ဝါးဘီလူးတောင် အပိုင်း(၃)



အဲဒီငါးကို ရေပြာအိုင်အစပ်မှာ ချထား
ပြီး စိမ်ပြေနပြေကို စားတော့တာကွ၊
နှုတ်သီးချွန်နဲ့ ပေါက်ပေါက်ပြီးစားနေ
တာ။ နောက်ကကြည့်ရင် လူတစ်
ယောက်၊ ငှက်တောင်ကြီးခြုံပြီး မတ်
တတ်ရပ်နေတဲ့အတိုင်းပါပဲကွာ။ရှေ့
ကကြည့်ရင်တော့ ရင်အုပ်ကားကား
နဲ့ ရောမခေတ်က စစ်သူကြီးတစ်
ယောက် ရပ်နေသလိုပါပဲကွ။

ငါဆိုတော့ ထူးဆန်းတဲ့ ဒီသတ္တဝါကို
ကြည့်ပြီး ကြောက်တောင်လာတယ်
ကွ။ ပထမတော့ မြားနဲ့ ပစ်ဖို့ စိတ်ကူး
သေးတယ်ဟေ့၊ နောက်တော့မှ ငါ့
အဘ မုဆိုးကြီး ပြောတဲ့ စကားကို
နားထဲမှာ သွားကြားတော့တာ။

"ငါ့သား တောထဲတောင်ထဲမှာ ငေါင်း
များတွေ့လို့ကတော့ ဘယ်တော့မှ
မသတ်မိစေနဲ့ကွဲ့။သူ့အသားကို စား
လည်း မစားလေနဲ့၊ ငေါင်း ခြေတစ်
ချောင်း မစားကောင်းဆိုတာ မှတ်
ထားပေတော့၊ ငေါင်းဆိုတာ ငှက်
တော့ ငှက်ပဲကွ၊ ဒါပေမဲ့ လူနဲ့တူ
တဲ့ ငှက်ကွ၊ အင်မတန်ရှားတယ်။
အဘလည်း မတွေ့ဖူးပါဘူး။တို့
ရှေ့က မုဆိုးကြီးတွေ မှာခဲ့တဲ့အ
တိုင်း ပြန်ပြောပြတာပါကွာ"

လက်စသတ် ဒါ အဘပြောတဲ့ ငေါင်း
ဆိုတာပဲလို့ တွေးမိသွားပြီး မုဆိုးတစ်
ရာမှ တစ်ယောက် မမြင်ဖူးတဲ့ ငေါင်း
ငှက်ကြီးကို မျက်တောင်မခတ် ကြည့်
နေတော့တာပေါ့ကွာ၊ စောစောကမိတဲ့
ငါးကို စားလို့ကုန်ရော ဒီကောင် ရေ
စပ်ကို ခုန်ဆွ ခုန်ဆွနဲ့ ဆင်းလာပြန်
ရောဟေ့၊ ရေပြာအိုင်ထဲကို ငြိမ်ပြီး
စိုက်ကြည့်နေတာဟေ့ တော်တော်
ကြာတယ်။ နောက်တော့ အိုင်ထဲမှာ
ငါးပွက်တာလည်း မြင်ရော…

"ဖျန်း ဖျန်း ဖျန်း ဖျန်း"

ဒီကောင် အတောင်တွေ တဖျန်းဖျန်း
ခတ်ပြီး ရေပေါ်မှာ ရှပ်ပြေးပြန်ရော
ဟေ့၊ ရပြန်ရောကွ၊ နောက်ထပ်ငါး
တစ်ကောင်။ စောစောက ငါးထက်
တောင် ကြီးသေးတယ်ဟေ့။ ပြေး
ပြန်ရောကွ၊ ကမ်းစပ်မှာ ပြေးသွားပြီး
ခြေထောက်နဲ့ ကုပ်ဖမ်းလာတဲ့ငါးကြီး
ကို နှုတ်သီးကြီးနဲ့ တပေါက်ပေါက်
ပေါက်ပြီး စားတော့တာဟေ့။ငါးလည်း
ကုန်ရော ငေါင်းကြီးက ဘာလုပ်တယ်
ထင်လဲ၊ ရေအိုင်စပ်မှာ လျှောက်ပြေး
နေတာဟေ့။ပထမတော့ ဒီကောင်
ဘာလုပ်တာပါလိမ့်လို့ ငါလည်း ကြည့်
နေတာပေါ့ကွာ၊ နောက်တော့မှ မြင်
တာဟေ့။ ဟား ဟား ဟား ဟား"

"ဟင်…ဘာတုံးဗျ၊ ကိုကြီးတောင်လုံးရဲ့"

ကိုတောင်လုံးက စကားမဆက်သေး
ဘဲ တဟားဟားနဲ့ ရယ်နေရောဗျို့။
ပြီးတော့မှ ပြောတာဗျ။

"ငေါင်းကြီးက ယုန်နက်ကလေးတစ်
ကောင်နဲ့ ရေပြာအိုင်စပ်မှာ အပြေးပြိုင်
နေတာဟေ့"

"ဟာ"

