ဓားစကြာ အပိုင်း(၁)
တာတေလည်းသွေးနဲ့သားနဲ့ဖွဲ့စည်းထားတဲ့ကောင်ပဲဗျ။ ဒါပေမယ့်တစ်ခုတော့ခက်သားဗျ။ ကျုပ်ဆိုတဲ့ကောင်ကမဖြစ်ရင်သာမဖြစ်တာဗျ။ ဖြစ်ပြီဆိုရင်တော့မချိမဆန့်ကြီးပဲဗျို့။ ကျုပ်ဆယ်နှစ်သားလောက်ကလည်းဝမ်းလျှောလို့မြို့က ဆေးရုံမှာသုံးရက်သွားပြီးတက်ခဲ့ရသေးတယ်။ အခုလည်းကျုပ်မြို့ကဆေးရုံမှာတက်နေတာဗျ။ ဒီတစ်ခါတော့ဝမ်းလျှောတာမဟုတ်ဘူးဗျို့။ ဖျားတာ၊ တိုက်ဖွိုက်လို့ပြောတယ်။ လူလည်းအရိုးနဲ့အရေခွံပဲကျန်တော့တယ်။ အမေနဲ့တိုးလှတို့၊ သိန်းဇော်တို့လိုက်လာပြီးကျုပ်ကိုပြုစုကြရတာပေါ့ဗျာ။ အခုတော့ကျုပ်ကောင်းနေပါပြီ။ အဖျားမတက်တာသုံးရက်တောင်ရှိပြီ။ ဒါပေမယ့်အရည်ပဲသောက်ရသေးတာပေါ့ဗျာ။ ကျုပ်ဆေးရုံတက်တဲ့အချိန်မှာမြို့ကဆေးရုံကြီးမှာ ဆေးရုံအုပ်ဆရာဝန်ကြီးက ဒေါက်တာဗညိုဗျ။ လွှတ်တော်ပြီးလွှတ်စိတ်ထားကောင်းတဲ့ဆရာဝန်ကြီးပါဗျာ။ ခွဲတဲ့စိတ်တဲ့ဘက်မှာလည်းနာမည်ကြီးဗျ။
ပြီးတော့စွမ်းလည်းတော်တော်စွမ်းတယ်ဗျ။ တစ်ခါတစ်လေဆေးရုံမှာအမျိုးသမီးတွေ မွေးလူနာများနေတဲ့အခါမွေးခန်းကတစ်ခန်းထဲရှိတော့ ဆရာဝန်ကြီးကမွေးခန်းထဲကထွက်လာပြီး အော်ဟစ်နေတဲ့မိန်းမတွေဗိုက်ကို သူ့လက်ဝါးနဲ့ ပွတ်ပြီးပြောသဗျ။ အဲဒီလိုပြောလိုက်ရင် ဗိုက်နာလို့အော်နေတဲ့မိန်းမတွေတစ်ခါတည်း ဗိုက်နာပျောက်ကုန်ကြရောဗျို့။
"မနာကြနဲ့ဦး၊ မနာကြနဲ့ဦး၊ တစ်ယောက်ပြီးမှတစ်ယောက်မွေးရမှာ၊ ကိုယ့်အလှည့်ရောက်မှနာကြ၊ ကဲ အခုဘယ်သူ့အချိန်ကျပြီလဲ၊ ခေါ်ခဲ့၊ ခေါ်ခဲ့"
ဆိုပြီး မွေးခန်းထဲ ပြန်ဝင်သွားတယ်ဗျ။ မွေးလူနာတစ်ယောက်မွေးပြီးရင် တစ်ခါပြန်ထွက်လာပြီး..
"ကဲ ဘယ်သူ့အလှည့်တုံး"
လို့ မေးပြီးမွေးဖို့အလှည့်ကျတဲ့သူရဲ့ ဗိုက်ကိုသူ့လက်ဝါးနဲ့ခပ်ဖြည်းဖြည်းပုတ်လိုက်ပြီး...
"ကဲ ကဲ နင့်အလှည့်ရောက်ပြီ၊ နာတော့ နာတော့"
လို့ ပြောလိုက်တော့မှ စောစောကဗိုက်နာနေတဲ့မိန်းမကထအော်တော့တာဗျို့။ သူ့ဆေးရုံမှာ မကြာခဏထူးထူးဆန်းဆန်းတွေလည်းမွေးတယ်ဗျ။ တချို့ကမွေတွေအထွေးလိုက်ကြီးမွေးတယ်။ မျက်လုံးတစ်လုံးနဲ့ပါးစပ်ပေါက်တစ်ပေါက်ပါတဲ့ အသားလုံးကြီးမွေးတယ်။ ပါးစပ်ပေါက်ထဲမှာတော့သွားတွေဖွေးနေအောင်ပေါက်နေတာဗျ။ ဆရာဝန်ကြီးကအဲဒီလိုမွေးလာတဲ့အထူးအဆန်းတွေကို ဖန်ပုလင်းကြီးတွေထဲထည့်ပြီးဆေးရည်စိမ်ထားတယ်။ ဘယ်သူမဆိုလာပြီး ကြည့်နိုင်တာပေါ့ဗျာ။ တော်ရုံတန်ရုံပညာသည်တွေပြုစားထားတာလောက်များတော့ ဆရာဝန်ကြီး ဒေါက်တာဘညိုကပွတ်ရုံသပ်ရုံလောက်နဲ့ကို ကုပေးလိုက်တာဗျ။
နာတာရှည်လူမမာတွေကို ဖုတ်ဝင်တာမျိုးဆိုရင် ဒေါက်တာဘညိုကို အိမ်ပင့်ပြီးကုသကြတာဗျ။ ဒေါက်တာဘညိုကကပ်နေတဲ့သရဲကို..
