တတိယမျက်လုံး အပိုင်း(၄)



"သြော် မောင်တာတေက ဒါမျိုးတွေကို
တော်တော်လေး စိတ်ဝင်စားတာကိုး၊
တတိယမျက်လုံးက ကျုပ် ပဉ္စင်းမဖြစ်ခင်
ကိုရင်ဘဝမှာကတည်းက ရခဲ့တာပါကွယ်
ဒီတုန်းက ကျုပ်အသက် ဆယ်ခြောက်နှစ်ပေါ့၊
ကိုရင်ပဲ ရှိသေးတာ။ ကျုပ်ဘွဲ့က တိလောကတဲ့ကွယ့်၊
ကိုရင်တိလောကပေါ့ကွာ၊တစ်ရက်တော့
တိဘက်လာမာနဲ့ ကျုပ်ကို ခေါ်လာတဲ့
ဆရာတော်က ကျုပ်ကို ပြောတယ်။
ပြောရဦးမယ်။ ကျုပ်ကို ခေါ်လာတဲ့
ဆရာတော်က အရှင်သြဘာသတဲ့။
ကျောင်းတိုက်ကြီးရဲ့ အချုပ် ဆရာတော်ကြီးက
မွန်ဆရာတော်ကြီး ရှင်ဗားမော့တဲ့ကွယ့်။
တခြားဘုန်းကြီးဆယ်ပါးလောက်လည်း
ရှိသေးတယ် ။ အရှင်သြဘာသက 
ဘာပြောလဲဆိုတော့ …

'တိလောက ဒီည မင်းကို တတိယမျက်လုံး
ဖွင့်ပေးရတော့မယ်ကွယ့်၊ ညနေစောင်းရင်
မင်းကို ဘုန်းကြီးတွေ လာခေါ်လိမ့်မယ်။
မင်း သူတို့နဲ့ လိုက်ခဲ့ တိလောက ကြားလား'

'မှန်ပါ့ဘုရား'

လို့ ကျုပ်က ပြန်လျှောက်လိုက်ရတယ်။
သူတို့ ခဏပြောနေတဲ့ တတိယမျက်လုံးဆိုတာကို
ကျုပ်လည်း တော်တော်ကို စိတ်ဝင်စားနေတာကွယ့်၊
အခုအချိန်အထိ ကျုပ်က စာတွေပဲ သင်နေရတာ
ပထမကြီးတန်းတော့ ကျုပ်အောင်မြင်ထားပြီးကွယ့်။
ဒီကျောင်းတိုက်ကြီးမှာပဲ ကျုပ်က စာမေးပွဲဖြေရတာ။
ကျုပ်ကို စာချပေးတဲ့ဘုန်းကြီးရှိတယ်။

စာမေးပွဲ မေးခွန်းထုတ်ပြီး စစ်တဲ့ ဘုန်းကြီးရှိတယ်။
ပရိတ္တိသင်ပေးသလို သမထထိုင်ဖို့ စနစ်တကျ
သင်ပေးတဲ့ ဘုန်းကြီးလည်း ရှိတယ်ကွ။
ဒါပေမဲ့ တတိယမျက်လုံး ရပြီရင်တော့
ပညာအသစ်တွေ သင်ရတော့မယ်လို့
ပြောထားတယ်၊ ညနေစောင်းလောက်မှာ
ဘုန်းကြီးသုံးပါး ကျုပ်ကို လာခေါ်ကြတယ်
ကျောင်းကြီးက ဘုံငါးဆင့်ရှိတဲ့ ကျောင်းကြီးကွ။
ကျုပ်ကို ဘုံသုံးဆင့်အထိ ခေါ်လာကြတယ်

ဒေါက် ဒေါက်

ရှေ့ဆုံးက ဘုန်းကြီးက တံခါးကို နှစ်ချက်
ဆင့်ခေါက်လိုက်တော့ …

'တွန်းဖွင့်ပြီး ဝင်ခဲ့ '

ရှေ့ဆုံးက ဘုန်းကြီးကပဲ တံခါးကို တွန်းဖွင့်ပြီး
ဝင်သွားတယ်။ ကျုပ်က သူ့နောက်ကပေါ့။
ဟာ အတော်ကျယ်တဲ့အခန်းပဲကွယ့်၊
အခန်းထဲမှာ ဆေးမြစ်၊ ဆေးဥ မျိုးစုံ၊
လူအရိုးစုပုံ ကားချပ်တွေ ၊ ပြီးတော့ ကုတင်
နှစ်လုံးတွေ့ရတယ်။

'တိလောက လာ၊ ဒါ ကျုပ်အခန်းပဲကွယ့်၊
နောက်တော့ မင်းအခန်း ဖြစ်လာမှာပေါ့လေ။
ဒီအခန်းထဲမှာပဲ မင်း ဆေးပညာ သင်ရမှာကွယ့်'

ခဏနေတော့ တိဘက်လာမာကြီး ဝင်လာတယ်။
သူ့လက်ထဲမှာ သေတ္တာလေးတစ်လုံး ပါလာတယ်။
ကတ္တီပါအနက်စနဲ့ ပတ်စီးထားတော့ အထဲက
သေတ္တာကို မမြင်ရဘူးကွ။ခဏနေတော့
ကျောင်းတော်ကြီးရဲ့ အချုပ်ဆရာတော်ကြီး
ရှင်ဗားမော့ကိုယ်တိုင်ကြွလာတယ်။