"ငါ့စိတ်ထင်တော့ အဲဒီငေါင်းနဲ့ ယုန်
နက်ကလေးနဲ့က  ဒီနေရာမှာ အခုလို
ပဲကစားနေကျဖြစ်မယ်ကွ၊ မနက် အ
ရုဏ်တက်ကာနီးတော့မှ ဒီကောင်ကြီး
က ခုန်ဆွ ခုန်ဆွနဲ့ပြေးပြီး ပျံတက်သွား
တာကွ၊ ပျံကာနီး ရေပြာအိုင်ပေါ်မှာ နှစ်
ပတ်လောက် ဝဲနေသေးတာ။ ပြီးတော့မှ
အရှေ့ဘက်ကို ပျံထွက်သွားတာကွ၊ ငါ့
တစ်သက်တော့ ဒီငေါင်းကြီးကို မေ့မှာ
မဟုတ်တော့ဘူး တာတေရ"

"ကိုကြီးတောင်လုံး မပြောနဲ့၊ ကျုပ်တောင်
ကြားရတာနဲ့ အံ့သြလိုက်တာဗျာ၊ လူနဲ့ချွတ်
စွပ်တူတဲ့ ငေါင်းငှက်ဆိုတာကို ခုမှပဲ ကျုပ်
ကြားဖူးတော့တာဗျ"

"သြော်…ပြောပါရောလား၊ ငါ့လူရာ၊
မုဆိုးတစ်ရာမှာတောင် တစ်ယောက်
မမြင်ဘူးပါဘူးဆို"

"လူတစ်ပိုင်း ငှက်တစ်ပိုင်းကြီးလားမှ
မသိတာဗျာ၊ ငေါင်းကြီးက ယုန်နဲ့တောင်
အပြေးပြိုင်တမ်း ကစားနေတယ်ဆိုတော့
အသိဥာဏ်ရှိလို့နေမှာဗျ"

သိန်းေ်ကလည်း ဝင်ပြောသေးဗျ။ တခြား
ကောင်တွေကလည်း တစ်ယောက် တစ်
ပေါက် ဝင်ပြောကြရောဗျို့။

"နို့ နေပါဦး ကိုကြီးတောင်လုံးရဲ့၊ငေါင်း
နဲ့ ယုန်နဲ့ အပြေးပြိုင်တော့ ငေါင်းရှုံးမှာ
ပေါ့ဗျ၊ သူက ခြေထောက်တစ်ချောင်း
ပဲ ရှိတာလေ။ ယုန်က ခြေထောက်နှစ်
ချောင်းမို့လား၊ ပြီးတော့ ယုန်ဆိုတဲ့
သတ္တဝါက ပြေးတဲ့နေရာမှာ လွှတ်
မြန်တာလေဗျာ"

ကျုပ်တို့ ရွာတောင်ပိုင်းက ကျော်မောင်
ဆိုတဲ့ကောင်က ထန်းရည်လေး မူးမူးနဲ့
ဝင်ပြီးမေးတာဗျ။

"အေးကွ၊ ကျော်မောင်မေးတာ ဟုတ်
သား၊ကိုကြီးတောင်လုံးလည်း မင်းတွေး
သလို တွေးမိလို့၊ လင့်စင်ပေါ်မှာ ထိုင်
လျက်နဲ့ သေသေချာချာ ကြည့်တာ
မောင်ရေ၊ ပြေးတဲ့အခေါက်တိုင်း ငေါင်း
ကြီးပဲ နိုင်တာကွ၊ ငေါင်းက ခြေတစ်
ချောင်းသာ ဆိုတယ်၊ရိပ်ကနဲ ရိပ်ကနဲ
နေတာကွ၊ လွှတ်မြန်တဲ့ကောင်ပါကွာ"

"အေးဗျ ဘယ်ဒေသကများ ရောက်
လာတာလဲ မသိဘူးနော်"

မျက်ပြူးအစ်ကို အောက်ဆင့်ဆိုတဲ့
ကောင်ကလည်း မျက်လုံး ပုတ်ခတ်
ပုတ်ခတ်လုပ်ပြီး ဝင်ပြောသေးတယ်
ဗျို့။ ဒီကောင်က အမဲခြောက်ကလေး
လှမ်းနှိုက်ရင်းပြောတာဆိုတော့ မြောက်
ပိုင်းက ကိုဘိုကေက အောက်ဆင့်ကို
နောက်ရောဗျို့။

"ဟကောင် အောက်ဆင့်ရဲ့၊ ဒီအမဲ
ခြောက်ကို ပြောတာလား၊ ဒါတော့
ထန်းသမား ဖိုးလုံးကို မေးမှသိရမှာ
ပေါ့ကွ၊ သူ ဘယ်က ဝယ်လာတာ
တုံးဆိုတာ"

"ဟာဗျာ၊ ကိုကြီးဘိုကေကလည်းဗျာ၊
ကျုပ်က အမဲခြောက်ကို ပြောတာ မ
ဟုတ်ဘူးဗျ၊ ကိုကြီးတောင်လုံး ပြော
တဲ့ ဝေါင်းကြီးကို ပြောတာဗျ"

"ဟား၊ ဟား ၊ ဟား၊ ဟား၊ ဟား"

ထန်းရည်ဝိုင်းတစ်ဝိုင်းလုံး ထရယ်
ကြတော့တာပေါ့ဗျာ။

"ဟကောင် အောင်ဆင့်ရဲ့၊ 'ဝေါင်း'
မဟုတ်ပါဘူးကွ၊ 'ငေါင်း'ပါ"

"ဟင် ဟုတ်လား၊ ကိုကြီးတောင်လုံး
ပြောတာကို ကျုပ်နားထဲမှာ 'ဝေါင်း'
လို့ချည်း ကြားနေတာဗျ"

အပိုင်း(၄)ဆက်ရန်...

မူရင်းရေးသူ = တာတေ

Comments