"မင်းနာမည်ကိုငါသိတယ်၊ မင်းနာမည်အုန်းစိန်၊ အုန်းစိန်အခုသွားတော့"
လို့ အမိန့်ပေးလိုက်ရင် တန်းပြေးတော့တာဗျ။ ဖုတ်ကောင်ဆိုတာ သူ့ရဲ့လူ့ဘဝကနာမည်သိလို့ကတော့အဲ့ဒီနာမည်ခေါ်ပြီးအမိန့်ပေးလိုက်ရင် လစ်တော့တာဗျို့။
"မောင်တာတေ အိပ်ပျော်နေတာလားကွဲ့"
ညကိုးနာရီလောက်ရှိပြီ။ ကျုပ်မျက်လုံးဖွင့်ကြည့်လိုက်တော့ ဒေါက်တာဘညိုဗျ။ ကျုပ်ကခေါင်းထောင်ထလိုက်တယ်။
"မထနဲ့ မောင်တာတေ၊ သက်သာသလိုနေ"
ဒေါက်တာဘညိုက ကျုပ်နဖူးကိုစမ်းကြည့်ပြီးတော့ လက်ကောက်ဝတ်ကိုသွေးစမ်းတယ်။
"ကောင်းပါပြီ၊ မောင်တာတေ အားရှိတော့မှ ဆေးရုံကဆင်းပေါ့၊ ဒီမှာခဏလောက်နားနေလိုက်ဦးပေါ့"
ကျုပ် တော်တော်အံ့သြသွားတာဗျ။ ဒေါက်တာဘညိုကကျုပ်နာမည်ကိုမှတ်မိနေတာရယ်၊ ကျုပ်ကိုတရင်းတနှီးဆက်ဆံတာရယ်ကို ကျုပ်မတွေးတတ်အောင်ဖြစ်နေတာဗျ။ ကျုပ်ကလည်းဒီညတိုးလှတို့၊ သိန်းဇော်တို့ကို ကျုပ်ဘကြီးအိမ်မှာပြန်ပြီးအိပ်ခိုင်းထားတာ။ ဒီကောင်နှစ်ကောင်လည်းညတိုင်းအိပ်ရေးပျက်နေတာဆိုတော့ အိမ်ပြန်အိပ်ခိုင်းလိုက်တာ။
"ကျုပ် မောင်တာတေနဲ့ စကားပြောချင်လို့လာတာပါ၊ မောင်တာတေရဲ့သတင်းကို ကျုပ်ဒီမြို့ရောက်ကာစကပဲကြားခဲ့တယ်။ ထနောင်းကုန်းကမောင်တာတေဆိုတာအင်မတန် သတ္တိကောင်းတဲ့လူငယ်လို့ ပြောကြတယ်။ အထက်လမ်းဆရာကြီးတွေကိုအချိန်မရွေး အကူအညီပေးတတ်တယ်ဆိုတာလည်း ကျုပ်ကြားဖူးတယ်၊ တချို့ကတော့ဘယ်အထိတောင်ပြောလဲဆိုရင် မောင်တာတေကမဖဲဝါနဲ့တောင်အလွန်ခင်မင်တယ်ဆိုပဲ၊ အဲဒါဟုတ်လားကွဲ့"
"ဟုတ်ပါတယ် ဆရာကြီး၊ အကြောင်းရှိတဲ့အခါ ကျုပ်ကို မဖဲဝါကြီးက ကူညီပါတယ်"
"မောင်တာတေ မဖဲဝါကို အပြင်မှာ မြင်ဖူးလားကွဲ့"
"ဟုတ်ကဲ့ မြင်ဖူးပါတယ်"
"ဟေ ဟုတ်လား၊ ဘယ်လိုပုံစံမျိုးတုံး မောင်တာတေရဲ့"
"အရပ်ဆယ်ပေလောက်မြင့်ပြီး အင်မတန်မှကြောက်စရာကောင်းတဲ့ အသွင်ပါ ဆရာကြီး၊ တစ်ခါတစ်လေ တော့လည်းကျုပ်အရွယ်လောက်ကောင်မလေးလိုဖန်ဆင်းပြတတ်တယ်ဗျ ဆရာကြီးရဲ့"
"ဟေ ဟုတ်လား၊ မောင်တာတေ"
"မောင်တာတေ အောက်လမ်းပညာသည်တွေရော တွေ့ဖူးသလား"
"တွေ့တော့ တွေ့ဖူးတယ်၊ ဒါပေမယ့် ရင်းရင်းနှီးနှီးတော့မနေဖူးဘူးဗျ။ ဒါပေမယ့်သူတို့ပညာတွေလည်း တော်တော်ထက်မြတ်တယ်ဆိုတာကိုတော့ ကျုပ်ရိပ်မိတယ်ဗျ"
"မောင်တာတေ ပြောတာမှန်တယ်ကွဲ့၊ အောက်လမ်းပညာလို့ခေါ်တဲ့ ပညာတွေဟာလည်း ကြောက်ခမန်းလိလိထက်မြတ်တာတွေရှိတယ်။ ဒါတွေကတော့ကျုပ်ကိုယ်တွေ့ပါကွယ်"
"ဗျာ ဆရာကြီးကိုယ်တွေ့ ဟုတ်လား၊ ဆရာကြီးလည်းကျုပ်လိုပဲ ဝါသနာပါလို့လိုက်ကြည့်တာ ထင်တယ်"
အပိုင်း(၂)ဆက်ရန်...
မူရင်းရေးသူ =တာတေ

Comments
Post a Comment