ရွှေချထားတဲ့တောင်ဝှေးကြီး တဒေါက်ဒေါက်
ထောက်လို့ကွယ့်။ ဆရာတော်ကြီးလည်း
ကြွလာရော ကျုပ်ကို ခေါ်လာတဲ့ ဘုန်းကြီးတွေက
ဆရာတော်သုံးပါးကို ကန်တော့ပြီး အခန်းကြီး
ထဲက ထွက်သွားကြတယ်။ ဆရာတော်ကြီး
ရှင်ဗားမော့က ကနုတ်ပန်းတွေဖော်ထားတဲ့
ကုလားထိုင်မှာ ဝင်ပြီးထိုင်တယ်

'ကဲ လာမာက မင်းပစ္စည်းတွေ ပြင်ထား၊
သြဘာသကလည်း မင်းလုပ်ရမှာ လုပ်တော့ '

လို့ ဆရာတော်ကြီး ရှင်ဗားမော့က အမိန့်ပေးလိုက်တာနဲ့
 တစ်ပြိုင်နက်ဆရာတော် ရှင်သြဘာသ အခန်းတံခါးကို
ထပြီးဂျက်ထိုးလိုက်တယ်။ လာမာကြီးက သူ့ရဲ့
အနက်ရောင်ကတ္တီပါစကို ဖြည်ချလိုက်တယ်။
ဟာ ရွှေသေတ္တာလေးပါလား။ အထဲက 
ရွှေသေတ္တာလေးထွက်လာတယ်ကွယ့်။

လာမာကြီးက ရွှေသေတ္တာကို ဖွင့်လိုက်တော့
အထဲမှာ လက်လှည့်လွန်သွားတွေကွ။
လက်ပွတ်စူးလိုဟာလေးတွေလည်းပါတယ်။
နေလုံးကြီး ဝင်သွားပြီး မှောင်သွားတဲ့အချိန်မှာ
အခန်းထဲက မီးတိုင်တွေကို ဆရာတော်
အရှင်သြဘာသက ထွန်းလိုက်တယ်
တစ်ခန်းလုံး လင်းထိန်သွားရောကွယ့်။

'ကဲ အချိန်ကျပြီ၊ အလုပ်စကြတော့ '

ကျုပ်ကို ကုတင်ပေါ်မှာ လှဲခိုင်းတယ်။
ခေါင်းအုံး မပါဘူးကွ။ 

'တိလောက ငါပြောတာတွေကို မင်း သေသေချာချာ
နားထောင်နော်၊ ဒီအလုပ်က မေ့ဆေးပေးပြီး
မလုပ်ရဘူး၊ အိပ်မွေ့ချပြီး မလုပ်ရဘူး။
ဒါကြောင့် မင်းကို ထုံဆေးနဲ့ပဲ လုပ်ရမယ်။
နည်းနည်းတော့ နာချင်နာလိမ့်မယ်။
ဘယ်လောက်နာနာ မင်းမအော်ရဘူး။
မရုန်းရဘူး။ ခေါင်းကို နည်းနည်းလေးတောင်
မလှုပ်ရဘူး ကြားလား တိလောက'

'ကြားပါတယ်ဘုရား'

ဆေးရွက်မျိုးစုံ ရောပြီးထောင်းထားတဲ့
ဆေးရွက်စုံအထုပ်ကို ပိတ်ပါးလေးနဲ့
ထုတ်ပြီး ကျုပ်ရဲ့ နဖူးပေါ်မှာ တင်ပေးတယ်
နဖူးအစပ်က မျက်လုံးနှစ်လုံးကြားမှာ အုပ်ပြီး
တင်ပေးတာ။ ဆေးထုပ်က တင်ရင်းနဲ့ ပူလာတယ်။
အဲဒီအပူရှိန်က ကျုပ်ရဲ့ နဖူးပြင် တစ်ခုလုံး
ပူပြီး ထုံထုံကြီး ဖြစ်သွားတယ်။

'ကဲ ရလောက်ပြီ'

ဆရာတော်ကြီးက အမိန့်ရှိလိုက်တော့
ထုံဆေးထုပ်ကို ဖယ်ပစ်လိုက်တယ်။
လာမာကြီးက သူ့ရဲ့ ရွှေသေတ္တာထဲက
လွန်ကလေးတစ်ခုကို  ယူလိုက်တယ်
အဖျားမှာ လွန်သွားတော့ မဟုတ်ဘူးကွ။
လခြမ်းပုံ အပြားလေးကွယ့်။လွှသွားလို့
အသွားလေးတွေ ပါတယ်။မျက်ခုံးရိုး
နှစ်ခုရဲ့ကြားတည့်တည့်ကို တင်လိုက်ပြီး
လွန်လက်ကိုင်လေးကို လှည့်တယ်

ဒီအချိန်မှာပဲ ဗားမော့ဆရာတော်ကြီးက
မန္တန်ရွတ်သံကြီးက တစ်ခန်းလုံးကို 
ဟိန်းနေတာကွ၊ မန္တန်တွေကို နားမလည်ပေမဲ့
ဆရာတော်ကြီးရဲ့ မန္တန်ရွတ်တဲ့အသံက
နားထောင်လို့ ကောင်းလွန်းလို့ ကျုပ်မှာ
အဲဒီအသံကို လိုက်ပြီးနားထောင်နေရတာနဲ့
နာသလား၊ မနာဘူးလားတောင် မသိတော့ဘူးကွ။

လာမာကြီးကတော့ ကိရိယာလေးတွေ တစ်ခုပြီး
တစ်ခုသေတ္တာထဲက ထုတ်ယူပြီး လုပ်နေတာကွယ့်။
ကျုပ်ရဲ့ ဆရာတော် အရှင်သြဘာသကလည်း
ဘေးကနေ ကြည့်နေတယ်။

'တိလောက မရုန်းနဲ့နော်၊ မရုန်းနဲ့ '

အပိုင်း(၅)ဆက်ရန်...

မူရင်းရေးသူ = တာတေ

Comments

Popular posts from this blog

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၃)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၅)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၆)