တတိယမျက်လုံး အပိုင်း(၅)
လို့ ကျုပ်ကို ခပ်တိုးတိုး သတိပေးနေတယ်
ကျုပ်ကလည်း မရုန်းပါဘူး။ နာမှ မနာတာကွယ်။
ခဏနေတော့ 'ဂျွတ်'ဆိုတဲ့အသံကို ကျုပ်
ကြားလိုက်ရတယ်။ မဆိုသလောက်ကလေး
နာသွားတယ်။ ကျုပ်စိတ်ထင်တော့ ကျုပ်အရိုး
ပေါက်ထွက်သွားပြီးလို့ ထင်တာပဲကွယ့်။
ဒီမှာတင် ကျုပ်ဆရာတော် အရှင်သြဘာသ
ကိုယ်တိုင် ငွေရောင်အချောင်းကလေး
တစ်ခုကို ကျုပ်မျက်လုံးနှစ်လုံးကြားထဲ
ဖောက်ထားတဲ့ အပေါက်ကနေ ဖြည်းဖြည်း
လေး ထိုးသွင်းတယ်။
ဆရာတော်ကြီးကတော့ မန္တန်ကို မနားတမ်း
ရွတ်နေတာပဲကွယ့်။ ကျုပ်ဆရာတော်ကတော့
ငွေရောင်အချောင်းကလေးကို ကျုပ်မျက်လုံး
ကြားကို ထိုးသွင်းနေတုန်းပဲ။ ခဏနေတော့
ကျုပ်မျက်လုံးထဲမှာ မီးတောက်သလို ဝင်းကနဲ
တောက်သွားတယ်။အံ့သြစရာကောင်းတာ
ကတော့ သွေးတစ်စက်မှ မထွက်တာပဲကွ။
'ရပ်တော့'
ဆရာတော်ကြီးရဲ့ အမိန့်ပေးသံဟေ့။
ဆရာတော်ကြီးရဲ့ မန္တန်ရွတ်သံလည်း
တိကနဲ ရပ်သွားပြီ။ ကျုပ်မျက်လုံးတွေထဲမှာ
ရောင်စုံအလင်းစက်ဝိုင်းကြီးပဲ ပေါ်နေတယ်။
ကျုပ်အနားကို ကပ်ပြီး လာကြည့်တဲ့
ဆရာတော်သုံးပါးရဲ့ဘေးမှာ ရွှေရောင်တွေ
ဖြာထွက်နေတာကို ကျုပ်မြင်နေရတယ်ဗျ။
သြော် လူတွေရဲ့ ကိုယ်ခန္ဓာမှာ အလင်းရောင်တွေ
ဖြာနေတာကိုးလို့ ကျုပ် စပြီး သိလိုက်တယ်။
'အားလုံးနေရာကျပြီ၊ လုပ်စရာရှိတာ
ဆက်လုပ်ကြပေတော့ '
ဗားမော့ဆရာတော်ကြီးက တောင်ဝှေးကြီး
တဒေါက်ဒေါက် ထောက်ပြီး ထွက်သွားတယ်။
ဆရာတော်ကြီး ပြန်ကြွသွားတော့မှ ကျုပ်ရဲ့
ဆရာတော် ရှင်သြဘာသက ပြောတယ်ကွ၊
'တိလောက မင်းရဲ့မျက်လုံးကြားကို ထိုးသွင်း
ထားတာ သစ်သားလေးတစ်ခုပဲ၊ အဲဒါကို
မနှုတ်ဘဲ သုံးပတ်တိတိ ထားရမယ်။
ဒီအခန်းကို မှောင်ချထားမယ်။ ဘေးကနေ
လိုက်ကာတွေအပြည့် ကာထားတယ်။
မင်းရဲ့ မျက်လုံးတွေကို အနက်ရောင်
ပိတ်စနဲ့ ပတ်စီးထားမယ်။ ဒီအခန်းထဲမှာ
မင်းနေလို့ စားလို့ဖြစ်အောင် အားလုံး
စီစဉ်ပေးထားမယ်။ မင်းကို ဘုန်းကြီးတွေ
အလှည့်ကျ လာစောင့်လိမ့်မယ်။
မင်းလုပ်ချင်တာတွေ သူတို့ကိုပြော၊
ကြားလား တိလောက'
ဆရာတော်တွေက ကျုပ်ကို ထားခဲ့လိုက်ပြီး
အခန်းပြင် ထွက်သွားကြတယ်။ ခဏနေတော့
ဘုန်းကြီးတစ်ပါး ရောက်လာပြီး ကျုပ်ကို
အဖော်လုပ်နေပေးတယ်။ ကျုပ်လိုတာ
လုပ်ပေးတယ်။ ကျုပ်ကတော့ အချိန်ရတိုင်း
သမထပဲ လုပ်နေလိုက်တယ်။အချိန်ကုန်လို့
ကုန်မှန်းတောင် မသိတော့ဘူးပေါ့ကွာ။
သုံးပတ်ပြည့်လို့ ထည့်ထားတဲ့ သစ်သားစလေး
ထုတ်လိုက်ပြီး အမှောင်ခန်းထဲကနေ ကျုပ်ကို
ထုတ်လိုက်တဲ့နေ့မှာ ကျုပ်မြင်သမျှ ဘုန်းကြီးတွေ
လူတွေရဲ့ဘေးမှာ အရောင်တွေ ဖြာထွက်နေ
