ရွှေဂူရှင်မ. အပိုင်း(၃)



ကိုအောင်ပွားက နွားနှစ်ကောင်ကို လှည်း
ကနေ ဖြုတ်လိုက်တယ်။ နွားတင်းကုပ် ဒီ
ဘက်ထိပ်မှာ နွားတွေ ချလိုက်တယ်။ကျုပ်
က နွားစာခွက်ထဲကို စဉ်းပြီးသား ပြောင်း
ရိုးထည့်ပြီး ရေပါ  ထည့်ပေးလိုက်တယ်။
ကျုပ်တို့အညာမှာက လူကိုတင် ဧည့်ခံကြ
တာ မဟုတ်ဘူးဗျ။နွားပါရင် နွားကိုပါ ဧည့်
ခံကြရတာဗျို့။ကိုအောင်ပွားကို အမောပြေ
ဖွာဖို့ နဂါးဆေး ပေါ့လိပ်ကလေး မီးညှိပြီး
တည်လိုက်တယ်။အမေက လက်ဖက်သုတ်
နဲ့ ရေနွေးကြမ်း ချပေးတယ်။ကိုအောင်ပွား
က အဘနဲ့ အမေ့ကို နှုတ်ဆက်တယ်။

"အောင်ပွား မင်းအဘ ကိုဘိုးရင်းနဲ့ မင်း
အမေ မစွာတို့ နေကောင်းကြရဲ့လားကွ၊
မတွေ့တာ အတော်ကို ကြာနေပြီဟေ့"

"နေကောင်းကြပါတယ် ဘိုးဥာဏ်၊ ဘိုး
ဥာဏ်တို့ အရီးတို့ရော နေကောင်းကြရဲ့
လား"

"အေး၊ ကောင်းပါတယ်ကွ၊ နို့ ထနောင်း
ကုန်းကို အလည်လာတာလား၊ ကိစ္စရှိလို့
လား"

"တာတေ့ဆီကို လာတာ ဘိုးဥာဏ်ရဲ့၊
ကိစ္စတစ်ခု ရှိလို့ဗျ"

"သြော်…အေး၊  အေး၊  ကဲ   ဒါဆို မင်းတို့
ညီအစ်ကိုနှစ်ယောက် ပြောကြဆိုကြ၊ ဘိုး
ဥာဏ်နဲ့ မင်းအရီးက တောင်ပိုင်းက ကိုညို
တို့ အိမ်ကို ခဏသွားလိုက်ဦးမယ်၊  ကိုညို
တို့အိမ်မှာ ဘုန်းကြီးဆွမ်းကပ်ရှိလို့ ဖိတ်
ထားတာ၊ မသွားလို့ မကောင်းဘူးဟေ့"

အဘနဲ့ အမေက ဝိုင်းက ထွက်သွားကြ
တယ်။ ကျုပ်လည်းကိုအောင်ပွားကို မေး
လိုက်မိတယ်။

"ကိုအောင်ပွား၊ ကျုပ်ဆီကိုလာတာ ဘာ
ကိစ္စရှိလို့တုံးဗျ"

ကိုအောင်ပွား ဆိုတဲ့လူက ကျုပ်ထက်
ဆယ်နှစ်၊ ကိုးနှစ်လောက် ကြီးလိမ့်မယ်
ထင်တယ်၊ လူပုံက ပိန်ပိန်ရှည်ရှည်ကြီး
ဗျ။လက်မနှစ်ဖက်စလုံးမှာ လက်ပွားလေး
တွေနဲ့ဗျ။ ဒီလူက လွှတ်သဘောကောင်း
တာဗျာ။ဆပ်သမြှောင်က သာရေး နာရေး
ဆိုရင် ကိုအောင်ပွား မပါလို့ ပြီးတာ
မဟုတ်ဘူးဗျ။

"ဒီလို တာတေရေ၊ ငါတို့ ဆပ်သမြှောင်
တောင်ကျောင်းက ဆရာတော် ဦးဥတ္တမ
ကို မင်း သိတယ်မို့လား"

