ဓားစကြာ အပိုင်း(၄)
တဲ့ဗျ။ ပါပါအော်လိုက်တဲ့အသံကအာဏာစက်အပြည့်ပါတဲ့အသံဗျ။ တစ်ယောက်ကိုလှမ်းပြီးညွှန်ကြားလိုက်သလိုပဲ။ ကျုပ်ဖြင့်လန့်ပြီးကြက်သီးတွေတောင်ထသွားရောဗျို့။ ဘာတွေဆက်ဖြစ်လာဦးမလဲဆိုတာသိချင်နေတော့ကျုပ်လည်းဆက်ကြည့်နေမိတာပေါ့ဗျာ။ ကျုပ်စိတ်အထင်တော့တစ်နာရီကျော်ကျော်လောက်ကြာသွားပြီထင်တယ်ဗျ။
"ဝီ၊ ဝီ၊ ဝီ၊ ဝီ"
ဖွင့်ထားတဲ့တံခါးပေါက်ကြီးကနေ 'ဝီ၊ဝီ' ဆိုတဲ့အသံကြီးကြားနေရတာဗျ။ ပိတုန်းတွေအုပ်လိုက်ကြီးပျံလာသလားလို့တောင်ထင်ရတာ။ ကျုပ်လည်းပြတင်းပေါက်ကြီးကနေအပြင်မှောင်ထဲကို အားစိုက်ပြီးကြည့်ရတာပေါ့ဗျာ။ ဘာမှမတွေ့ဘူးဗျ။ ပါပါကတော့ တပလ်လင်ခွေပြီးထိုင်နေရာကနေ မုဆိုးဒူးထောက်ထထိုင်ပြီးကြေးဝါရေဇလုံကို ကိုင်ထားတယ်ဗျ။ ပါးစပ်ကနေမန်တန်ကိုအသံကျယ်ကျယ်နဲ့မာန်အပြည့်နဲ့ပြန်ရွတ်နေပြန်ပြီဗျို့။
"ဗွမ်း"
ဟော ပါပါကအသင့်ကိုင်ထားတဲ့ ရေဇလုံထဲကရေနဲ့လှမ်းပက်လိုက်တာဗျ။ ဘာကိုပက်လိုက်မှန်းကျုပ်မမြင်ဘူး။
"ချွင်၊ ချလင်"
ကြမ်းပြင်ပေါ်ကိုတစ်ခုခုကျသွားတဲ့အသံကြားလို့ ကျုပ်လှမ်းကြည့်လိုက်တာ။ ဟာ ဓားစကြာကလေးပါလား။ ဟင်သွေးတွေလည်းရွှဲနေပါလား။ ဒါဆိုရင်ရေဇလုံထဲကထွက်သွားတာဒီဓားစကြာပဲပေါ့ဗျာ။ ခုတော့ဓားစကြာကသွေးတွေရွှဲပြီးပြန်ရောက်လာတာဗျ။ ပါပါကဓားစကြာကိုသေသေချာချာသတိထားပြီးကောက်ယူလိုက်တယ်။ ပြီးတော့အသင့်ချထားတဲ့အဝတ်စတစ်စနဲ့သွေးတွေသုတ်လိုက်တယ်။ ပြီးတော့မှဓားစကြာကိုဆီနဲ့လိမ်းလိုက်တယ်။
ဟော ဓားစကြာလေးကိုခေါက်လိုက်တာ လက်တစ်လုံးလောက်အရွယ်လေးနဲ့တစ်ရွယ်တည်းဖြစ်သွားပြီဗျို့။ ပါပါက အနက်ရောင်ကတ်တီပါဘူးထဲကိုသေသေချာချာထည့်ပြီး ဓားစကြာကိုသိမ်းလိုက်တယ်။ ကျုပ်လည်း ပါပါမသိအောင်ခြေဖွပြီး အောက်ထပ်ကိုပြန်ဆင်းလာခဲ့တယ်။ ကျုပ်အိပ်ရာထဲကိုရောက်တော့ မီးတွေမှိတ်ပြီးအိပ်လိုက်ပေမယ့် တော်တော်နဲ့အိပ်လို့မပျော်ပါဘူးဗျာ။ ကျုပ်တွေ့လိုက်မြင်လိုက်ရတဲ့မြင်ကွင်းကိုပဲ မျက်စိထဲမှာမြင်နေတာပေါ့ဗျာ။ နောက်နေ့မနက်ရောက်တော့ပါပါကခါတိုင်းလိုပဲဗျ။ ဥရောပဝတ်စုံကို အကျအနဝတ်ပြီးဂျစ်ကားတစ်စီးနဲ့အပြင်ထွက်သွားတယ်။
ကျုပ်လည်းကျောင်းသွားတတ်တာပေါ့ဗျာ။ ဒါပေမယ့်ကျောင်းသွားတဲ့လမ်းမှာ သတင်းစာသည်တစ်ယောက်အော်ဟစ်ရောင်းနေတဲ့ သတင်းတစ်ပုဒ်ကြောင့် ကျုပ်မှာသတင်းစာကိုအလုအယက်ဝယ်ပြီးဖတ်လိုက်ရတော့တာဗျို့။
"ဗြိတိသျှအရာရှိတစ်ဦး ထူးဆန်းစွာ လုပ်ကြံခံရခြင်း"
