စုန်းကိုး မှော်ကိုး ကဝေကိုး အပိုင်း(၄)



ဆရာလက်ထဲက ဓါးလည်း လွတ်
အကျ ကြောင်နက်ကြီးကလည်း
ခုန်အအုပ်။ ဆရာ ဟန်ချက်ပျက်
ပြီး ပက်လက်လန်ကျသွားတယ်။

"ဝေါင်း၊ ဝေါင်း၊ ဝေါင်း"

ဟာ ကိုက်ပြီဗျို့။ ဆရာ့လည်မျိုကို
ကိုက်တော့တာပဲဗျာ။ သွေးတွေများ
ပန်းထွက်လာလိုက်တာ မြင်လို့ကို
မကောင်းပါဘူးဗျာ။ ကျုပ်လည်း
သုတ်ကနဲ လှည့်ပြေးပြီး အိမ်ကြီး
ထဲက ဆရာ့တူကို နှိုးရတော့တာ
ပေါ့ဗျာ။ဆရာ့တူသုံးယောက်လည်း
လှံတွေဆွဲပြီး လက်နှိပ်ဓါတ်မီးတစ်
လက်စီနဲ့ လိုက်ချလာကြတာပေါ့
ဗျာ။ ကြောင်လှောင်တဲ့ အိမ်ရှေ့
ကို ရောက်တော့ ကြောင်နက်ကြီး
က ဆရာရဲ့ နှလုံးကို ဖောက်စား
ထားပြီဗျ။

"ဟာ …ထိုးဟေ့၊ လှံနဲ့ထိုးကွ"

လို့ ဆရာ့တူသုံးယောက်က ညာ
သံပေးပြီး လှံတွေနဲ့ ဝိုင်းထိုးကြ
ရောဗျို့။ ဒီတော့မှ ကြောင်နက်
ကြီးက သွေးတွေ ရွှဲစိုနေတဲ့ ပါး
စပ်ကြီးနဲ့ …

"ဝေါင်း"

လို့ တစ်ချက်အော်ပြီးမှ ပြေးတော့တာ
ဗျာ။ အိမ်နီးချင်းက လူတွေလည်း ဆူဆူ
ညံညံ အသံတွေကြားလို့ ရောက်လာကြ
ရောဗျို့။ဒီတော့မှ ကျားသစ်လောက်ကြီး
တဲ့ ကြောင်နက်ကြီးကို ရွာသားတွေ မြင်
သွားပြီး ဝိုင်းလိုက်ကြတာပေါ့ဗျာ။

ဒီမှာတင် ကြောင်နက်ကြီးက ငှက်ပျော
ပင်ပေါ် ခုန်တက်ပြီး ငှက်ပျောရွက်ပေါ်
မှာ ထိုင်နေရောဗျ။ အဲဒါလည်းမြင်ရော
ရွာသားတွေဆိုတာ ကြောက်ကုန်တော့
တာပေါ့ဗျာ။ ကြောင်နက်ကြီးရဲ့အစွမ်း
ကို မှန်းလို့ရသွားတာပေါ့။ ရွာခေါင်းက
ဒီအကောင်ကြီးကို ရွာထဲက မောင်း
ထုတ်မှ ဖြစ်မယ်ဆိုပြီး မီးတုတ်တွေနဲ့
ဝိုင်းလိုက်တော့မှ ကြောင်တစ်ရာဗိုလ်
ကြီး ရွာပြင်ထွက်ပြေးသွားရောဗျ။ရွာ
သားတွေလည်း နောက်က လိုက်
မောင်းကြတာ။ တောကြီးထဲ ဝင်ပြေး
သွားတော့မှပဲ ရွာထဲကို ပြန်လာကြ
တော့တာဗျို့"

"နေပါဦး မောင်အုပ်ရဲ့၊ မင်းဆရာစိုင်း
အုန်းဂေါင် ဆိုတာကဆေးဝါးလေးကု
လို့ မီသေးရဲ့လား"

ဘိုးညီပုက ဘိုးအုပ်ကို မေးတာဗျ။

"ကိုညီပုရာ၊ နှလုံးဖောက်စားသွားပါ
တယ်ဆိုမှ၊ ခင်ဗျားနှယ် ဘယ်ဆေး
နဲ့ ကုလို့ရဦးမှာတုံး၊ သေတာပေါ့ဗျာ"

ကျုပ်တို့လူငယ်တွေဆိုတာ ဘိုးအုပ်
ပြောတဲ့ ကြောင်တစ်ရာဗိုလ်အစီအရင်
ကြီးကို မျက်တောင်မခတ်နိုင်လောက်
အောင် စိတ်ဝင်စားပြီး နားထောင်နေ
ကြတော့တာဗျို့။

"ညောင် "

"အောင်မယ်လေး"

ဒီတုန်းမှာပဲ ဘုန်းကြီးကျောင်းက
ကြောင်ကြီးက ကျုပ်တို့နောက်က
ကပ်ပြီး'ညောင်'ကနဲ အော်လိုက်တာ
ကို'အောင်မလေး'ဆိုပြီး လန့်အော်ကြ
တာဗျာ။

"ဟာ ကြောင်တစ်ရာဗိုလ်ကြီး"

ကျောက်ခဲက ကြောင်ကြီးကို လက်
ညှိုးထိုးပြီး အော်လိုက်တာဗျ။

"ဟား ဟား ဟား ဟား ဘယ်ကကြောင်
တစ်ရာဗိုလ်ကမှာလဲ ကျောက်ခဲရာ၊ ဒါ
ဆရာတော့် ကြောင်ကြီးပါကွာ၊ ဟား
ဟား ဟား ဟား"

