တတိယမျက်လုံး အပိုင်း(၃)
စားလို့ လို့ ဗမာဘုန်းကြီးက ပြောတော့ ကျုပ်ကလည်း
အားရပါးရ စားတော့တာပေါ့ကွယ်။ငှက်ပျောသီး
စားပြီးတာနဲ့ ဗိုက်ကို တင်းသွားတာကွယ့်။
ကျုပ် ငှက်ပျောသီး စားပြီးတာနဲ့ ဗမာဘုန်းကြီးက
ပြောတော့တာကွ "
'မောင်ထိန် မင်းကို ငါတို့ လာခေါ်တာကွ၊
မင်း ငါတို့နဲ့ လိုက်ခဲ့ရမယ်။ မင်းမှာ လုပ်စရာ
တစ်ခု ကျန်နေသေးတယ်။အဲဒါက လူတွေရဲ့
အနာဂတ်ကို ဟောပြောပြီး လမ်းတည့်ပေးဖို့နဲ့
လူတွေရဲ့အသက်ကို ဆေးကုပြီး
ကယ်ဖို့ပဲကွ။ အဲဒါ မင်းလုပ်မှ ဖြစ်မယ်
မင်းကို အဲဒီပညာတွေ သင်ပေးဖို့
ငါတို့ လာခေါ်တာကွ မောင်ထိန်ရ"
အဲဒီအချိန်မှာ ကျုပ် ဘယ်လိုဖြစ်မယ်
မသိဘူးကွယ့် မောင်တာတေရဲ့။
ရွှေရောင်ငှက်ပျောသီးကြီးကို စားလိုက်မိ
လို့လားတော့ မပြောတတ်ဘူး။
ငြင်းကို မငြင်းနိုင်တာကွယ့်။
"မှန်ပါဘုရား လိုက်ခဲ့ပါမယ်"
လို့ပဲ ပြောပြီး ချက်ချင်းထလိုက်သွားတာ။
ကျုပ်ကျောင်းနေတဲ့ နွားငါးကောင်ကိုလည်း
ဘာမှမစဉ်းစားတော့ဘဲ ဒီအတိုင်းပဲ ထားပစ်ခဲ့တယ်။
"အဘိုးကို ဘယ်နေရာ ခေါ်သွားကြတာတုံးဗျ"
ကျုပ်ဆိုတဲ့ကောင်ကလည်း လွှတ်စပ်စုတဲ့
ကောင်လေဗျာ။
"ကျုပ်ပြောရင် မောင်တာတေ ယုံမှာ မဟုတ်ဘူးကွယ့်"
"ကျုပ် ယုံပါတယ် အဘိုးရဲ့ "
"အေး ဒါဆိုရင်လည်း ပြောရတော့မပေါ့ကွယ်၊
ကျုပ်ကို ဗမာဘုန်းကြီးက လက်ဆွဲပြီး ခေါ်သွားတာ၊
တရုတ်လိုလို ဘုန်းကြီးကတော့ ကျုပ်တို့ရှေ့
ခပ်လှမ်းလှမ်းက ကြွသွားတယ်။ ကျုပ်တို့
မွန်းတည့်သာသာလောက်က စပြီး တောင်ပေါ်ကို
တက်ခဲ့တာ ညမိုးချုပ်ပြီး လကြီးထွက်လာတော့
ဘယ်နေရာရောက်မှန်းလည်း မသိဘူးကွယ့်။
တောင်စွန်းကြီးတစ်ခုပေါ်ကို ရောက်လာတယ်။
တစ်နေ့ကုန် လမ်းလျှောက်ရပေမယ့် ကျုပ်မှာ
နည်းနည်းလေးတောင် မမောဘူးကွယ့်။
ကျုပ်စိတ်ထင်တော့ ရွှေငှက်ပျောသီးကြီး
အစွမ်းလို့ ထင်တာပေါ့ကွယ်။ဘူးသီးခြောက်
ကလေးကို ရေဘူးလုပ်ပြီး ထည့်လာတဲ့
ရေကို နည်းနည်းသောက်ခိုင်းတယ်။
အေးစိမ့်ပြီး တစ်ကိုယ်လုံးကို လန်းသွားတာပါပဲကွယ်"
'ကဲ မောင်ထိန် လမ်းဆက်လျှောက်လို့
မရတော့ဘူးကွယ့်၊ ငါ့သင်္ကန်းစကို မင်းက
ဟောဒီလို ကိုင်ထား ကြားလား၊ ပြီးရင်
မျက်စိမှိတ်ထား၊ စိတ်ထဲကနေ ဗုဒ္ဓရဲ့
ဂုဏ်တော်ကို ရွတ်နေ၊ မင်း ဂုဏ်တော်
အလွတ်ရတယ်မို့လား'
'မှန်ပါဘုရား ရပါတယ် '
ကျုပ်က သင်္ကန်းစကို ကိုင်ပြီး မျက်စိမှိတ်ထားလိုက်တယ်
စိတ်ထဲကနေ ဂုဏ်တော်တွေ ရွတ်နေလိုက်တာ
ပေါ့ကွာ။ကျုပ်စိတ်ထင် နှစ်မိနစ် သုံးမိနစ်ဆိုတာ
အများဆုံးပါပဲ။
'မောင်ထိန် မျက်စိဖွင့်လိုက်တော့၊သင်္ကန်းကို
လွှတ်လိုက်တော့ ရပြီ'
'ဟာ'
