ဓားစကြာ အပိုင်း(၅)
ကျုပ်ကတော့ဆရာနှစ်ယောက်ပြောတာကိုနားထောင်ရင်း သက်ပြင်းချမိတာပေါ့ဗျာ။ အဲ့ဒီနောက်တော့ကျုပ်လည်းပါပါအရိပ်အခြေကိုမသိမသာနဲ့အမြဲကြည့်နေတော့တာပေါ့ဗျာ။ ယစ်မျိုးဝန်ထောက်ကြီးမစ်စတာအက်ဒဝပ် သေပြီးတဲ့နောက်မှာတော့ ပါပါလည်းဘာမှထပ်လုပ်တာမတွေ့ရတော့ဘူးဗျ။ ကျုပ်လည်းညတိုင်းပါပါအိပ်သွားမှအိပ်တာချည်းပါပဲ။
နောက်တစ်နှစ်လောက်ကြာတော့ ပါပါထပ်လုပ်တယ်ဗျ။ ကျုပ်လည်းအရင်တစ်ခါလိုချောင်းကြည့်တာပါပဲ။ ပါပါကမန်တန်ရွတ်၊ ကြေးဝါဇလုံထဲကဓားစကြာကလေးပျံထွက်သွားပြီးတစ်နာရီလောက်ကြာတော့ အရင်တစ်ခါလိုပြန်ရောက်လာတာပဲဗျ။ သွေးတွေရွှဲနေတာပဲပေါ့ဗျာ။ နောက်တစ်နေ့ထုတ်တဲ့သတင်းစာတွေမှာ ပါလာတာပဲဗျို့။
"ဗြိတိသျှလူမျိုး လမ်းဝန်ထောက် မစ်စတာကယ်လ်ဗင် ပျော်ပွဲစားရုံကအပြန်မှာ လည်ပင်းကိုသင်ဒုံးဓားနဲ့လှီးဖြတ်အသတ်ခံရတဲ့အကြောင်း၊ ဒီလိုအမှု ကိစ္စမျိုး တစ်ကြိမ်မကဖြစ်နေတဲ့အတွက်အဂ်လိပ်အရာရှိတွေကို မျက်ခြည်မပြတ်စောင့်ကြပ်နေတဲ့ကြားက အခုလိုဖြစ်သွားတဲ့အကြောင်း၊ မစ်စတာ ကယ်လ်ဗင်ဟာသူနဲ့မနီးမဝေးကနေ အရပ်ဝတ်နဲ့လိုက်လာတဲ့ပုလိပ်တွေရှေ့မှာပဲ 'ဓားတွေ၊ဓားတွေ' လို့နှစ်ခွန်းဆင့်အော်လိုက်ပြီးတော့ လည်ပင်းကနေသွေးတွေပန်းထွက်လာပြီး လဲကျသေဆုံးသွားတဲ့အကြောင်း ၊သူ့ကိုစောင့်ရှောက်နေတဲ့ပုလိပ်တွေကတော့ မစ်စတာကယ်လ်ဗင် ပြောတဲ့ဓားတွေကို တွေ့လိုက်တဲ့သူတစ်ယောက်မှမရှိတဲ့အကြောင်း မစ်စတာကယ်လ်ဗင် ရဲ့လည်ပင်းကိုသင်ဒုံးဓားနဲ့လှီးသွားတဲ့လူသတ်သမားကိုလည်း ပုလိပ်တွေအနေနဲ့မတွေ့လိုက်တဲ့အကြောင်း၊ ပုလိပ်တွေကိုယ်တိုင်သူတို့ရှေ့မှာ မစ်စတာကယ်လ်ဗင် အသတ်ခံရတဲ့ ကိစ္စကိုအလွန်အမင်း အံ့သြနေကြတဲ့အကြောင်း၊ နောက်ဆုံးကုန်ကုန်ပြောရမယ်ဆိုရင် ပုလိပ်အရာရှိတွေကိုယ်တိုင် သင်ဒုံးဓားနဲ့လှီးတဲ့လူသတ်သမားကို ကြောက်နေကြတဲ့အကြောင်း"
ရေးထားလိုက်တာမှ စုံနေတော့တာပေါ့ဗျာ။ ကျုပ်တို့ယူနီဗာစီတီကျောင်းကြီးမှာလည်း ကျောင်းသားတွေ၊ကျောင်းသူတွေ၊ဆရာ၊ဆရာမတွေ အားလုံးဒီသတင်းကိုပဲခေါင်းချင်းဆိုင်ပြောနေကြတော့တာပေါ့ဗျာ။ ကျုပ်ကတော့သူတို့ပြောတာကိုနားထောင်ပြီး စိတ်မဝင်စားသလိုပဲနေလိုက်တယ်ဗျို့။ ဒီလိုနဲ့ မစ်စတာကယ်လ်ဗင် ဆိုတဲ့လူသေတာခြောက်လ၊ခုနစ်လလောက်ရှိသွားတော့တာပေါ့ဗျာ။ ကျုပ်လည်းပါပါဖြစ်စေချင်တဲ့ဆရာဝန်တစ်ယောက်ဖြစ်အောင် ဆေးဘက်ကိုယူပြီးကြိုးစားနေရတာဗျ။ ပါပါကကျုပ်ကိုပြောတယ်။
"လူကလေးမောင်ဗညို၊ ဒိုက်ပုံကြီးပေါ်မှာပါလာပြီး ဘယ်ကမျှောလာမှန်းမသိတဲ့ လူကလေးကိုအသက်မသေအောင် ပါပါကကယ်ခဲ့သလို မသေသင့်တဲ့လူတွေရဲ့အသက်ကို လူကလေးကကယ်ပေးပါ၊ ဒါဆိုရင်လူကလေးအသက်ကိုကယ်ခဲ့ပြီး လူတစ်လုံးသူတစ်လုံးဖြစ်အောင်ပါပါမွေးခဲ့ရကျိုးနပ်တာပေါ့ လူကလေးရာ"