တဲ့ဗျာ။ ညဆယ်နာရီခွဲလောက်မှာ စထရင်းဟိုတယ်ကနေပြန်လာတဲ့ 'မစ်စတာ အက်ဒဝပ်' ဆိုတဲ့အဂ်လိပ်အရာရှိတစ်ယောက်ထူးဆန်းစွာလုပ်ကြံခံရတဲ့အကြောင်း ၊ မစ်စတာအက်ဒဝပ်ရဲ့လည်ပင်းကိုခေါင်းရိတ်တဲ့သင်ဒုံးဓားနဲ့ လုပ်ကြံသူကလှီးသွားပုံရကြောင်း ၊ နေရာမှာပဲပွဲချင်းပြီးသေဆုံးသွားတဲ့အတွက်ဘာသဲလွန်စမှမရလိုက်တဲ့အကြောင်း ၊ မစ်စတာအပ်ဒဝပ်ဟာယစ်မူးအရာရှိတစ်ယောက်ဖြစ်ပြီးဘိန်းခန်းတွေကိုအမြဲသွားလာစစ်ဆေးနေရသူဖြစ်တဲ့အတွက် မုန်းတီးသူများလည်းရှိနိုင်တဲ့အကြောင်း၊ ဒါ့အပြင်မစ်စတာအက်ဒဝပ်ဆိုတဲ့လူကအရပ်မြင့်မြင့်ထွားထွားကျိုင်းကျိုင်းဖြစ်တဲ့အတွက် သူ့လည်ပင်းကိုသင်ဒုံးဓားနဲ့လှီးပြီးသတ်သွားတဲ့လူဟာမစ်စတာအက်ဒဝပ်ထက်ပိုပြီးထွားကျိုင်းသူဖြစ်လိမ့်မယ်လို့ ပုလိပ်ဘက်ကယူဆပြီးဘိန်းခန်းတွေနဲ့ပက်သက်တဲ့လူထွားကြီးတွေကိုလိုက်လံစုံစမ်းနေတဲ့အကြောင်းတွေရေးထားသဗျ။
ကျုပ်ကတော့ညကမြင်ခဲ့ရတဲ့မြင်ကွင်းကိုချက်ချင်းသတိရသွားတာပေါ့ဗျာ။ ကျောင်းမှာစာသင်ရတာလည်းစိတ်မဝင်စားပါဘူးဗျာ။ ကျုပ်တို့ယူနီဗာစတီကျောင်းကြီးမှာလည်းကျောင်းသားတွေစုစု စုစုနဲ့ဒီသတင်းကိုပဲပြောနေကြတာဗျ။ ဆရာတွေလည်းသတင်းစာတကိုင်ကိုင်နဲ့ ဒီသတင်းကိုပဲ ပြောနေကြတာပေါ့ဗျာ။ ဆရာတစ်ယောက်ကသူ့ဘေးကဆရာကိုပြောလိုက်တာ။ လှေကားအတက်မှာကျုပ်သေသေချာချာကြားလိုက်တယ်။
"အလကားပုလိပ်တွေပါဗျာ၊ ဒီပုံစံအတိုင်းအဂ်လိပ်အရာရှိကြီးတွေ အသတ်ခံရတာဒါပါနဲ့ဆိုရင် သုံးကြိမ်ရှိပြီဗျ။ ကျုပ်သေသေချာချာမှတ်ထားတာ။ လွန်ခဲ့တဲ့ငါးနှစ်ကတစ်ယောက်၊ လွန်ခဲ့တဲ့သုံးနှစ်ကတစ်ယောက်၊ အခုတစ်ယောက်၊ ဘယ်ကလာဘိန်းခန်းနဲ့ပတ်သက်ရမှာတုံးဗျာ။ အရင်အသတ်ခံရတဲ့လူတွေက အရေးပိုင်ကြီးတစ်ယောက်နဲ့စိုက်ပျိုးရေးဝန်ထောက်တစ်ယောက်ပါ။ ဒါပေမယ့်ကျုပ်ကြားတာက အခုသေတဲ့လူရောအရင်ကသေတဲ့နှစ်ယောက်ရော တော်တော်ဆိုးတယ်ဆိုပဲ။ လာဘ်စားတဲ့နေရာမှာရော မိန်းမရှုပ်တဲ့နေရာမှာရော နံပါတ်ဝမ်းတွေတဲ့ဆရာရေ"
"ဟာ..ဟုတ်လားဗျ ဆရာရဲ့"
ဥပစာအပိုင်း(ခ)မှာ သင်တဲ့ဆရာတွေဗျ။ လှေကားတက်ရင်းကျုပ်ရှေ့က ပြောသွားကြတာ။
"ဒါပေမယ့် မျက်နှာဖြူအရာရှိကို ရက်ရက်စက်စက်လည်ပင်းဓားနဲ့လှီးပြီးသတ်ရဲတာတော့အံ့သြသဗျာ"
"ဪ ဆရာရယ် ပိုက်ဆံသာပေးနိုင်လို့ကတော့ လူသတ်ပေးမယ့်ကြေးစားတွေ အပုံပါဗျာ"
"ဒါတော့ ဒါပေါ့ဗျာ၊ ဒါပေမယ့်အခုလိုမျက်နှာဖြူအရာရှိတစ်ယောက်ကို အနားကပ်ပြီးလည်ပင်းကိုဓားနဲ့လှီးသတ်ဖို့ဆိုတာသိပ်လွယ်တဲ့ ကိစ္စတော့မဟုတ်ဘူးဗျ"
"ဆရာပြောတာလည်းဟုတ်နိုင်ပါတယ်၊ ဒါပေမယ့်ဒီလူတွေအဖို့ကျတော့ သူတို့ရဲ့အသက်မွေးဝမ်းကြောင်း ကိစ္စမို့လားဗျာ။ ကျွမ်းကျင်ပေမပေါ့ဆရာရယ်"
အပိုင်း(၅)ဆက်ရန်.
မူရင်းရေးသူ =တာတေ

Comments
Post a Comment