"မင်းအံ့သြသွားသလားကွ၊ ဒါ ဒီပါရုံလို့ခေါ်တဲ့
နေရာကွယ့်၊ အတွင်းဒီပါရုံလေ။
အခု မင်းမြင်နေရတာက ဘင်္ဂလားပင်လယ်ကြီးလေ
မောင်ထိန်ရဲ့"
"ကျုပ်နဲ့ ဗမာဘုန်းကြီး ရပ်နေတာ ကျောက်
တန်းကြီး တစ်ခုပေါ်မှာဗျ။ ကျုပ်တို့အညာသား
တစ်ယောက်က မြစ်တောင် ကျယ်ကျယ်မြင်
ဖူးတာမှ မဟုတ်တာ။ ပင်လယ်ကြီးကို
ဘွားကနဲ တွေ့လိုက်ရတော့ လန့်သွားပြီး
ကြက်သီးတွေတောင် တဖြန်းဖြန်း ထသွားတာကွ
မောင်တာတေရ"
'အရှင်ဘုး ဟိုတရုတ်လိုလို ဘုန်းတော်ကြီးရော
ဘုရား၊ တောထဲမှာများ ကျန်ခဲ့သလား'
လို့ ကျုပ်က လျှောက်လိုက်တော့ …
"ဟား ဟား တောထဲမှာ မကျန်ပါဘူး
မောင်တာတေရဲ့၊ ကျောင်းထဲဝင်သွားတယ်ကွ၊
သူက တရုတ်ဘုန်းကြီး မဟုတ်ဘူးကွ၊
တိဘက်ဘုန်းကြီး လာမာလို့ ခေါ်တယ်ကွ၊
မင်းကိစ္စနဲ့ သူလည်း ဒီကိုရောက်လာတာ၊
လာမာမင်ဂျာလို့ခေါ်တယ် '
'ဟာ တပည့်တော်ကိစ္စနဲ့ ရောက်လာတာ
ဟုတ်လား ဘုရား '
'ဟုတ်တယ် မောင်ထိန်၊ မင်းတို့လို သာမန်လူတွေ
အတွက်တော့ လူ့လောကကြီးက အကျယ်ကြီး
ပေါ့ကွာ၊ ငါတို့တွေအဖို့ကတော့ လောကကြီးက
ကျဉ်းကျဉ်းလေးပါကွာ၊ တစ်နေရာနဲ့ တစ်နေရာ
အချိန်မရွေး သွားလို့ရကြတာပဲ။ တွေ့ချင်တဲ့
သူကိုလည်း ချက်ချင်းသွားတွေ့ပြီး ချက်ချင်း
ပြန်လာလို့ ရတာပဲကွ'
'တပည့်တော်ကိစ္စဆိုတာ ဘာကိစ္စကို
ပြောတာတုံးဘုရား'
'မောင်ထိန် မင်းကို ငါတို့ တတိယမျက်လုံး
ဖွင့်ပေးဖို့ အချိန်ကျပြီကွ၊ ပြီးတော့ ဝိညာဉ်
ခန္ဓာကိုယ်နဲ့ သွားတတ် လာတတ်အောင်
သင်ပေးရမယ်၊ လွယ်လွယ်ပြောရရင်တော့
ကိုယ်ပွားနဲ့ သွားတာပေါ့ကွာ၊ ပြီးတော့
လူတွေရဲ့ အနာဂတ်ကို သိနိုင်တဲ့ပညာ။
လူတွေကို ဆေးကုပေးဖို့ ဆေးပညာတွေပေါ့ကွာ'
'တပည့်တော်က အညာသား၊ တောသားလေးပါ
ဘုရား၊ အရှင်ဘုရား အမိန့်ရှိတဲ့ ပညာတွေကို
တပည့်တော်ဥာဏ်နဲ့ မီပါ့မလားဘုရား'
'အင်း မောင်ထိန်၊ ဒီဘဝတော့ဖြင့် မင်းက
ကျေးတောသားလေးပေါ့ကွယ်၊ ဒါပေမဲ့
မင်းလာခဲ့တဲ့လမ်းကြောင်းကတော့
သိပ်ပြီးတော့ နုံနုံချာချာ မဟုတ်ခဲ့ပါဘူးကွာ။
ဒီအတွက် မင်းမပူနဲ့၊ မင်း လွယ်လွယ်ကူကူ
သင်ယူနိုင်မှာပါ၊ ကဲ လာ၊ ကျောင်းတော်ကြီး
ထဲကို သွားကြရအောင် "
အဲဒီနေ့ကစပြီး ပင်လယ်လှိုင်းသံတွေ
ခပ်သဲ့သဲ့ ကြားနေရတဲ့ အတွင်းဒီပါရုံဆိုတဲ့
အရပ်မှာ ကျုပ် စနေရတော့တာပါပဲကွယ်
ပထမတော့ ကျုပ်ကို ကိုရင်ဝတ်ပေးတယ်။
အသက်ပြည့်တော့ ကျုပ်ပဉ္စင်းတက်ရတယ်။
ကျုပ်အသက် နှစ်ဆယ်အထိ ရဟန်းဝတ်နဲ့
နေခဲ့တာပါ၊ လူဝတ်နဲ့နေတာ နှစ်သုံးဆယ်
လောက်ပဲ ရှိသေးတယ် "
"အဘိုး တတိယမျက်လုံး ပြောပါဦး အဘိုးရဲ့"
အပိုင်း(၄)ဆက်ရန်...
မူရင်းရေးသူ = တာတေ

Comments
Post a Comment