တတိယမျက်လုံး (ဇာတ်သိမ်းပိုင်း)
"ဒီအထိတော့ မောင်တာတေ မသိချင်ပါနဲ့ကွယ်
ကျုပ် သိချင်တာ နည်းနည်းများသွားပြီဆိုတာ
သိလိုက်လို့ ပါးစပ်ကို စေ့ထားလိုက်ရတယ်။
အဘိုးထိန်ဟာ သူ့အဖေ သူကြီးဦးဘိုးဆင်ရဲ့
ငယ်သူငယ်ချင်းဆိုတာ ယုံကြည်သွားတဲ့
ကျုပ်တို့ သူကြီးက အဘိုးထိန်ကို သူ့အိမ်မှာ
ပျော်သလောက်နေဖို့ ပြောတယ်ဗျ။
"သိပ်ကြာကြာတော့ နေလို့မရပါဘူး
လူကလေး မောင်ဘိုးထင်၊ ကျုပ်မှာ
သွားစရာကိစ္စတွေ ရှိနေတယ်ကွယ့်။
ဒါပေမဲ့ ကျုပ် တစ်လလောက်နေပြီး
ဟောဒီရွာနဲ့ အနီးအနားရွာတွေကို
လှည့်သွားလာပြီး ဆေးဝါးကုသပေး
ချင်တယ်ကွယ်"
"ဟာ စိတ်ချပါ အဘိုး၊ ကျုပ် လိုက်ပို့ပေးပါမယ်"
လို့ ကျုပ်က တက်တက်ကြွကြွ ပြောလိုက်တော့
သူကြီးက သူ့အိမ်ကလှည်းနဲ့ လိုက်ပို့မယ်
အကြောင်းနဲ့ ဆယ်အိမ်ခေါင်းကိုဆယ်က
လှည်းမောင်းရမယ်လို့ အမိန့်ထုတ်သဗျ
နောက်နေ့မှာ ထနောင်းကုန်းရွာထဲက
မကျန်းမာတဲ့သူတွေကို အဘိုးထိန် ဆေး
စကုပေးတယ်
ကျုပ်အဘလည်း မျက်စိပြလို့ အဘိုးက
မျက်စဉ်းရော၊ စားဆေးရော ပေးတယ်။
အဘလည်း ချက်ချင်းကို သက်သာ
သွားတာဗျ။ နောက်နေ့ရောက်တော့
ဘန့်ဘွေးကုန်းသူကြီးအိမ်မှာ ထိုင်ပြီး
ဆေးကုတယ်။ နောက်နေ့ မီးလောင်ကုန်း၊
နောက်တစ်နေ့ ကျုပ်တို့ရွာ၊ ဒီလိုနဲ့
အဘိုးထိန်က တစ်လလောက်
ဆေးကုပေးတော့ တခြားရွာတွေပါ
သတင်းကြားပြီး လာလိုက်ကြတာဗျာ။
ကျုပ်ကတော့ အဘထိန်ဘေးမှာ
လိုလေးသေးမရှိအောင်
ဆောင်ရွက်ပေးရတာပေါ့ဗျာ။
အဘိုးထိန်က ဆေးကုရင်း လူတွေရဲ့
အနာဂတ်ကို ပြောပြတယ်။ ဆုံးမသင့်တဲ့
လူတွေကိုလည်း ဆုံးမတတ်ဗျ။ တချို့ရွာတွေမှာ
ကျတော့ အဘိုးထိန်က ကုသိုလ် အကုသိုလ်ကို
ခွဲခြားသိဖို့ တရားဟောတယ်ဗျ။ အဘိုးထိန်က
အသက်ရှစ်ဆယ်အထိ ရဟန်းဝတ်နဲ့
နိုင်ငံတော်တော်များများကို လှည့်ပြီး
သွားလာခဲ့တာဆိုတော့ တရားဟော
အလွန်ကောင်းတာဗျ။
လူတွေက အဘိုးထိန်ကို ငွေတွေ ကန်တော့ကြတယ်
အဘိုးထိန်က တစ်ပြားတစ်ချပ်မှ လက်မခံဘူးဗျ။
ဘယ်ရွာက ဘယ်အိမ်မှာပဲ ထမင်းကျွေးကျွေး
အဘိုးထိန်က ထမင်းကိုးလုတ်ပဲ စားတယ်။
ပုဗ္ဗာရုံကျောင်းက ကျုပ်ဆရာတော် ဦးဂုဏကိုလည်း
ဆေးဝါးကုသပေးပြီး သမထ အားထုတ်ပုံ
အားထုတ်နည်းကို သေသေချာချာ
သင်ပေးတယ်ဗျာ။
တစ်လကျော်ကျော်လောက်နေပြီးတော့
ဘယ်လိုမှ တောင်းပန်လို့ မရတော့ဘူးဗျ
အဘိုးထိန် ပြန်သွားတယ်။
"အဘိုး ဘယ်ကို သွားမှာတုံးလို့ "
လှည်းပေါ်မှာ ကျုပ်က မေးတယ်။ အဘိုးကို
မြို့ရောက်အောင် ကျုပ်က လှည်းနဲ့ လိုက်ပို့တာ
လေဗျာ။ကျုပ်မေးတော့ အဘိုးထိန်က
ပြောတယ်ဗျ။
"ကျုပ် ဒီတစ်ခါ တိဘက်ကို သွားရလိမ့်မယ်
မောင်တာတေ၊ နည်းနည်းတော့ ကြာလိမ့်မယ်၊
နောက်တော့ အဘိုးတို့ ဆရာတပည့်တွေ
ပျော်ပျော်ရွှင်ရွှင် ပြန်တွေ့ကြမှာပေါ့ကွာ"
ဒီစကားက အဘိုးထိန်က ကျုပ်ကို နောက်ဆုံး
ပြောခဲ့တဲ့ စကားပဲဗျ။ ခုချိန်အထိတော့
အဘိုးထိန်နဲ့ ကျုပ်နဲ့ တစ်ခါမှ ပြန်မတွေ့ကြ
သေးပါဘူးဗျာ။
ပြီးပါပြီ
မူရင်းရေးသူ =တာတေ

Comments
Post a Comment