အခန်းဖော်က သရဲမ အပိုင်း(၃)
အစ်မကလည်း ဟုတ်လှပြီထင်နေတာ၊ အချိန်တွေ
လနဲ့ချီပြီး ကြာသွားတယ်။ အစ်မစိတ်ဝင်စားတဲ့
လူက သိတဲ့အရိပ်အယောင်တောင်မပြဘူး"
"အစ်မ ဘယ်သူ့ကို ပြောနေတာလဲ၊
လေးလေးမိသားစုကဆို ဘယ်သူဖြစ်မလဲ"
"အေးအေးမာ…အေးအေးမာ"
တစ်ဖက်အခန်းက မြမြအသံကြားလိုက်သဖြင့်
စကားစပြတ်သွားသည်။
"ကောင်းခန်းရောက်မှ အဖျက်မကပေါ်လာတယ်။
ကဲ…အစ်မကိစ္စ ကျမစိတ်ဝင်စားသွားပြီ၊ မနက်ဖြန်
ညမှာပဲ ထပ်လာပြီး မေးတော့မယ်၊ အခုသူငယ်ချင်း
ဘာကိစ္စပေါ်လည်း မသိဘူး၊ သွားဦးမယ်နော်
အစ်မသင်း"
"ကောင်းပါပြီ မနက်ဖြန်ည အစ်မပြန်ရောက်ရင်
လာခဲ့ပေါ့၊ ညီမကို ပြောပြချင်ပါတယ် လာခဲ့ပါ"
အေးအေးမာလည်း အစ်မသင်းကို နှုတ်ဆက်ပြီး
အခန်းသို့ ပြန်လာခဲ့သည်။ အခန်းပြန်ရောက်တော့
မြမြခေါ်သံမကြားရတော့ အိပ်ပြီထင်ပြီး မခေါ်ခြင်း
ဖြစ်မည်။ မနက်မှ ဘာကိစ္စခေါ်သည်ကို မေးမည်ဟု
ဆုံးဖြတ်ပြီး တံခါးပိတ်ကာ အိပ်ရန်ပြင်လိုက်သည်။
အိပ်ယာပေါ်ရောက်သော်လည်း အိပ်၍မရ မျက်လုံး
ကြောင်နေသည်။
အစ်မသင်းစကားအရ မည်သူမည်ဝါမှန်း
မသိသော်လည်း လေးလေးအကြော်စုံမိသားစုနှင့်
ဂုဏ်သိက္ခာကိုအကြွင်းမဲ့ယုံကြည်သည်။
မသင်းသင်းလို စိတ်ထားမျိုး မည်သူမှမရှိ
ကျိန်၍ပင်ပြောဝံ့သည်။ လုပ်ငန်းစု အကြီး
အကျယ် အောင်အောင်မြင်မြင် လုပ်ကိုင်နေသော
မိသားစုဖြစ်သည်။ အလုပ်ရှင် အစ်ကိုကြီး အကို
လတ် ၊ အစ်ကိုငယ်၊ ညီအငယ်ဆုံး လေးယောက်
လုံး စက်ရုံတစ်ခုစီကို အုပ်ချုပ်စီမံနေကြသည်။
သူတို့က အလုပ်ရှင် အလုပ်သမားလို ဆက်ဆံ
ခြင်းမရှိ၊ မိသားသူလို ဆက်ဆံကြသည်။
ထိုအလုပ်မှာလုပ်ရသူတိုင်း ပျော်ရွှင်ရသည်။
ဝေဖာ၊ မရွေး၊ လက်ဖက်အကြော်စုံက
တစ်နိုင်ငံလုံးအနှံ့ ကားကြီးကားငယ်များနှင့်
လက်လီလက်ကား ဖြန့်ချီနေရသော
အောင်မြင်သည့် စားသောက်ကုန်လုပ်ငန်း
ကြီးလည်း ဖြစ်သည်။
ဧကများစွာပေါ်မှာ စက်ရုံကြီးငယ်များဖြင့်
အလုပ်သမားများစွာ ရာချီရှိသည့်ကို ညီအစ်ကို
လေးယောက် မိသားစုနှင့် ဆွေမျိုးတစ်စု
စည်းစည်းလုံးလုံး အုပ်ချုပ်နေသော လုပ်ငန်းစု
ကြီးဖြစ်သည်။ စီးပွားရေးကို အောင်မြင်သထက်
အောင်မြင်အောင် မအားမလပ် လုပ်ကိုင်နေသည့်
ဤမိသားစုထဲမှ မည်သူ့ကို သွားစိတ်စားပြီး
မည်ကဲ့သို့ အရှက်ရသွားသည်လည်း မစဉ်း
စားတက်တော့ နောက်နေ့မှ သေချာ
သဲသဲ ကွဲကွဲသိအောင် မေးရမည်ဟု
ဆုံးဖြတ်ချက်ကို ချထားလိုက်သည်။
အေးအေးမာလည်း အတွေးနယ်ချဲ့နေရာမှ
မကြာခင်အိပ်ပျော်သွားခဲ့တော့သည်။
တတိယမြောက်နေ့သို့ ရောက်ခဲ့သည်။ ထုံးစံအတိုင်း
ညစာစားသောက်ပြီး ရှစ်နာရီခွဲခန့်တံခါးဖွင့်သံ
ကြားလိုက်သည်။ ခဏနေပြီး အေးအေးမာ
တစ်ဖက်အခန်းသို့ ကူးလာခဲ့သည်။
"လာ…ညီမ ဒီမှာထိုင် ကဲ…အစ်မ
