ဓားစကြာ အပိုင်း(၇)
ဒီကိစ္စကိုလူတွေက စိတ်ဝင်စားကြပြန်ရောဗျို့။ ဟိုနားစုစု၊ ဒီနားစုစုနဲ့ ဒီအကြောင်းကိုပဲ သတင်းစာတကိုင်ကိုင်နဲ့ ပြောနေကြတော့တာဗျ။ ကျုပ်လည်းဆေးပညာနောက်ဆုံးအပိုင်းကိုရောက်နေပြီဗျ။ မကြာခင်မှာဆရာဝန်တစ်ယောက်ဖြစ်တော့မှာလေဗျာ။ ကျုပ်လည်းပါပါကျေးဇူးကိုဆပ်တဲ့အနေနဲ့ အစွမ်းကုန်ကြိုးစားလိုက်တာ နောက်ဆုံးစာမေးပွဲကို ထူးထူးချွန်ချွန်နဲ့အောင်ရောဗျာ။ ပါပါကကျုပ်ဆေးကျောင်း အောင်သွားတာကို တော်တော်ဝမ်းသာတာဗျ။
ဒီအချိန်မှာပဲကျုပ်တို့တိုင်းပြည်မှာစစ်ကြီးဖြစ်တော့တာပေါ့ဗျာ။ အဂ်လိပ်တွေဆုတ်သွားပြီး ဂျပန်တွေနဲ့ ဗမာ့တပ်မတော် ရန်ကုန်ကိုသိမ်းရောဗျ။ ကျုပ်တို့သားအဖလည်း အခြေအနေကြည့်နေရတော့တာပေါ့ဗျာ။
ဂျပန်ဆိုတာက စိတ်မထင်ရင်ကားကို လှမ်းတားပြီးတော့ပါးရိုက်ချင် ရိုက်တာဗျ။ ပါပါလည်းအရင်ကလောက်အပြင်မထွက်တော့ဘူးဗျ။ ကျုပ်ကတော့ ဟိုနား ဒီနားဆေးလိုက်ကုနေတာဗျ။ တစ်ညတော့ပါပါတစ်ယောက် အိမ်ပေါ်ထပ်မှာရွတ်ဖတ်နေပြန်ရောဗျို့။ ကျုပ်လည်းတစ်နေ့လုံးဆေးလျှောက်ကုနေရတာဆိုတော့ ပင်ပန်းပြီးအိပ်မလို့ လုပ်နေတုန်းအပေါ်ထပ်က အသံတွေကြားလို့ လှေကားကတက်ပြီးကြည့်ပြန်တော့တာပေါ့ဗျာ။
ပါပါဓားစကြာလွှတ်ပြန်ပြီဗျို့။
ကျုပ်အံ့သြသွားတယ်ဗျ။ အဂ်လိပ်တွေမှမရှိတော့ဘဲ ပါပါဘယ်သူ့ကိုသတ်မလို့ပါလိမ့်လို့ တွေးမိတာပေါ့ဗျာ။ နောက်တစ်နေ့ရောက်တော့ ကျုပ်ဆေးကုသွားတဲ့နေရာမှာတိုးတိုး တိုးတိုးနဲ့ပြောနေကြတာဗျ။ ဂျပန်ကင်ပေတိုင်ရုံးကဂျပန်ဗိုလ်တစ်ယောက်လည်ပင်းကို သင်ဒုံးဓားနဲ့အလှီးခံရတဲ့အကြောင်း ၊ အဂ်လိပ်အရာရှိဆိုးတွေကိုသတ်သလိုပဲ ဂျပန်တွေကို စပြီးသတ်တဲ့အကြောင်း ၊ ဒီလူသတ်သမားဟာ ကိုယ်ပျောက်နေတာဖြစ်မယ်လို့ထင်တဲ့အကြောင်း၊ ဂျပန်စစ်ဗိုလ်ကစစ်ရုံးထဲကထွက်အလာမှာ လည်ပင်းကိုဖြတ်လှီးသွားတာဆိုတာဆိုတော့ ဂျပန်စစ်သားတွေလည်းဘာမှ မတတ်နိုင်ကြတဲ့အကြောင်း၊ သူတို့လည်းဘာမှမမြင်လိုက်ရတဲ့အကြောင်းတွေ ၊ အခုဆိုရင် ဂျပန်စစ်ဗိုလ်ရဲ့ ကိုယ်ရံတော်တပ်တွေကို ရက်ရက်စက်စက်နှိပ်စက်ပြီး စစ်ဆေးနေတဲ့အကြောင်းတွေပေါ့ဗျာ။
ဂျပန်တွေကလည်း တစ်နေ့တခြားကြမ်းတမ်းရမ်းကားလာတော့ ဗိုလ်ချုပ်အောင်ဆန်းက မဟာမိတ်တပ်တွေရဲ့အကူအညီနဲ့ ဂျပန်တွေကို တိုက်ရပြန်တာပေါ့ဗျာ။ ဂျပန်တော်လှန်ရေးအတွင်းမှာ ပါပါရဲ့ လုပ်ရပ်တွေက အံ့သြစရာပါပဲဗျာ။ အဲဒီကာလမှာ ပါပါကအိမ်ပေါ်ကနေ အောက်ကို သိပ်မဆင်းတော့ဘူးဗျ။ အိမ်ပြင်လည်းသိပ်မထွက်တော့ဘူး။ ထမင်းလာချက်တဲ့မိန်းမကြီးကိုပဲအားလုံးလုပ်ခိုင်းတော့တာ။ အဲဒီမိန်းမကြီးရဲ့မိသားစုကိုလည်း စားဝတ်နေရေးအားလုံးကို ပါပါကတာဝန်ယူတယ်ဗျ။
ညဆိုရင် ထမင်းချက်တဲ့မိန်းမကြီးက သူ့အိမ်မှာ ပြန်အိပ်တယ်။ သူက ငါးထပ်ကြီးဘုရားနားက ဆာဖိုးသာခြံဘက်မှာနေတာဗျ။ ညဆယ်နာရီလောက်ရောက်တာနဲ့ပါပါလည်း အိမ်ပေါ်ထပ်မှာ ရွတ်ဟယ်ဖတ်ဟယ်လုပ်တော့တာပဲဗျာ။ တစ်ညတော့ကျုပ်တက်ကြည့်တယ်။ မြင်ရတဲ့မြင်ကွင်းက ကျုပ်တစ်သက်ဘယ်တော့မှ မမေ့တဲ့မြင်ကွင်းပါဗျာ။ အရိုးခေါင်းခွံသုံးခုကို ဖိုခနောက်ဆိုင် လုပ်ထားတယ်ဗျ။ ပြီးတော့အပေါ်မှာရေလုံအိုးကွဲအပဲ့ကြီးကို ဒယ်အိုးလိုတင်ထားပြီးအထဲမှာ တစ်လက်မလောက်ရှိတဲ့ ဂျပန်စစ်သားရုပ်ကလေးတွေကိုထည့်ပြီးလှော်နေတာဗျ။ ရေလုံအိုးကွဲရဲ့အောက်မှာ ပျားဖယောင်းတိုင်တစ်တိုင်ကို ဇောက်ထိုးစိုက်ပြီး ထွန်းထားတာဗျ။ လက်ထဲမှာလည်း ဝါးယောက်မကြီးတစ်ချောင်း ကိုင်ထားပြီးမပြတ်မွှေပေးနေတာ။ ပါးစပ်ကလည်းမန်တန်တွေကိုတရစပ်ရွတ်နေသေးတာဗျ။