လူငယ်တွေအားလုံး ဝိုင်းရယ်ကြတော့
ဘိုးအုပ်ရော ဘိုးညီပုတို့၊ ဘိုးရုံတို့ လူ
ကြီးတွေလည်း ပြုံးပြုံးကြီးတွေ လုပ်နေ
ကြတော့တာပေါ့ဗျာ။ဆရာ့တော်ကျောင်း
က ကထိန်ပြီးသွားပေမယ့် ကျုပ်စိတ်ထဲ
မှာ သံခနောက်က ဘိုးအုပ်ပြောသွားတဲ့
ကြောင်တစ်ရာဗိုလ်အစီအရင်ကြီးကို စွဲ
နေတော့တာပေါ့ဗျာ။

ရွာထဲသွားလို့ ကြောင်တွေ တွေ့ရင်
တောင်မှာ ကျုပ်မှာ လိုက်လိုက်ကြည့်
မိတဲ့အထိပဲဗျို့။ကြောင်နက်တွေ တွေ့
ရင်တော့ မပြောနဲ့ လက်သည်းတွေ
ထုတ်ကြည့်၊ ပါးစပ်ဖြဲပြီးတော့ လျှာ
တွေ မဲသလားကြည့်နဲ့၊ အလုပ်တော်
တော်များသွားတာဗျ။

ကထိန်ရာသီကုန်ပြီဆိုကတည်းက
ကျုပ်တို့ အညာမှာက အေးတော့တာ
ဗျ။ ဆောင်းရာသီအဝင်ပေါ့ဗျာ။ အေး
တယ်ဆိုပေမယ့် မီးလှုံလောက်အောင်
အေးတာတော့ မဟုတ်သေးဘူးဗျ။ ည
ဘက် အိပ်လို့ကောင်းရုံလေးပေါ့ဗျာ။
မနက်ဆိုရင် တော်တော်နဲ့ မထနိုင်ဘူး
ဗျ။ ပြန်ပြန်ပြီး အိပ်ပျော်သွားတာ။

"တာတေ၊ ဟဲ့ တာတေ၊ ထတော့၊
ထတော့ ဘန့်ဘွေးကုန်းက ငသိန်း၊
ရောက်နေတယ်၊ နင့်ကို နှိုးပေးပါ
ဆိုလို့ "

"ဟင်၊ ကိုသိန်းမောင်လား၊ စောစော
စီးစီးပါလား၊ ဘာကိစ္စများရှိလို့ပါလိမ့်"

"အဲဒါတော့ မသိဘူး၊ နင့်တွေ့မှ
ပြောမှာပေါ့ဟဲ့"

ကျုပ်က အိပ်ရာက ကပျာကယာထပြီး
မျက်နှာသစ်လိုက်တယ်။

"ကိုကြီးသိန်း စောစောစီးစီးပါလား"

"စောဆို ဘိုးတော် နှိုးလွှတ်လိုက်လို့ကွ။
မင်းဘိုးတော်ကြီး အစောကြီး ပေါက်ချ
လာလို့ဟေ့"

"ဘယ်သူတုံးဗျ။ ကျုပ်ဘိုးတော်ကြီးဆို
တာ"

"ဟကောင်ရ၊ ဘယ်သူရှိဦးမှာတုံးကွ၊
ဘိုးလူပေကြီးပေါ့"

" ဟာ ဟုတ်လား၊ ဘိုးလူပေ ရောက်
လာတယ် ဟုတ်လား"

"ဟုတ်ပါ့ဗျာ၊မနက်အစောကြီးကို ပေါက်
ချလာတာဗျ။နှင်းတွေ ပိတ်နေတာ ဘယ်
လိုများ ရောက်လာတုံး မသိပါဘူးကွာ။
ရောက်လို့ ဖင်တောင်မထိုင်ရသေးဘူး၊
မောင်တာတေကို အခေါ်လွှတ်ဗျာလို့
ငါ့အဘကို ပြောတာဟေ့၊ ပြီးတော့ ဘိုး
လူပေက မင်းကို မှာလိုက်တယ်၊ ကိစ္စ
အရေးကြီးလို့ ခုချက်ချင်း ခရီးထွက်ရ
မယ်တဲ့ဗျာ။ မိဘတွေကို တစ်ခါတည်း
ခွင့်ပန်ခဲ့ပါတဲ့"

ကျုပ်က အဘနဲ့ အမေကို အကျိုးအ
ကြောင်း ပြောပြလိုက်တယ်။

"ဟဲ့ တာတေ၊ ထမင်းကြမ်းလေးတော့
စားသွားဦးမှပေါ့၊ ဟိုရောက်လို့ နင့်ဆ
ရာကြီးက ခရီးတန်းထွက်ရင် ဘာမှစား
ဖို့ သောက်ဖို့ မမီဘဲ ဖြစ်နေဦးမယ်၊ င
သိန်းလည်း ဘာမှမစားခဲ့ရသေးဘူး
မဟုတ်လား၊ တာတေနဲ့ တစ်ခါတည်း
စားသွားမှာ၊ မနေ့က မီးလောင်ကုန်း
က ငထော် လာပို့လို့ အမဲသားနဲ့ ဆီး
သီးဝမ်းပြင်းလေး ချက်ထားတယ်"

အပိုင်း(၅)ဆက်ရန်...
 မူရင်းရေးသားသူ = တာတေ

Comments

Popular posts from this blog

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၃)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၅)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၆)