တစ္ဆေ့မယား အပိုင်း(၅)



"ကဲ ဒီလိုလုပ်ကွာ ။ ငါ လေးလေးချက်ကြီးကို
အကျိုးအကြောင်း ပြောထားမယ် မင်း ညဆယ်နာရီထိုးရင်
ငါ့ဆီ လာခဲ့။ ဒီအကြောင်းက လူသိခံလို့ မဖြစ်ဘူးနော် ကျောက်ခဲ"

"ကျုပ် သိတယ် ကိုကြီးတာတေ"

ညကျတော့ ကျောက်ခဲ ရောက်လာတယ်
ကျုပ်က မျက်ကွင်းဆေးကွင်းပြီး စောင့်နေတာဗျ။
ကျုပ်တို့ လေးလေးချက်ကြီးတို့ဝိုင်းကို ရောက်တော့
ဝိုင်းတံခါးကို မပိတ်ဘဲ လေးလေးချက်ကြီးက
ဖွင့်ပေးထားတယ်။

ကျုပ်နဲ့ ကျောက်ခဲ ဝိုင်းထဲကို လှစ်ခနဲ ဝင်ပြီး
ဝိုင်းရဲ့ တောင်ဘက် စည်းရိုးကိုကပ်ပြီး နေရာရှာလိုက်တယ်
သရက်ပင်ပုလေးအောက်က မှောင်နေတော့ ကျုပ်တို့
အဲဒီအောက်ကိုဝင်ပြီး ကပ်လိုက်တယ်

ပြီးတော့ ခြံစည်းရိုးပေါက်ကနေ ဘထွေးထွန်းကြည်တို့
ဝိုင်းကို ချောင်းကြည့်ကြတယ်။ ကျောက်ခဲကတော့
ကြည့်တာပဲ ရှိတာပေါ့ဗျာ။ ဘာမြင်မှာတုံး။

ကျုပ်လည်း ဘာမှတော့ မမြင်သေးဘူးဗျ။

ညသန်းခေါင်ကျော်လောက်ကျတော့ အစ်မခင်စိန်ရီတို့
အိမ်လေးထဲက လူတစ်ယောက် ထွက်လာတယ်
ဟာ ကိုသိန်းမောင်ကြီးဗျာ။ ခါတိုင်းလိုပဲ အဝတ်အစား
သပ်သပ်ရပ်ရပ်နဲ့ဗျို့။ ဟော ဟော ဝိုင်းထဲဆင်းလာပြီ။

ဟိုကြည့် သည်ကြည့် လုပ်နေတယ် ကျုပ်တောင်
လန့်ပြီး နောက်ကို ကွယ်လိုက်တယ်။

ပြီးတော့မှ ပြန်ကြည့်လိုက်ရတယ် ။ နှမ်းအိတ်တွေကို
မ,မပြီး ထပ်နေတာဗျို့။ ပျဉ်ပြားတွေလည်း မ,ပြီး
သေသေချာချာ ခင်းနေတာဗျ။

ဟော ကိုသိန်းမောင်ကြီး ထိုင်ချလိုက်ပြီး ဟာ
စကောတစ်ချပ် ယက်နေတာဗျို့။ ဒီလူက ဟိုတုန်းကတည်းက
စကော ။ စကာ ယက်တာ သိပ်ကောင်းတယ်လို့
ပြောသံကြားဖူးတယ်။

ဟာ အိမ်တံခါး ပွင့်လာပြန်ပြီဗျို့။ ဟာ အစ်မခင်စိန်ရီ
အိမ်ထဲက ထွက်လာတာဗျို့။ ဟော ကိုသိန်းမောင်ကြီးဆီကို
တန်းသွားတာဗျ။ ဟာ ကိုသိန်းမောင်ကြီးဘေးမှာ
ဝင်ထိုင်ပြီး စကာကူယက်ပေးနေတာဗျ။

လင်မယားနှစ်ယောက် စကားတပြောပြောနှင့်
အလုပ်လုပ်နေကြတာဗျ။ ဒါပေမဲ့ စကားကတော့
ခပ်တိုးတိုးပြောကြတာဗျ။ ကျုပ် မကြားရဘူး။
ကျောက်ခဲက ကျုပ်ကို လက်ကုတ်ပြီး မေးငေါ့ပြတယ်။
ကျုပ်က ခေါင်းပြန်ညိတ်ပြလိုက်တယ်။

တစ်နာရီလောက်ကြာတော့ စကောပြီးသွားပြီဗျ။

ဟော လင်မယားနှစ်ယောက် အတူတူထလာပြီး
အိမ်ကလေးဆီကို ပြန်လာပြီဗျို့။ ဟာ ကိုသိန်းမောင်က
အစ်မခင်စိန်ရီရဲ့ ပခုံးလေးကို ဖက်လိုက်လို့ဗျ။

သူတို့နှစ်ယောက် အိမ်ပေါ်ကို တက်သွားကြတော့မှ
ကျုပ်နဲ့ ကျောက်ခဲ ပြန်လာကြတယ်။ လေးလေးချက်ကြီးတို့
ဝိုင်းတံခါးကိုလည်း ကျုပ်တို့ သေသေချာချာ
ပိတ်ထားလိုက်တယ်။

"ဘယ်လိုတုံး ကိုကြီးတာတေ မြင်လားဗျ"

"ငါမြင်တယ် ကျောက်ခဲ။ ကိုကြီးသိန်းမောင်က
ကျွတ်မှ မကျွတ်ဘဲကိုး။ ဒါပေမဲ့ သူက တခြားတစ္ဆေတွေလို
မဟုတ်ဘူးကွ။ လူအတိုင်းပဲကွ ကျောက်ခဲရ"