"ဟာ သိတာပေါ့ ကိုအောင်ပွားရဲ့"

"အေး၊ ဆရာတော် လွှတ်လို့ ငါလာတာ
ကွ၊ ဆရာတော့်ကျောင်းမှာ ရသေ့နှစ်ပါး
ရောက်နေတယ်"

"ရသေ့ ဟုတ်လား၊ ဘယ်က
ရသေ့တွေတုံးဗျ"

"ဘယ်က ရသေ့လဲတော့ ငါလည်း  မသိ
ဘူးကွ၊ဆရာတော် ဦးဥတ္တမနဲ့တော့ တော်
တော်ရင်းနှီးပုံပဲ၊   ရသေ့ကြီးရဲ့ဘွဲ့က  ဦး
ဘောဂတဲ့ကွ၊ ရသေ့အငယ်လေးရဲ့ဘွဲ့က
ကိုသောမတဲ့၊ရသေ့ကြီးက အသက်ငါးဆယ်
ကျော်လောက်ရှိမယ်၊ ရသေ့လေးသောမက
အသက်နှစ်ဆယ်ကျော်လောက်ပဲ ရှိမယ်ကွ
တာတေရ"

"သူတို့ ခင်ဗျားတို့ ဆပ်သမြှောင်ကို ဘာ
လာလုပ်တာတုံးဗျ"

"သိုက်တူးမလို့တဲ့ကွ တာတေရ"

"ဘာဗျ၊ သိုက်တူးမလို့ ဟုတ်လား၊ ဘယ်
က သိုက်တုံး"

"ပြာဒါးပြာသိုက်လို့ ပြောတာပဲကွ၊ ဘယ်
မှာရှိနေတာတော့ ငါလည်း မသိဘူး၊  ဒီ
သိုက်ကို ဖွင့်ဖို့အတွက်က စနေသား တစ်
ယောက် လိုနေတယ်တဲ့ကွ"

"ဗျာ၊ စနေသား လိုနေတယ် ဟုတ်လား
ကိုအောင်ပွား၊ ခင်ဗျားတို့ ဆပ်သမြှောင်
မှာ စနေသားတွေ အများကြီးပါဗျာ၊ တင်
ကြွေတို့ တင်ငွေ ညီအစ်ကိုလည်း စနေ
သားတွေပဲဗျ"

"ဟာ မဟုတ်ဘူးကွ၊ လူတိုင်းခေါ်လို့ မရ
ဘူးတဲ့ တာတေရ၊ လွှတ်သတ္တိရှိပြီး လွှတ်
သစ္စာရှိရမှာဆိုပဲကွ။ ဆရာတော်က မင်း
အကြောင်း ပြောပြလိုက်တော့ ရသေ့ကြီး
ဦးဘောဂက ချက်ချင်းခေါ်ပေးပါလို့ ပြော
တာနဲ့ ငါလာခေါ်တာကွ"

ဒါမျိုးတွေက ကျုပ် ကြုံခဲ့ဖူးပါတယ်။ အဘ
နဲ့ အမေပြန်လာတော့ အကျိုးအကြောင်း
ပြောပြီး ကိုအောင်ပွားရဲ့ လှည်းနဲ့ ဆပ်သ
မြှောင်ကို ကျုပ် လိုက်ခဲ့တယ်။ ရသေ့ကြီး
ဦးဘောဂရဲ့ဥပဓိရုပ်ကို  မြင်တော့ ကျုပ်
သဘော ပေါက်တယ်ဗျ။   ရသေ့ကြီးဟာ
တစ်ခုခုကို လုပ်တော့မယ်ဆိုရင်  မဆုတ်
မနစ် လုပ်မယ့်ရုပ်မျိုးဗျ။ ဒါပေမဲ့ ရသေ့ကြီး
ရဲ့ မျက်လုံးတွေက နည်းနည်းပြူးနေတယ်။
ဒါဟာ အလိုလောဘကြီးတဲ့သဘောကို ပြ
တာဗျ။ သူ့တပည့် ရသေ့သောမကတော့
ငယ်လည်း ငယ်တယ်၊ အသိဥာဏ်လည်း
နည်းမယ်ပုံပဲဗျ။