တာကို ကျုပ်တွေ့ရတော့တာပဲကွယ့်
လူပုံစံအတိုင်း အရောင်ထွက်နေတာကွ။
အတွင်းဆုံးကိုယ်ရောင်ရဲ့ အပြင်မှာ
အထပ်ထပ်ကာထားတဲ့ အရောင်တွေကိုပါ
ကျုပ်မြင်လာရတယ်။ ကျုပ်ဆရာတော်
ရှင်သြဘာသက ပြောတယ်။
'တိလောက မင်း ငါတို့နဲ့ တစ်အုပ်စုတည်း
ဖြစ်သွားပြီ သိလား။ လေ့ကျင့်မှုကိုတော့
ဘယ်တော့မှ လျှော့မချလိုက်နဲ့ကွ '
ဟုတ်တယ် မောင်တာတေရဲ့၊ ကျုပ်က
လူတွေရဲ့ အရောင်တွေကို ကြည့်ပြီး
ထပ်တလဲလဲ လေ့လာလိုက်တဲ့အခါကျတော့
လူတွေ ဘယ်လောက်ပဲ ဟန်ဆောင် ဟန်ဆောင်
သူတို့ရဲ့ ပကတိစိတ်ကို ကျုပ်က သိနေရတယ်။
အဲဒီကိုယ်ရောင်ကိုကြည့်ပြီး သူတို့ရဲ့
အနာဂတ်ကို သိနိုင်အောင် ကျုပ်ရဲ့
ဆရာတော် အရှင်သြဘာသက နည်း
စနစ်တွေ သင်ပေးတယ်ကွ၊ ဒါပေမဲ့
မောင်တာတေရေ ကျုပ်သင်သမျှ ပညာတွေကို
စာအုပ်စာတမ်းနဲ့ ရေးခွင့် မှတ်ခွင့် မရှိဘူးကွယ့်။
အားလုံးကို ခေါင်းထဲမှာ မှတ်မိအောင်
အဖန်တလဲလဲ ပွားများမှတ်သားရတယ်
ဂါထာတွေ မန္တန်တွေကအစ စိတ်နဲ့ပဲ
မှတ်ရတာကွ။လူတွေဟာ ကုသိုလ်ကံအကျိုးပေးတဲ့
အချိန်မျိုး၊ ကံကောင်းတဲ့ အချိန်မျိုးဆိုရင်
သူတို့ရဲ့ ကိုယ်ရောင်တွေက တောက်ပနေတာကွ။
အကုသိုလ်ကံ ဖိစီးချိန် ကံဆိုးမိုးမှောင်တွေ
ကျတော့မယ်ဆိုရင်တော့ လူတွေရဲ့
ကိုယ်ရောင်တွေက မှိန်ကိုနေတော့တာကွ။
အေး ကိုယ်ရောင်အနက် ထွက်ပြီဆိုရင်တော့
သေတော့မယ်ဆိုတဲ့ နိမိတ်ပေါ့ကွယ်။
ဒီမှာတင် ကျုပ်တို့က ဘယ်တော့ သေမှာတုံး၊
ဘယ်လိုသေမှာတုံး ဆိုတာကို သိအောင်
ကြည့်နိုင်တယ်။ ဒါပေမဲ့ သေမယ့်လူကိုတော့
ဒီအကြောင်းတွေ ပြောပြခွင့် မရှိဘူးကွယ့်။
ကျန်းမာရေးညံ့မယ်၊ သတိထားပါ ဆိုတာလောက်ပဲ
ပြောလို့ရတယ်ကွယ့်။ နောက်တော့ ကိုယ်ရောင်တွေကို
ကြည့်ပြီး လူတွေမှာ ဘာရောဂါတွေ ဖြစ်နေတယ်
ဆိုတာ သိလာခဲ့တယ်။ မင်းတို့ အနောက်တိုင်း
သိပ္ပံဆရာတွေ ကုလို့မရတဲ့ ကင်ဆာတို့၊
ဘာတို့ ဆိုတာတွေဟာ တကယ်တော့
မဖြစ်ခင်မှာ ကြိုပြီးမသိလို့ကွယ့်။
သူတို့က ရောဂါလက္ခဏာပြတော့မှ
စမ်းသပ်လို့ရကြတာ။ ကျုပ်တို့က
ကိုယ်ရောင်တွေကိုကြည့်ပြီး
ဘယ်လိုရောဂါမျိုး ဖြစ်တော့မယ်ဆိုတာ
ကြိုသိနေတော့ ဆေးတွေ ကြိုတိုက်နိုင်တာပေါ့။
စိုးရိမ်စရာရောဂါတွေက ဖြစ်ကို မလာတော့
ဘူးကွယ့် မောင်တာတေရဲ့၊ ပြီးတော့
ကျုပ်တို့က ရောဂါဖြစ်ရတဲ့ အကြောင်းရင်းကို
အတိအကျသိနိုင်တော့ အဲဒီအရင်းခံ
ကိစ္စကို ကုသပေးကြတာ။ ဒီတော့
ရောဂါသည်တွေမှာ အမြစ်ပြတ်
ပျောက်ကင်းကြတာပေါ့ကွယ် "
"အဘိုး ဒီပညာတွေတတ်တော့ ဘာဆက်လုပ်ရတုံးဗျ"
အပိုင်း(၆)ဆက်ရန်..
မူရင်းရေးသူ =တာတေ

Comments
Post a Comment