ဓားစကြာ အပိုင်း(၆)
ကျုပ်စိတ်ထဲမှာထင်တာတော့ အရုပ်မှာဝတ်ထားတဲ့ အက်ျီ၊ဖိနပ်၊ဘောင်းဘီ၊နက်ကတိုင်တွေဟာ လူသေရဲ့ကိုယ်ကအဝတ်အစားတွေယူပြီး ဖျက်ချုပ်ထားတာဖြစ်မယ်ဗျ။ ဖိနပ်တောင်မှလူသေသင်းဂြိုဟ်တဲ့အခါ လူသေစီးတဲ့ဖိနပ်ကို ချွတ်ယူပြီးသေးသေးလေးပြန်စပ်ထားတာဖြစ်မယ်။ ဖြစ်နိုင်တာကတော့အစိမ်းသေ သေတဲ့လူရဲ့အသုဘကယူတာဖြစ်လိမ့်မယ်။ ဒါတွေအားလုံးကိုလည်းပါပါကိုယ်တိုင် ပဲလုပ်ထားတာဖြစ်လိမ့်မယ်လို့ကျုပ်ထင်တယ်ဗျ။ ဘာဖြစ်လို့တုံးဆိုတော့ စာအုပ်တစ်အုပ်ထဲမှာကျုပ်ဖတ်ဖူးလို့ဗျ။ ပန်ချာပီဘောင်းထုပ်အနက်ကြီးပေါင်းပြီး အနက်ရောင်အက်ျီ၊ အနက်ရောင်ပုဆိုးကို ဟိန်ဒူကုလားတွေလိုခါးတောင်းကျိုက်ထားတာဗျ။ ပခုံးပေါ်မှာလည်း ပိတ်စအနက်ကို တင်ထားတာ။ ခါတိုင်းလိုအဖြူရောင်ဝတ်မထားဘဲ အနက်ရောင်ဝတ်ထားတာကတော့ တော်တော်ကိုထူးခြားနေတာဗျ။ ပါပါရွတ်နေတဲ့မန်တန်တွေကလည်း ခါတိုင်းမန်တန်တွေနဲ့ မတူဘူးလို့ထင်တယ်ဗျ။ ပါပါကမန်တန်ရွတ်ရင်းကနေ အမွှေးတိုင်ထွန်းထားတဲ့ ကြေးအိုးလေးကို လက်နှစ်ဖက်နဲ့ယူပြိီးကားစင်တင်ထားတဲ့မျက်နှာဖြူရုပ်ကလေးနားမှာအမွှေးတိုင်ကိုလှည့်ပတ်ပြီးဝေ့ဝိုက်လုပ်နေရောဗျ။
ဟာ၊ ကျုပ် ယောင်ပြီး အော်လိုက်မိတော့မလို ဖြစ်သွားလို့ ကိုယ့်ပါးစပ်ကိုတောင် လက်နဲ့ အုပ်ထားလိုက်ရတယ်ဗျို့။ အမွှေးတိုင်ရဲ့မီးခိုးတွေကြားမှာ ကားစင်ပေါ်ကအရုပ်ကလေးလှုပ်နေတာဗျ။ ကျုပ်မျက်စိများမှားနေသလားဆိုပြီး ကျုပ်သေသေချာချာကြည့်လိုက်တယ်။ ကျုပ်မျက်လုံးတွေ မမှားဘူးဗျ။ အရုပ်ကလေးတကယ်လှုပ်နေတာ။ ခေါင်းကလည်းဟိုဘက်ဒီဘက်ကို နည်းနည်းလောက်လှုပ်နေတယ်။ အရုပ်ကလေးရဲ့မျက်လုံးကလည်းမျက်တောင်ခတ်နေတယ်။ ဒီတုန်းမှာပဲမန်တန်ကို မပြတ်ရွတ်နေတဲ့ ပါပါက ကတ်တီပါဘူးအနက်ရောင် ကလေးကိုဖွင့်လိုက်တယ်။ ကတ်တီပါဘူးကခြောက်လက်မလောက်ရှည်ပြီး ဗျက်ကလက်တစ်ဝါးလောက်ရှိတယ်။ အထဲမှာငွေဓားလေးတစ်ချောင်းဗျ။ ဓားမြှောင်ပုံစံလေး။ ဓားရဲ့အရိုးကလည်း ငွေနဲ့ပဲလုပ်ထားတာ။ အရိုးမှာစိန်တွေစီထားလို့ဗျာ။ ဓားသွားရဲ့အရှည်ကသုံးလက်မလောက် ၊ အရိုးကတစ်လက်မလောက်ရှိတယ်ဗျ။ အသွားရဲ့ဗျက်က နှီးတစ်ပြားစာလောက်ပဲရှိမယ်။
ပါပါက ငွေဓားလေးကို ဖြည်းဖြည်းလေးကောက်ယူပြီး လက်ညှိုးနဲ့လက်မကြားမှာညှပ်ပြီး ကိုင်ထားတယ်။ ပြီးတော့မှလှုပ်နေတဲ့အရုပ်ကလေးကိုမန်တန်ရွတ်ရင်းစိုက်ကြည့်တယ်။ ပါပါရဲ့ဓားကိုင်ထားတဲ့လက်ကအပေါ်ကို မြောက်လာပြီးအရုပ်ကလေးရဲ့ဘယ်ဘက်ရင်ဘက်ထဲကို ငွေဓားလေးထိုးသွင်းလိုက်တယ်။
"အား"