"ဒါဆိုရင် အစ်မခင်စိန်ရီနဲ့ ဆက်ပြီးပေါင်းသင်းနေကြတာပေါ့
ဟုတ်လား"

"အေး ဒါတော့ သေချာတာပေါ့ကွာ။ သူတို့နှစ်ယောက်
လူ့ဘဝတုန်းကလိုပဲ အတူတူနေနေကြတာကွ။
ကိုကြီးသိန်းမောင်ကလည်း ဘထွေးထွန်းကြည်ကို
အလုပ်တွေအာလုံး ကူလုပ်ပေးနေတာပဲ။
ယာတောင်ထွန်ပေး နှမ်းပုတ်ပေးဆိုတော့
လူအတိုင်းပဲပေါ့ကွာ။ ဒါပေမဲ့ သူ့မိန်းမတစ်ယောက်ပဲ
သူ့ကို မြင်ရတွေ့ရ စကားပြောလို့ ရပုံပဲကွ"

"ဒါဆိုရင် ကြက်ငတိုးနဲ့ ဇိုးငသောင်းကို သတ်ပစ်တာ
ကိုသိန်းမောင်ကြီးပဲ ဖြစ်မှာပေါ့ဗျ"

"ဒါကတော့ မပြောနိုင်သေးဘူးကွ ကျောက်ခဲရ။
ငါ ဒီည မဖဲဝါကို မေးမယ်"

"ဒါဆိုရင် ကျုပ်မီးလောင်ကုန်းက ဒေါ်တုတ်ကို
သွားခေါ်ရမလား"

ကျောက်ခဲက ကျုပ်ကို မေးတယ် ။

"ဟာ မခေါ်နဲ့ ကျောက်ခဲရ ။ ဒီကိစ္စက လူသတ်မှုတွေနဲ့
ဆက်ရင် ဆက်နေမှာ။ လူသိခံလို့ မဖြစ်ဘူးကွ။
ငါ ဖဲဝါရဲ့ ကိုယ်ခွဲရုပ်ကလေးကနေပြီးတော့ပဲ
မေးလိုက်မယ်"

"ဘာဗျ။ မဖဲဝါရဲ့ ကိုယ်ခွဲရုပ် ဟုတ်လား ကိုကြီးတာတေ။
ကျုပ်လည်း တစ်ခါမှ မမြင်ဖူးပါလားဗျ"

"အဲဒီကိုယ်ခွဲရုပ်က ဘယ်သူ့ကိုမှ ပြလို့မရဘူးကွ
ကျောက်ခဲရ"

"သြော် ဒီလိုလား"

ကျုပ် ကျောက်ခဲကို လိုက်ပို့ပြီး ပြန်လာခဲ့တယ်
အိမ်ရောက်တော့ မဖဲဝါကိုယ်ခွဲရုပ်ကလေးကို
ထုတ်ယူပြီး မဖဲဝါကို ပြောလိုက်တယ်

"သင်္ချိုင်းရှင်မကြီး မဖဲဝါ။ ကျုပ် တာတေက
ရိုသေစွာ ပင့်ဖိတ်ပါတယ် ကျုပ်တို့ရွာမှာ
အင်မတန် ထူးဆန်းတဲ့ အဖြစ်အပျက်ကြီး ဖြစ်နေလို့
ကျုပ်ကို အိပ်မက်ထဲမှာ တွေ့ခွင့်ပေးပါဗျာ"

ကျုပ်က မဖဲဝါရဲ့ ကိုယ်ခွဲရုပ်ကလေးကို ခေါင်းအုံး
အောက်မှာ ထည့်ပြီး အိပ်လိုက်တယ်။လေတွေ
တအားတိုက်နေတာဗျို့။သစ်ရွက်တွေကို
လေတိုးတဲ့ အသံကြီးတွေကိုက ကြောက်စရာကြီးဗျာ။
ကျုပ်ဆံပင်တွေဆိုတာ လေထဲမှာ ထောင်တောင်နေတယ်ဗျို့။
လေကလည်း လေအေးကြီးဗျ။

ကျုပ်ဖြင့်  ခဏအတွင်းမှာတင် ချမ်းတောင်လာတယ်ဗျာ။

"တာတေ "

မဖဲဝါရဲ့ အသံဗျ။ ဟိုကောင်မလေးရဲ့အသံဗျို့။
ကျုပ်လိုက်ကြည့်တော့ ခါတိုင်းလိုပဲ ဆယ့်နှစ်ရာသီ
အဝါပင်ကြီးအောက်မှာ ရပ်လို့ဗျ။

မဖဲဝါက ကျုပ်လန့်မှာစိုးလို့ ကျုပ်နဲ့ ရွယ်တူလောက်
ခါတိုင်းတွေ့နေကျကောင်မလေးပုံ ဖန်ဆင်းပေးထားတယ်
သူ့ရဲ့ဆံပင်မှာ ဆယ့်နှစ်ရာသီပန်းအဝါလေး တစ်ပွင့်ကို
ပန်ထားတယ်။

ထူးဆန်းတာကတော့ လေတွေ တဝေါဝေါ တိုက်နေပေမယ့်
မဖဲဝါရဲ့ ဆံပင်တွေ အဝတ်အစားတွေက လုံးဝမလှုပ်ဘူးဗျ။

အပိုင်း(၆)ဆက်ရန်..

မူရင်းရေးသားသူ = တာတေ

Comments

Popular posts from this blog

ခေါ်၍ လိုက်လာရပါသည် (အပိုင်း ၂)

ခွေးနက်ကြီးနှင့်သိုက်စောင့်သရဲ အပိုင်း(၃) ဇာတ်သိမ်းပိုင်း

စုန်းထီး အပိုင်း(၁)