"ဒကာလေး တာတေ၊ ကျုပ်ကို ကူညီ
ပါကွယ်"

ရသေ့ကြီး ဦးဘောဂက ကျုပ်ကို အကူအ
ညီတောင်းတာဗျ။ ဆရာတော် ဦးဥတ္တမက
လည်း ကျုပ်ကို ကူညီဖို့ ပြောတယ်ဗျ။

"နေပါဦး ဘရသေ့ကြီးရဲ့၊ အခု တူးမယ့်
သိုက်က ဘာသိုက်တုံး၊ ဘရသေ့က ဘာ
ကို လိုချင်လို့ တူးမှာတုံး"

ကျုပ်က တည့်ပဲ မေးလိုက်တယ်ဗျ။

"ဘရသေ့ အခုတူးမယ့်သိုက်က ပြဒါးပြာ
သိုက်ကွဲ့၊ ဘရသေ့က ရွှေ၊ ငွေ၊ ကျောက်
သံပတ္တာမြား ဘာမှမမက်မောဘူးကွဲ့၊ ပြ
ဒါးပြာပဲ လိုချင်တာ၊ အဲဒီပြာဒါးပြာ ရရင်
ရွှေလိုချင်ရွှေ၊ ငွေလိုချင်ငွေ ဖြစ်မယ်၊ပြီး
တော့ ဘရသေ့  ထွက်ရပ်ကြွလို့ရမယ်၊
ဒကာလေး တာတေ"

ကျုပ်လိုက်ခဲ့ပါမယ်လို့ ကတိပေးလိုက်တယ်။
အဲဒီည  ဆပ်သမြှောင် တောင်ကျောင်းမှာ
တစ်ည အိပ်ပြီး မနက်စောစော ခရီးထွက်ခဲ့
တယ်။ အလယ်ရိုးမပေါ်ကို ကျုပ်တို့ရောက်
တော့ ဘရသေ့ကြီးကသူ့ရဲ့ဆေးတောင်ဝှေး
ကြီးကို ထောက်ရင်း ထောက်ရင်းနဲ့ ရှေ့က
ကြွတယ်။  သူ့နောက်က  ကျုပ်က လိုက်ရ
တယ်။ ကျုပ်နောက်ကမှ ရသေ့လေး သော
မက လိုက်လာတယ်။

တောထဲရောက်ကတည်းက ရသေ့သောမ
က ဘုရားဂုဏ်တော်ကို မပြတ်ရွတ်တော့
တာပဲဗျ။ညရောက်တော့ ညောင်ပင်အကြီး
ကြီးနှစ်ပင် ပေါက်နေတဲ့ကြားက ကျောက်
ဖျာပေါ်မှာ ကျုပ်တို့ အိပ်ကြတယ်။  ကျုပ်
တို့ ဆိုတာက ကျုပ်နဲ့  ရသေ့သောမရယ်
ပေါ့ဗျာ။ ဘရသေ့ကြီး ဦးဘောဂကတော့
တစ်ညလုံး ပုတီးထိုင်စိပ်နေတာဗျ။ လက
လည်း တစ်တောလုံး၊တစ်တောင်လုံး လင်း
နေအောင်ကို သာနေတာဗျ။

မနက်မိုးလင်းတော့ ရသေ့ကြီးက ကျုပ်နဲ့
ရသေ့သောမကို နှိုးပြီး ကောက်ညှင်းကျည်
တောက် အဆာပြေ ကျွေးတယ်။

အပိုင်း(၄)ဆက်ရန်..

မူရင်းရေးသားသူ = တာတေ

Comments

Popular posts from this blog

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၃)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၅)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၆)