ကျုပ်စိတ်ထင်တော့လက်ထဲက ဝါးယောက်မဟာတံစူးဝါးကို လုပ်ထားတာလို့ထင်တယ်။ နောက်နေ့ဆိုရင် သတင်းတွေကြားရတော့တာပဲဗျ။ ဘယ်ဘက်မှာဂျပန်တပ်တွေဘယ်လောက်ကျကုန်ပြီ။ ဘယ်ကိုပြေးပြီဆိုတာတွေပေါ့ဗျာ။ ပါပါကလည်းညတိုင်းကိုလုပ်နေတော့တာဗျ။ ရေလုံအိုးကွဲထဲမှာ ဂျပန်စစ်သားရုပ်ကလေးတွေ အများကြီးကိုထည့်ပြီးလှော်နေတော့တာဗျ။ ကျုပ်စိတ်ထင်တော့ ဒီစစ်သားရုပ်ကလေးတွေကို သစ်သားပန်းပုဆရာတွေကို လုပ်ခိုင်းထားတာထင်တယ်ဗျ။ ဆေးတွေဘာတွေ ကျကျနနခြယ်ထားတဲ့ အရုပ်ကလေးတွေဗျ။ စစ်ပွဲသတင်းတွေကကြမ်းလာလေ ပါပါကလည်းတစ်ညမပြတ်လှော်လေပဲဗျို့။ နောက်ဆုံးတော့ ဂျပန်တွေတိုင်းပြည်ထဲကနေ အပြီးဆုတ်သွားရရောဗျို့။ ဒီမှာတင်အဂ်လိပ်တွေရန်ကုန်ကိုပြန်ရောက်လာတယ်။ ကျုပ်လည်းဆေးရုံဆရာဝန်ဖြစ်ပြီဗျ။ ရန်ကုန်ဆေးရုံကြီးမှာ ကျုပ်လက်ထောက်ဆရာဝန်ပေါ့ဗျာ။ အလုပ်ရတယ်။
ကျုပ်ကတော့ပါပါကိုတစ်လှည့်ပြန်ပြီးအလုပ်အကျွေးပြုမယ်လို့ စိတ်ကူးထားတာပေါ့ဗျာ။ ဒါပေမယ့်ကျုပ်စိတ်ကူးတွေက သိပ်ကိုနောက်ကျသွားခဲ့တာဗျ။ SoulsToo
"လူကလေး မင်းလည်းအရွယ်ရောက်ပြီ၊ ဆရာဝန်ကြီးတစ်ယောက်လည်းဖြစ်သွားပြီ၊ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီးကိုယ့်လမ်းကိုယ်လျှောက်ပေတော့၊ ပါပါကတော့ ဂန်ဓာရီခရီးတွေလှည့်ရလိမ့်ဦးမယ်"
"ဗျာ ပါပါ ကျွန်တော်နဲ့အတူတူ မနေဘူးလား"
လို့ ကျုပ်က ပါပါကို ငေးကြည့်ပြီးမေးလိုက်တယ်။
"ပါပါတို့က တစ်နေရာမှာ ကြာကြာနေလေ့မရှိဘူးကွဲ့၊ လူကလေးရဲ့၊ အခုဒီမှာတော်တော်ကြာသွားတာက လူကလေးကိုမွေးနေရလို့ ကြာသွားတာ"
"ပါပါကို ကျွန်တော်တစ်ခုလောက် မေးပါရစေ"
"ဟာ မေးပါ လူကလေးရဲ့၊ မေးပါကွဲ့"
"ပါပါက ဘာလဲဆိုတာ ကျွန်တော်သိခွင့်ရှိရင် သိပါရစေ"
"ဪ ဒါလား၊ သိရပါတယ် လူကလေး"SoulsToo
"ပါပါက ဗမာတွေစကားနဲ့ပြောရရင်တော့ ဇနပဒဂန်ဓာရီ ဝိဇ္ဇာတစ်ယောက်ပေါ့ကွယ်"
အပိုင်း(၈)ဆက်ရန်...
မူရင်းရေးသူ =တာတေ

Comments
Post a Comment