ညီမသိချင်တာကို ဆက်ပြီးပြောပြတယ်၊
အစ်မစိတ်ဝင်စားပြီး တစ်ဖက်သတ်စွဲလန်းခဲ့ရတဲ့
သူကတော့ အလုပ်ရှင် ညီအစ်ကို လေးယောက်ရဲ့
တူပဲ"
"သူတို့မှာ တူတွေ တူမတွေ အများကြီး စက်ရုံမှာ
ရှိနေတာပဲ ဘယ်သူလဲ"
"စောဂျိုးဇက်လေ …သိလား"
"ဟာ …သိတာပေါ့ နဖူးပြောင်ပြောင်၊ သူ့ဦးလေး
တွေထက်ကို ပိုပြောင်မယ်ထင်တယ် ဦးလေး
အငယ်ဆုံးနဲ့ ဦးလေးအကြီးဆုံး နဖူးပြောင်တာ
ထက်ကို ပိုပြောင်တယ်"
" ဘယ်လိုသဘောကျပြီး ကြိုက်ခဲ့တာလဲ"
"အင်း…ပြောရရင် အချစ်ဆိုတာ ဆန်းကျယ်တယ်
မဟုတ်လား၊ အဲဒီ နဖူးပြောင်ပြောင်ကိုပဲ၊
မျက်လုံးက မထွက်နိုင်အောင် စွဲလန်းခဲ့ရတာ၊
သူက စက်ရုံထဲက ကားမျိုးစုံထည်လဲ စီးပြီး
မောင်းနေတာ ဒရိုင်ဘာအလုပ်လည်း မဟုတ်ဘူး
ဦးလေးတွေရဲ့ ဟိုင်းလက်ဆပ်၊ ပါရာဒိုး၊ပါဂျဲရိုး၊
မတ်တူး ၊ ကားအကောင်းစားကြီးတွေလည်း
သူတက်မောင်းနေတာပဲ၊ကုန်ပို့တဲ့ ဘောက်စ်
ကားကြီး ကားသေးတွေလဲ သူမောင်းနေတာတွေ့တယ်၊
သူ့ကိုယ်ပိုင်ကားပေါ်မှာလည်း ခဏခဏ တွေ့တယ်
ဦးလေးတွေရဲ့ လုပ်ငန်းမှာ အတော်အရာ
ရောက်တဲ့နေရာကို လုပ်နေရတာပဲဆိုပြီး
ပိုပိုလို့ အထင်ကြီးလေ၊ စိတ်ဝင်စားမှုပိုလေပဲ၊
အဲဒီလိုဖြစ်လေ၊ ဟိုကောင်မတစ်စုက
မြှောက်ပေးလေ၊ သူက အဲဒီအချိန်ထိ
သူ့အလုပ် သူလုပ်နေတာ၊ ဘယ်မိန်းကလေး
တွေကိုမှ အရောတဝင် မနေခဲ့ဘူး၊
တည်တည်ကြည်ကြည်နဲ့ သူ့အလုပ်
သူလုပ်နေတာ၊
ကြာတော့ တစ်ဖက်သတ်ကြိုက်နေရတဲ့
ဒုက္ခက စိတ်ကို အတော်နှိပ်စက်တာ ညတိုင်း
အိပ်ရေးမဝဖြစ်ခဲ့ရတယ်၊ အဲဒီလိုနဲ့ ခရစ်စမတ်
အချိန်နီးလာတယ်၊ အလုပ်မှာ လုပ်နေတဲ့
လုပ်သားအားလုံးကို ပျော်ပွဲရွှင်ပွဲလုပ်ပေး
မယ်ဆိုလို့ အားလုံးဝမ်းသာနေကြတယ်။
ကိုယ်လည်း ဒီရက်မှာ အစွန်ထုတ်နိုင်ရမယ်လို့
အားခဲ့ထားတာပေါ့၊ အဲဒီရက်က ပျော်စရာလို
သတ်မှတ်ထားတာ အစ်မအတွက် အဲဒီနေ့က
စီရင်ချက်ချတဲ့နေ့ပဲ၊ အစ်မရဲ့အပျော်လေးတွေ
ပျောက်ဆုံးပြီး ကြီးမားတဲ့အရှက်ကို ရခဲ့တယ်"
"ဘယ်လိုအရှက်ရတာလဲ အစ်မ"
"အစ်မ စိတ်ဝင်စားတဲ့လူက သူ့မိသားစုနဲ့
ကားကြီးနဲ့ စက်ရုံကို ရောက်လာတယ်၊
သူ့မှာ မိန်းမနဲ့ ကလေးနဲ့ဆိုတာ အစ်မ
တွေ့လိုက်ရတယ်၊ အဲဒီလို တွေ့လိုက်တော့
အစ်မရှက်လိုက်တာ မပြောပါနဲ့တော့၊
ကိုယ်အရမ်းစိတ်ဝင်စားခဲ့တဲ့ လူအကြောင်း
ဘာမှမသိပါလားဆိုတဲ့ စိတ်နဲ့ အလုပ်ကနေ
အဆောင်ကို ပြန်ခဲ့တယ်
ညနေကျတော့ ပျော်ပွဲရွှင်ပွဲပြီးလို့ လှလှစိန်တို့
အေးမင်းဝင်းတို့ ရောက်လာကြတယ်။ အဲဒီမှာ
သူတို့ပြောတဲ့စကားကြောင့်လည်း ပိုပြီးရှက်
ရတယ် အဲဒီညမှာပဲ အလုပ်က ထွက်ဖို့
ဆုံးဖြတ်လိုက်တယ် သူငယ်ချင်းနှစ်ယောက်
ကိုလည်း စိတ်နာခဲ့တယ်"
"သူတို့က ဘာပြောကြလို့လဲ"
အပိုင်း(၄)ဆက်ရန်...
မူရင်းရေးသူ =ဧကန်မင်း

Comments
Post a Comment