ဟာ ကျုပ်ပါးစပ်ကိုလက်ဝါးနဲ့ အုပ်ထားလိုက်ရပြီဗျို့။ မအုပ်ရင်ကျုပ်ယောင်ပြီးအော်လိုက်မိမှာပဲဗျာ။ ငွေဓားလေးထိုးသွင်းလိုက်တဲ့အရုပ်ကလေးကလူတစ်ယောက်လိုအော်သလိုကို အော်လိုက်တာဗျို့။ ဟာ ဓားထိုးသွင်းတဲ့နေရာကသွေးတွေစီးကျလာပြီဗျို့။ ကျုပ်ဖြင့်ဒူးတွေတောင် တဆတ်ဆတ်တုန်နေတော့တာပေါ့ဗျာ။ ပါပါကမန်တန်ကိုအသံကျယ်ကျယ်နဲ့ရွတ်ပြီးဓားကိုဆွဲနှုတ်လိုက်တယ်။ ငွေဓားဖွေးဖွေးလေးမှာ သွေးတွေနီရဲနေတာဗျို့။ ပါပါကအနက်ရောင်ပိတ်စတစ်စနဲ့ ငွေဓားကသွေးတွေကို သုတ်နေတယ်။ ပြီးတော့မှဓားလေးကို ကတ်တီပါအနက်ဘူးလေးထဲကိုပြန်ထည့်ပြီးပိတ်ထားလိုက်တယ်။
ကားစင်မှာတင်ထားတဲ့ အရုပ်ကလေးကို ကြိုးတွေဖြုတ်ပြီးယူလိုက်တယ်။ ရင်ဘက်မှာသွေးတွေစိမ့်ထွက်နေတဲ့ အရုပ်ကလေးကိုခေါင်းတလားအမဲလေးထဲမှာ ထည့်ပြီးအဖုံးကိုသေသေချာချာဖုံးလိုက်တယ်ဗျ။ ကျုပ်လည်းဆက်မကြည့်တော့ဘဲအောက်ထပ်ကိုပြန်ဆင်းလာပြီး အိပ်ရာထဲကိုဝင်နေလိုက်တယ်။ ခဏကြာတော့အပေါ်ထပ်ကနေ ပါပါဆင်းလာတဲ့ခြေသံကြားရတယ်။ ပါပါကတံခါးဖွင့်ပြီး ခြံထဲကိုဆင်းသွားတယ်ဗျ။ ကျုပ်လည်းမနေနိုင်တာနဲ့ လိုက်ကြည့်မိပြန်တာပေါ့ဗျာ။ ပါပါကသရက်ပင်ကြီးအောက်မှာ မြေကျင်းကလေးတူးပြီး အိမ်ပေါ်ထပ်ကယူလာတဲ့ ခေါင်းတလားမဲမဲလေးကို မြေကျင်းထဲမှာမြှုပ်လိုက်တယ်။ ပြီးတော့မြေပြန်ဖို့ပြီး ရိုရိုသေသေပြောလိုက်တယ်ဗျ။ ဒီတစ်ခါတော့အဂ်လိပ်လိုပြောလိုက်တာဆိုတော့ ကျုပ်နားလည်တာပေါ့ဗျာ။
"မစ်စတာ ဂျော့(ချ်)လူးဝစ်၊ ခင်ဗျားအတွက် အုတ်ဂူလှလှလေးလုပ်မပေးနိုင်တဲ့အတွက် ကျုပ်ကိုခွင့်လွှတ်ပါဗျာ၊ ငရဲမှာခင်ဗျားအဆင်ပြေပါစေ မစ်စတာ လူးဝစ်"
ကျုပ်အိပ်ခန်းထဲကိုခပ်သုတ်သုတ်ပြေးပြီး ဝင်လိုက်တယ်။ မနက်ကျတော့ ပါပါကခါတိုင်းလိုပဲဝတ်စုံကောင်းကောင်းတစ်စုံဝတ်ပြီးဂျစ်ကားလေးကို မောင်းပြီးထွက်သွားတယ်ဗျ။ ကျုပ်ကျောင်းသွားတော့ သတင်းစာတစ်စောင်ဝယ်ဖတ်လိုက်တယ်။
"ထောင်ပိုင်ကြီး မစ်စတာဂျော့(ချ်)ထူးဆန်းစွာ သေဆုံး ခြင်းဆိုပြီး ရန်ကုန်ထောင်ပိုင်ကြီး ဂျော့(ချ်)လူးဝစ် အရက်ဘားမှာတခြားမျက်နှာဖြူအရာရှိတွေနဲ့ အရက်အတူတူသောက်နေရာက နေရင်ဘက်ကိုလက်နဲ့အုပ်လိုက်ပြီး 'အား'လို့ အသံနက်နက်ကြီးနဲ့တစ်ချက်အော်ပြီး သေဆုံးသွားတဲ့အကြောင်း၊ ဆေးရုံကြီးကို ခေါ်သွားပေမယ့် အသက်မမီတော့တဲ့အကြောင်း၊ ဆေးရုံကဆရာဝန်ကြီးတွေက ရင်ခွဲပြီးစစ်ဆေးတဲ့အခါ မစ်စတာဂျော့(ချ်)လူးဝစ်ရဲ့ နှလုံးမှာအပေါက်ကြီးတစ်ပေါက်ပေါက်နေတာကို တွေ့ရတဲ့အကြောင်း၊ ခန္ဓာကိုယ်ပေါ်မှာ ဘယ်လိုဒဏ်ရာမှမရှိဘဲ နှလုံးမှာဓားနဲ့ထိုးသွင်းထားတဲ့အပေါက်ကြီးဖြစ်နေတာကို ဆရာဝန်ကြီးတွေ ဘယ်လိုမှ အဖြေရှာလို့မရကြတဲ့အကြောင်းတွေကို ဝေဝေဆာဆာရေးထားတာပေါ့ဗျာ"
အပိုင်း(၇)ဆက်ရန်..
မူရင်းရေးသူ = တာတေ

Comments
Post a Comment