနဲ့ ဘိုးအုပ်က လွှတ်ထူးဆန်းတဲ့ အကြောင်းတစ်ခုပြောပြတယ်။ဘိုးအုပ်ပြောတဲ့အကြောင်း
က ထူးဆန်းလွန်းလို့ ကျုပ်ဖြင့် မျက်တောင်တောင် မခတ်မိအောင်ပါပဲဗျာ။
ဘိုးအုပ်ပြောပြတဲ့အကြောင်းက ကြောင်တစ်ရာဗိုလ်အစီအရင်တဲ့ဗျာ။
"ကျုပ်အဖေက ရှမ်းအစစ်ဗျ။ကိုညီပုရ၊
အမေက သံခနောက်သူ ဗမာအစစ်၊
ကျုပ်ကို ရှမ်းပြည်မှာ မွေးတာ၊ ကျုပ်
အသက်နှစ်ဆယ်ရောက်မှ အဖေဆုံး
လို့ အမေ့မွေးရပ်ကို ရောက်လာခဲ့တာ"
"နေပါဦး မောင်အုပ်ရဲ့၊ မင်းအဖေက
ဘယ်အရပ်သားတုံးကွဲ့"
"ရှမ်းပြည်နောင်ချိုဘက်ကဗျ၊ဒါပေမဲ့
မြို့ပေါ်ကတော့ မဟုတ်ဘူး၊ရွာဘက်
ကပဲ၊ အခုပြောမယ့် ကြောင်တစ်ရာ
ဗိုလ်အစီအရင်ဆိုတာကို ကျုပ် အ
သက်ဆယ့်တစ်နှစ်သားက မြင်ခဲ့ဖူး
တာဗျ။ ဒီတုန်းက လူတော်တော်များ
များက တုတ်ပြီး၊ ဓါးပြီး၊ သေနတ်ပြီး
တာ သိပ်လိုချင်ကြတာဗျ"
"မောင်အုပ်ရယ်၊ ဟိုတုန်းကလူတွေ
တင်မဟုတ်ပါဘူးကွ၊ အခု လူတွေ
လည်း လိုချင်ကြတာပါပဲ"
"အေး …ကျုပ်တို့ရွာက လူချမ်းသာ
တစ်ယောက် ရှိတယ်ဗျ၊ သူလည်း
ရှမ်းပဲ၊နာမည်က စိုင်းအုန်းဂေါင်တဲ့၊
အသက်က လေးဆယ်ကျော်လောက်
ရှိမယ်၊ ကျုပ်က သူ့ခြံထဲက အလုပ်
တွေကို ကူညီဖို့ လုပ်ပေးရတယ်၊
ကျုပ်ကို မုန့်ဖိုးပဲဖိုး ပေးတာပေါ့ဗျာ၊
စိုင်းအုန်းဂေါင်က အိမ်ထောင်ရက်
သား မရှိဘူးဗျ။ တူတွေနဲ့နေတာ။
တစ်ရက်ကျတော့ သူက ကျုပ်ကိုမေးတယ်။
"စိုင်းအုပ် မင်း ကြောင်တစ်ရာဗိုလ်ဆို
တာ ကြားဖူးလား" တဲ့
ကျုပ်ကလည်း ကြားမှ မကြားဖူးတာ။
"ကျုပ်မကြားဖူးဘူးဗျ"
လို့ ပြန်ပြောလိုက်တော့ စိုင်းအုန်ဂေါင်
က ကျုပ်ကို ပြောပြရောဗျို့။
"ဒီလိုကွ စိုင်းအုပ်ရဲ့၊ ပထမဆုံး ကြောင်
နက်တစ်ကောင် ရဖို့လိုတယ်"
"ဗျာ၊ ကြောင်နက်များ ရှားတာလိုက်လို့
ဆရာရယ်"
ကျုပ်က စိုင်းအုန်းဂေါင်ကို ဆရာလို့
ခေါ်တာဗျ။ ဘာဖြစ်လို့တုံးဆိုတော့
သူက ကျုပ်ကို လက်တိုလက်တောင်း
ခိုင်းလို့ အားတဲ့အချိန်ဆိုရင် စာသင်
ပေးတာ။ သူသင်ပေးလို့ ကျုပ် စာ
တတ်လာခဲ့တာပေါ့ဗျာ။
အပိုင်း(၂)ဆက်ရန်..
မူရင်းရေးသားသူ = တာတေ

Comments
Post a Comment