ကျုပ်ကိုပါပါ မသေသင့်တဲ့လူတွေရဲ့အသက်ကိုကယ်ဖို့ပြောတယ်ဆိုတော့ သေသင့်တဲ့လူတွေမို့သူသတ်တာထင်တယ်လို့ကျုပ်တွေးမိတယ်။ ပါပါကျေးဇူးတွေက ကျုပ်အပေါ်မှာဆပ်လို့မကုန်နိုင်အောင်တင်နေတာဗျ။ ကျုပ်ကိုပါပါကိုယ်တိုင် နို့ဘူးတိုက်ပြီးမွေးလာခဲ့ရတာ။ အခုလိုဆေးကျောင်းတက်တဲ့အထိမွေးကျွေးနေတုန်းလေဗျာ။ ဒါပေမယ့်ကျုပ်စိတ်မကောင်းတာတော့ အမှန်ပဲဗျ။ ပါပါလိုအိန်ဒိယသားလူကုံစိတ်ကုန်သည်တစ်ယောက် ၊တန်တစ်ယောက်၊ ရန်ကုန်မြို့ရဲ့ ထိပ်တန်းစားအလွှာထဲမှာထဲထဲဝင်ဝင် ဝင်ဆံ့တဲ့သူတစ်ယောက်၊ အဂ်လိပ်စကားကိုဘိလပ်သား အဂ်လိပ်တွေထက် သာအောင်ပြောနိုင်တဲ့လူတစ်ယောက်က မှော်လား၊ စုန်းလား၊ ကဝေလားမသိတဲ့ ပညာနဲ့လူသတ်နေတာကို ကျုပ်ဘယ်လိုမှနားမလည်နိုင်တော့ဘူးပေါ့ဗျာ။
ကျုပ်ဆေးကျောင်းတက်နေတဲ့နှစ်ကာလတွေမှာ ပါပါကခြောက်လတစ်ယောက်၊ တစ်နှစ်တစ်ယောက်၊ နှစ်နှစ်တစ်ယောက်ဆိုသလို မျက်နှာဖြူအရာရှိဆိုတွေကို သတ်နေတာဗျ။
ဒီညတော့နွေရာသီဆိုတော့ ပူလိုက်နေတာနဲ့မျက်နှာကြက်ကပန်ကာကိုဖွင့်ပြီးစာဖတ်နေတုန်းအိမ်ပေါ်ထပ်ကအသံသဲ့သဲ့ကြားလို့ ကျုပ်တက်လာပြီးကြည့်လိုက်တာဗျ။ ပါပါပေါ့ဗျာ။ ခါတိုင်းလုပ်နေကျအခန်းထဲမှာပဲ ဖယောင်းတိုင်တွေထွန်းပြီးလုပ်နေပြန်ရောဗျ။ ကျုပ်ချောင်းကြည့်လိုက်တော့ခါတိုင်းလုပ်နေကျရေဇလုံနဲ့ဓားစကြာမဟုတ်ဘူးဗျို့။ ဒီတစ်ခါတစ်မျိုးဗျ။ ပါပါရှေ့မှာလူကို ကားစင်တင်ပြီးသတ်တဲ့လက်ဝါးကပ်တိုင်အသေးစားလေးဗျ။ အဲ့ဒီလက်ဝါးကပ်တိုင်မှာကြိုးတုပ်ပြီး ကားစင်တင်ထားတာကလူပုံစံအရုပ်ကလေးတစ်ရုပ်ဗျ။ ကျုပ်သေသေချာချာကြည့်လိုက်တော့ အဂ်လိပ်တစ်ယောက်ပုံစံဗျ။ အရုပ်မှာဝတ်ထားတဲ့အဝတ်အစားကလည်းဥရောပဝတ်စုံကို သေးသေးလေးချုပ်ပြီးကျကျနနဝတ်ထားတာဗျ။ ရှူးဖိနပ်ကလည်းသေးသေးလေးဗျ။ ဖိနပ်ကိုတိုက်ထားလိုက်တာလည်း ပြောင်လက်နေတာပါဗျာ။ လည်ပင်းမှာနက်ကတိုင်လေးတောင်ပါလိုက်သေးသဗျ။
ဟာ ခေါင်းတလားသေးသေးလေးပါလား။ ကျုပ်ကခုမှမြင်သွားတာဗျ။ လက်ဝါးကပ်တိုင်ရဲ့အောင်ခြေမှာ ချထားတာဗျ။ ကျုပ်စိတ်ထင်ခြောက်လက်မ ခုနစ်လက်မလောက်ရှည်မယ်ထင်တယ်။ လူသေထည့်တဲ့ခေါင်းသေးသေးလေးဗျာ။ ပုံစံကခရစ်ယာန်တွေသေရင် သင်းဂြိုဟ်တဲ့ခေါင်းပုံစံဗျ။ ထိပ်ပိုင်းကကားပြီးနောက်ပိုင်းကရှူးသွားတဲ့ပုံမျိုးလေဗျာ။ အဖုံးကလည်းသေသေချာချာလုပ်ထားတာဗျ။ ခေါင်းတစ်ခုလုံးကိုဆေးနက်သုတ်ထားတာပြောင်လက်နေတာဗျို့။
အပိုင်း(၆)ဆက်ရန်...
မူရင်းရေးသူ =တာတေ

Comments
Post a Comment